Breaking News

မြန်မာနိုင်ငံမှာ နေထိုင်သူတွေရဲ့ စစ်အာဏာသိမ်းပြီးနောက် စိတ်ပိုင်းဆိုင်ရာ အခြေအနေ


မြန်မာနွေဦး ခရိုနီကယ် - ဒီဇင်ဘာ ၂၁ မြင်ကွင်း

(မိုးမခ) ဒီဇင်ဘာ ၂၂၊ ၂၀၂၂


မြန်မာနိုင်ငံမှာ နေထိုင်သူတွေရဲ့  စစ်အာဏာသိမ်းပြီးနောက် စိတ်ပိုင်းဆိုင်ရာ အခြေအနေ 

စစ်အာဏာသိမ်းပြီးနောက် သီတင်းပတ် အနည်းငယ်အတွင်း အကြမ်းဖက်မှုတွေ စတင်ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။ ဆန္ဒပြမှုတွေကို မျက်ရည်ယိုဗုံး၊ အသံဗုံး၊ နံပါတ်တုတ်တွေနဲ့ ရိုက်၊ ကြမ်းတမ်းစွာ ဖမ်းဆီး ဆွဲတင်တဲ့ဆီကစတင်ပြီး ရက်အနည်းငယ်အတွင်းမှာပဲ ကျည်အစစ်တွေနဲ့ ပစ်ခတ်တာတွေ ရှိလာပြီး နေပြည်တော်၊ မန္တလေး၊ ရန်ကုန်တို့မှာ အသက်ဆုံးရှုံးတဲ့ဖြစ်ရပ်တွေ ဆက်တိုက်ဆိုသလို ဖြစ်လာခဲ့ရာက ဆန္ဒပြတဲ့ လူငယ်တွေအနေနဲ့ ဓာတ်ဆီပုလင်းနဲ့ ပစ်တာ၊ လေးခွ ၊ ဂက်စ်သေနတ်  ပြန်လည်တုံ့ပြန်ဖို့ ဖြစ်လာခဲ့ပြီး စစ်ကောင်စီဘက်က သေနတ်ကျည်အစစ်ကို ဆက်တိုက် သုံးစွဲပြီး နှိမ်နှင်းခဲ့သလို အကြမ်းဖက်နှိမ်နှင်းမှုတွေ တနိုင်ငံလုံးအတိုင်းအတာနဲ့ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ကို လက်နက်ကိုင် ပြန်လည် တိုက်ခိုက်ဖို့ကို စေ့ဆော်တွန်းအားပေးခဲ့တာ ဖြစ်ပါတယ်။ 

ဒီအဖြစ်အပျက်တွေက အားလုံးကြုံခဲ့ကြတာ  ၂ နှစ်တောင် မပြည့်သေးတာမို့လို့ ထွေထွေထူးထူး ရေးပြစရာ မလိုလောက်ပါဘူး။ ဆိုလိုချင်တာက မြန်မာနိုင်ငံက လူထုအနေနဲ့ အထက်က အကြမ်းဖက် တိုက်ခိုက်မှုတွေ၊ ဖမ်းဆီးမှုတွေ၊ သတ်ဖြတ်မှုတွေကို ကိုယ်တိုင် မျက်စိနဲ့ မြင်တွေ့ခဲ့ရတာမျိုး၊ မိသားစုဝင်တွေထဲက ကြုံတွေ့ကြရတာမျိုး၊ သတင်းတွေထဲမှာ ဖတ်ရှုနားဆင်နေကြရတာ မြန်မာနိုင်ငံထဲက လူအားလုံးနီးပါး ဖြစ်ပါတယ်။ 

ဒီလို အကြမ်းဖက်မှု၊ ဖမ်းဆီးမှု၊ ညှဉ်းဆဲ သတ်ဖြတ်မှုတွေကို နေ့စဥ်လိုလို ခဏ ခဏကြုံရဖန်များလာတဲ့အခါ စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေ စိတ်အခြေအနေတွေက အရင်တုန်းကလို မဟုတ်တော့တာ သတိပြုမိကြပါတယ်။ 

အကောင်းမြင်ပြီး တိုးတက်အောင် ကြိုးစားလိုစိတ်၊  တပါးသူကို အားပေး မုဒိတာပွားတဲ့ စိတ်အခြေအနေမျိုးတွေ မဖြစ်ပေါ်တော့ပဲ၊ စိတ်ပျက်အားလျော့ခြင်း၊ မထူးတဲ့အခြေအနေမှာ တည်ဆောက်ဖို့ စိတ်အင်အားမရှိခြင်းတွေနဲ့ ဘာဖြစ်ဖြစ် မထူးဘူး ရင်ဆိုင်ရမယ်၊ မရေရာမှု၊ အနာဂတ်က အဆိုးဘက်ကို ဦးတည်နေတဲ့ သဘောမျိုးသာ ခံစားကြရတာမျိုး ဖြစ်လာပါတယ်။ အရင်အခြေအနေမှာ မိမိကိုယ်တိုင်ရော မိသားစုဝင်တွေရဲ့ အသက်အန္တရာယ် ကျရောက်နိုင်ခြေဆိုတာ နှစ်နဲ့ချီကြာသည့်တိုင် တကြိမ်မျှ မတွေးမိခဲ့ကြပေမယ့် အခုလို အခြေအနေမျိုးမှာ လူတိုင်း အသက်အန္တရာယ်ကြုံရနိုင်တယ်ဆိုတာ၊ မိမိကိုယ်တိုင် သို့မဟုတ် မိမိရဲ့ မိသားစုဝင်တွေထဲကလည်း ဖမ်းခံရတာ၊ လုယက်ခံရတာ ၊ သတ်ဖြတ်ခံရတာမျိုးကြုံနိုင်ချေရှိတယ်လို့ ခံစားလာနေရတာ ဖြစ်ပါတယ်။ လူတွေရဲ့ အသက်အန္တရာယ်၊ ရုပ်ဝတ္ထပိုင်ဆိုင်မှု နှစ်မျိုးလုံး အချိန်မရွေး ဆုံးရှုံးနိုင်တယ်ဆိုတာကို နေ့စဥ် အဖြစ်အပျက်တွေက ပြဆိုနေတာ ဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ ဖမ်းဆီးမှု၊ ပစ်သတ်မှု၊ ပစ္စည်းသိမ်းဆည်းမှုတွေ ကြုံနေရတဲ့ ဒေသတွေက ပြည်သူလူထုတွေအဖို့ နေ့စဥ်အဲဒီစိတ်ဖိစီးမှု အန္တရာယ်က ရှိနေပြီး မြို့တွေမှာ နေထိုင်ကြသူတွေကတော့ အဲဒီဒေသကလူတွေလောက် အန္တရယ်မများသော်လည်း ရာဇဝတ်မှု အဖမ်းအဆီး ခံရနိုင်ခြေတွေက ဘယ်ဒေသမဆို ရှိနေတာဖြစ်ပါတယ်။ 

မိမိအိမ် မီးရှို့ခံရတာ၊ မိသားစုဝင်တွေ ရိုက်နှက်ညှဉ်းဆဲခံရတာ သတ်ဖြတ်ခံရတာ ပိုင်ဆိုင်မှုတွေ ယူဆောင် ဖျက်ဆီးခံရတာတွေဟာ ဘဝမှာ ဘယ်တော့မှ မပျောက်ပျက်နိုင်တဲ့ အိပ်မက်ဆိုးတွေ စိတ်ဒဏ်ရာတွေနဲ့ ကျန်ရစ်စေမှာ ဖြစ်ပါတယ်။ 

ဒီလို အဖြစ်အပျက်တွေကို မြင်နေရတာ ကြားနေရတာ မိမိတို့ ဆွေမျိုးသားချင်း အသိမိတ်ဆွေထဲ ခံစားကြရတာကို ကြားသိနေရတာတောင် စိတ်ဒဏ်ရာတွေ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ရှိနေကြတာဖြစ်ပါတယ်။ ဒီလိုနဲ့ အနာဂတ်ကို အကောင်းမမြင်တော့တာ မျှော်လင့်ချက်တွေ မထားရှိတော့တာ လက်စားချေခြင်း၊ လက်တုံ့ပြန်ခြင်း ဆိုတဲ့ ပြင်းထန်တဲ့ ခံစားချက် သို့မဟုတ် ကြောက်ရွံ့ထိတ်လန့်ပြီး ဒီလိုအဖြစ်အပျက်တွေနဲ့ ဝေးအောင် တိမ်းရှောင်ကြတာမျိုး တခုခုကို ရွေးချယ်ကြတာတွေလည်း တွေ့ရပါတယ်။ 

မိသားစုတွေ အားလုံးမတိမ်းရှောင်နိုင်တောင် မိသားစုဝင်တွေထဲက လူငယ်တွေ လူလတ်ပိုင်းတွေကို ပဋိပက္ခနဲ့ ဝေးရာမှာ နေထိုင် အလုပ်လုပ်ကိုင်ဖို့ ကျန်မိသားစုဝင်တွေက တိုက်တွန်းကြ လုပ်ဆောင်ကြတာမျိုး ဖြစ်ပါတယ်။ 

နေ့စဥ် မြန်မာနိုင်ငံကနေ ပြည်ပကို ရရာအလုပ်လုပ်ဖို့ ထွက်ခွာသွားနေသူတွေထဲ လက်နက်ကိုင် ပဋိပက္ခဒေသက သူတွေအများအပြားလည်း ပါရှိပါတယ်။ လက်နက်ကိုင် ပဋိပက္ခ တိုက်ပွဲတွေမှာ ပါဝင်တိုက်ခိုက်နေကြတဲ့ လူငယ်တွေ ရှိသလို ပြည်ပမှာ ရတဲ့အလုပ်လုပ်ဖို့ ရှိစုမဲ့စု နွား၊ လယ်၊ စိုက်ပျိုးသီးနှံလိုမျိုး ရောင်းချပြီး ပို့ဆောင်ကြရတာ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံထဲမှာ အနာဂတ်ကို တည်ဆောက်ဖို့ မလွယ်ကူတော့ဘူးလို့ ခံစားနေကြရတဲ့ သဘောလည်း ဖြစ်ပါတယ်။ 

နေ့စဥ်သတင်းတွေကို ဖတ်ကြည့်တဲ့အခါ ဗုံးကွဲမှု၊ ဒဏ်ရာရမှု ၊ သေဆုံးမှု၊ ဖမ်းဆီးမှု၊ သတ်ဖြတ်မှု၊ သေဒဏ်စီရင်ခြင်း၊ လုယက်မှု၊ လုယက်သတ်ဖြတ်မှုတွေ နဲ့ လက်နက်ကိုင် ဒုက္ခသည်တွေ စားဝတ်နေရေး အခက်ကြုံတဲ့သတင်း၊ နိုင်ငံကျော်ဖြတ်ပြီး အသက်စွန့်ကာ ဒုက္ခသည် အဆင့်ရရှိဖို့ ဦးတည်သွားနေကြတဲ့ ရိုဟင်ဂျာ လူမျိုးစုတွေ ဖမ်းခံရတဲ့သတင်း၊ အသက်ဆုံးရှုံးတဲ့ သတင်း၊ တိုက်ပွဲ သတင်း၊ နေအိမ်တွေ ကျေးရွာတွေ မီးရှို့ခံရတဲ့ သတင်းတွေတွေ့ရတဲ့အခါ ဘယ်သတင်းက မှ အထူးအဆန်း နဲ့ အံ့သြခြင်း မဖြစ်စေတော့ပဲ ဖြစ်နေကျ အဖြစ်အပျက်တွေ သဖွယ်ထင်မှတ်လာစေပြီ ဖြစ်ပါတယ်။ ဒီသတင်းတွေထဲ ဆယ်ဂဏန်းနဲ့ ချီတဲ့ လူသေဆုံးမှုလိုမျိုးတောင် မှ တကြိမ်တခါမျှ မဖြစ်ဖူးတဲ့ သတင်းမျိုးမဟုတ်ပဲ ဒိမတိုင်ခင် အဖြစ်အပျက်ထက် ဘယ်နှယောက်ပို အသက်ဆုံးရှုံးတယ်ဆိုတာမျိုး နှိုင်းယှဥ်စဥ်းစားစရာ ဖြစ်စေတာလောက်ထိ ကို အနိဌာရုံ အဖြစ်အပျက်တွေက နေ့စဥ် ဖြစ်ရပ်တွေ ဖြစ်လာနေတာပါ။ 

ဒီအခြေအနေတွေ ကို စဥ်းစားလိုက်တိုင်း မိမိရဲ့ အနာဂတ် တည်ဆောက်ဖို့ မိသားစု ဘဝရဲ့ အနာဂတ်တည်ဆောက်ဖို့ ဆိုတဲ့ မျှော်လင့်ချက် စိတ်အားထက်သန်မှုတွေက လွင့်ပြယ်ပျောက်ဆုံးကုန်ပြီး အခြေအနေဆိုးအောက်မှာ အရေထူစွာ ခံစားချက် နည်းပါးစွာနဲ့ ရှင်သန်နေကြရတာမျိုး ဖြစ်လာနေတာ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar