ဒေသတွင်း ပြဿနာဖြစ်လာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်ပြဿနာနဲ့ မြန်မာ့အရေး
မြန်မာ့နွေဦးခရိုနီကယ် - ဒီဇင်ဘာ ၂၈ မြင်ကွင်း
မိုးမခ - ဒီဇင်ဘာ ၂၉၊ ၂၀၂၂
ဒေသတွင်း ပြဿနာဖြစ်လာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်ပြဿနာနဲ့ မြန်မာ့အရေး
၂၀၁၇ ခုနှစ်က စတင်ဖြစ်ပွားခဲ့တဲ့ ရိုဟင်ဂျာ အရေးရဲ့ နောက်ဆက်တွဲပြဿနာ ဖြစ်တဲ့ နိုင်ငံဖြတ်ကျော် ဒုက္ခသည်ပြဿနာက ဒေသတွင်း ပြဿနာဖြစ်လာနေတာပါ။ အမှန်တော့ ရိုဟင်ဂျာလူမျိုးစုတွေရဲ့ နိုင်ငံသားအခွင့်အရေး ပြဿနာက ၂၀၁၇ ခုနှစ်မှစတင်တာတော့မဟုတ်ပါဘူး။ ၂၀၀၈၊ ၂၀၀၉ ခုနှစ်တွေ တည်းက လှေတွေနဲ့ ဘင်္ဂလားပင်လယ်အော်၊ ထိုင်းနိုင်ငံ ပင်လယ်ရေပြင်က နေဖြတ်ပြီး မလေးရှားနိုင်ငံကို ဦးတည် သွားရောက်ခဲ့ကြတာ ဖြစ်ပါတယ်။ သို့ပေမယ့် ၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ် လူမျိုးရေး ပဋိပက္ခ၊ ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်တွေမှာ ARSA တိုက်ခိုက်မှု နဲ့ စစ်တပ်ရဲ့ ချေမှုန်းမှု အရပ်သားတွေပါ သတ်ဖြတ်ခံရမှုတွေက ဒုက္ခသည်စခန်းတွေဆီ အရပ်သားတွေကို ဆန္ဒမပါဘဲ ရွှေ့ပြောင်းစေပြီး ပင်လယ်ကျော်ဖြတ် ရွှေ့ပြောင်းဒုက္ခသည် ပြဿနာက ပိုကြီးထွားလာစေတာ ဖြစ်ပါတယ်။ ရာထောင်ချီတဲ့ ဒုက္ခသည်တွေ အသက်နဲ့ရင်းပြီး ပင်လယ်ကျော်ဖြတ်ကာ မလေးရှားနိုင်ငံ အင်ဒိုနီးရှားနိုင်ငံတို့ကို ဦးတည်ကာ သွားနေကြရင်း ရာနဲ့ချီတဲ့သူတွေ အသက်ဆုံးရှုံးနေကြတာ ဖြစ်ပါတယ်။
၂၀၁၇ ရိုဟင်ဂျာ လူမျိုးတုန်း သတ်ဖြတ်မှုက နိုင်ငံတကာထိ နာမည်ဆိုးနဲ့ ကျော်ကြားပြီး နိုင်ငံတကာ ခုံရုံးမှာ စစ်ရာဇဝတ်မှု လူမျိုးတုံးသတ်ဖြတ်မှုနဲ့ အမှုစွဲဆိုခံရတဲ့အထိ ဖြစ်လာခဲ့တာ အားလုံးသိရှိပြီး ဖြစ်ရပ်ဖြစ်ပါတယ်။ ၂၀၁၇ လူမျိုးတုန်းသတ်ဖြတ်မှုကြောင့်ရော ဒုက္ခသည်စခန်းတွေရဲ့ အခြေအနေ အနာဂတ် မျှော်လင့်ချက်မရှိခြင်း လူသားတဦးအနေနဲ့ ရှင်သန်နေထိုင်ဖို့ အခွင့်အလမ်းမရှိခြင်းတွေက အသက်ဘေးနဲ့ ရင်းပြီး ပင်လယ်ကိုဖြတ်ကျော် သွားရောက်ဖို့ စေ့ဆော်စေတာ ဖြစ်ပါတယ်။
ဒီပြဿနာက မြန်မာနိုင်ငံရဲ့ ပြဿနာ၊ ဒုက္ခသည် တသန်းနီးပါး လက်ခံထားရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ပြဿနာတင်မဟုတ်ပဲ ဒေသတွင်းနိုင်ငံတွေကိုပါ ဒုက္ခသည်ရောက်ရှိလာစေပြီး ဒေသတွင်း ဒုက္ခသည်ပြဿနာ ဖြစ်လာနေပြီ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာလည်း လက်ရှိနိုင်ငံရေး ပြဿနာကနေ စစ်ရေး ပဋိပက္ခ၊ တနည်းအားဖြင့် ပြည်တွင်းစစ်ဖြစ်ပွားနေတာဖြစ်လို့ ရိုဟင်ဂျာအရေး ဖြေရှင်းနိုင်ဖို့က အလှမ်းဝေးတဲ့ အနေအထားဖြစ်လာပါတယ်။ ရခိုင်ပြည်နယ်မှာ ယခင်လကုန်အထိ ပြင်းထန်တဲ့ လက်နက်ကိုင် တိုက်ပွဲတွေ ၄ လကြာဖြစ်ပွားခဲ့ပြီး ရိုဟင်ဂျာ ဒုက္ခသည်ပြဿနာကို ဖြေရှင်းရေးက ဒုတိယပြဿနာသဖွယ်ဖြစ်လာခဲ့ပြီး ပထမပြဿနာက AA နဲ့ စစ်ကောင်စီအကြားပြဿနာ ဖြစ်နေတာပါ။ ပြည်တွင်းမှာတော့ ဒုက္ခသည်ပြဿနာက အခုအချိန်မှာ ပြည်တွင်းစစ်ပွဲ ပြဿနာရဲ့ နောက်ကို ရောက်နေခဲ့တာဖြစ်ပေမယ့် ဒေသတွင်း နိုင်ငံတွေ အဖို့ နိုင်ငံတကာအဖို့တော့ အရေးယူသင့်တဲ့ ပြဿနာအဖြစ် ရှုမြင်ကြတာ ဖြစ်ပါတယ်။
ရိုဟင်ဂျာ ဒုက္ခသည်တွေက အခုလို အသက်နဲ့ရင်းပြီး ပြည်ပနိုင်ငံတွေကို ရောက်ရှိအောင် သွားနေကြချိန်မှာ ပြည်တွင်းက ရွှေ့ပြောင်းလုပ်သား တလကို ၄ သောင်းလောက် ထွက်ခွာနေတယ်လို့ နိုင်ငံတကာ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ပတ်သက်တဲ့ အဖွဲ့အစည်း IOM က ယနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒီ အစီရင်ခံစာအရဆို တနှစ်ကို ၅ သိန်းနီးပါး ပြည်ပထွက်ခွာနေကြပြီး အိမ်နီးချင်းနိုင်ငံ ဖြစ်တဲ့ ထိုင်း၊ လာအို၊ အာရှဒေသက ကိုးရီးယား၊ ဂျပန်၊ အာဆီယံနိုင်ငံတချို့နဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေကို အများဆုံးသွားရောက်နေကြတဲ့ သဘောလည်း ဖြစ်ပါတယ်။
ပြည်တွင်းက စစ်မီးတွေရဲ့ သက်ရောက်မှုကို ရှောင်ရှားရင်း ပြည်တွင်းမှာ ရတဲ့ ဝင်ငွေထက် သာတဲ့နိုင်ငံ ဘယ်နိုင်ငံကိုမဆို ထွက်ခွာလိုကြတာ ဖြစ်ပါတယ်။ ဒီလိုဖြစ်ရပ်တွေဟာ မြန်မာနိုင်ငံရဲ့ သမိုင်းမှာ အရင်က ဖြစ်ဖူးတဲ့ သာဓက မရှိဖူးသေးတဲ့ အဖြစ်အပျက်တွေဖြစ်ပြီး မြန်မာ့အရေးရဲ့ ထွက်ပေါက် မျှော်လင့်ချက် ရောင်ခြည်က အခုအချိန်ထိတော့ မမြင်ရသေးတဲ့ သဘောလို့ ကောက်ချက်ချရပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar