- ဇာနည် - "နွေဦးကြိုငှက်ရဲ့အိပ်တန်းပြန်ချိန်.."
"နွေဦးကြိုငှက်ရဲ့အိပ်တန်းပြန်ချိန်.."
ဇာနည်
(မိုးမခ) ဒီဇင်ဘာ ၂၂၊ ၂၀၂၂
ခေတ်သစ်မဲဇာ ထိုင်းနယ်စပ်တနေရာရောက်နေတဲ့ မန္တလေးသားကဗျာဆရာတယောက်က ညဉ့်နက်သန် ကောင်ကျော် ဖုန်းဆက်လာတယ်။
"အကိုရေ ..ကိုမှိုင်းတယောက်အခြေအနေမကောင်းတော့ဘူး.. ဘန်ကောက်ဆေးရုံမှာတက်နေတာ တလလောက်ရှိနေပြီ.." တဲ့။
ပြီးတော့..သူက ကိုမှိုင်းကိုဆက်လို့ရမဲ့ ဖုန်းနံပါတ်တခုပေးပါတယ်.. ကျနော်လဲ ကျေးဇူးပဲကွာလို့ပြောပြီး ဖုန်းနံပါတ်ယူထားလိုက်တယ်။
ကျနော်အိပ်တော့မယ်ကြံခါရှိစမှာ ဖုန်းကဝင်လာတာဖြစ်ပြီး.. အကြောင်းအရာကလဲ စိတ်မကောင်းစရာဖြစ်နေပြန်တယ်။ ကျနော်လေးစားအသိမှတ်ပြုထားတဲ့ ကျောင်းသားခေါင်းဆောင်ကလာတဲ့နိုင်ငံရေးသမားတွေထဲမှာ "ကိုတင်အေးကြူ" လဲပါတယ်။ သူ့အကြောင်းတွေပြန်စဉ်းစားနေရင်း ကျနော်ပြန်အိပ်မရတော့...
(၂၀၁၇) နှစ်ကုန် ဒီလိုဒီဇင်ဘာလလောက်မှာ ကျနော်တို့မန္တလေးကိုရောက်ဖြစ်ခဲ့တယ်။ ပြည်ပရောက် (၈၈) မျိုး ဆက်တွေနဲ့ အထက်ဗမာပြည်မန္တလေးက နိုင်ငံရေးအင်အားစုတွေ တွေ့ဆုံဆွေးနွေးပွဲတခုကို ကျနော်နဲ့မြင်းခြံနရသိန်မှာအတူနေခဲ့ဘူးတဲ့..(၈၈၈၈) ကာလတုန်းက နာမည်ကျော် ဂဠုန်နီဆရာတော် ဦးကာဝိယရဲ့ကျောင်း တိုက်မှာ ပြုလုပ်ခဲ့ကြပြီး..(၈၈၈၈) ကာလကဆုံးသွားတဲ့သူရဲကောင်းတွေအတွက် ဆွမ်းကျွေးပွဲလေးတခုလဲလုပ်ဖြစ်ခဲ့ပါတယ်...။
ကျနော်မန္တလေးမှာ အတွေ့ချင်လူတွေထဲက "ကိုကျော်မြ"(ကွယ်လွန်)နဲ့ "ကိုမှိုင်း" တို့နှစ်ရောက်ကိုဖုန်းဆက်လိုက်တော့..နှစ်ယောက်စလုံး ဝမ်းသာအားရရောက်လာခဲ့ကြပါတယ်။
ကိုမှိုင်းနဲ့ ကိုကျော်မြ ဆွမ်းမကြွေးခင်တရက်ထဲက ကြိုရောက်လာကြပြီး.. စကားတွေပြောဖြစ်ခဲ့ကြပါတယ်။ အဲ့ဒီအချိန်တုန်းက ကိုမှိုင်းကကျန်းမာ ရေးကောင်းနေဆဲမို့ သောက်နိုင်စားနိုင်နေသေးတယ်။ ကိုကျော်မြက တော့ အဆုပ်သိပ်မကောင်းတော့လို့ သူကြိုက်တဲ့စီးကရက်တောင်မသောက်နိုင်တော့ဘဲ ဆေးပေါ့လိပ်လေးဖွာနေရှာတယ်။ နှစ်ယောက်စလုံးက ဆေးလိပ်အတော်ကြိုက်ရှာပုံရတယ်။
အဲ့ဒီ့အခေါက်တုန်းက မန္တလေးနဲ့ရွာနီးချုပ်စပ် အထက်ဗမာပြည်က (၈၈၈၈) ရဲဘော်အတော်များများလာခဲ့ကြပြီး တွေ့ခွင့်ရခဲ့လို့ အမှတ်တရတွေဖြစ်နေဆဲပါပဲ။ မန္တလေးက (၂၀၀၇)ဗကသမျိုးတွေဖြစ်ကြတဲ့ ကိုရဲရင့်ကျော်, ကိုသန်းထိုက်, ကိုအောင်မှိုင်းဆန်းတို့လဲလာကြပြီး ဝိုင်းကြဝန်းကြပါတယ်။
ပြီတော့..ကျနော်တို့သွားချင်တဲ့ (၁၃၀၀) ပြည့်ကာလမှာ ကျဆုံးခဲ့တဲ့မန္တလေးအာနည်(၁၇)ဦးရဲ့အာဇာနည်ဗိမာန်, ဆရာတော်ကိုပညာ(အမရပူရ)ရဲ့တောင်လေးလုံးကျောင်းတိုက်, မယ်ဇယ်ပင်တန်းတွေနဲ့တောင်သမန်အင်း,မကြာမီက ပျံလွန်တော်မူသွားတဲ့ မြဝတီကျောင်းတိုက်ဆရာတော်နဲ့အေဘီမြောက်ပိုင်းကျဆုံးရဲဘော်တွေအထိမ်းမှတ်ကျောက်တိုင်..ပြီးတော့.. ဆရာကြီးသခင်ကိုယ်တော်မှိုင်း, ဆရာကြီရွှေဥဒေါင်း, ဦးလေးလှနဲ့အမေမာတို့ရဲ့ပုံရိပ်ထင်ကျန်နေခဲ့တဲ့ လူထုစာပေတိုက်..စသည် စသည် မန္တလေးရဲ့မရောက်မဖြစ် အထင်ကရနေရာတွေကို သူတို့တွေလိုက်ပို့ခဲ့ကြတာကလဲ ခုတော့ လွမ်းစရာဖြစ်ကျန်ရစ်ခဲ့တာအမှန်ပင်။ မန္တလေးမှာရှိနေစဉ်တလျှောက်လုံး စရဖတွေက ကျနော်တို့သွားလေရာနောက်ကိုတကောက်ကောက်လိုက်နေလေရဲ့။
ထိုစဉ်က ကျနော်ကို တကူးတက လာတွေ့ပြီး..စကားတွေပြောကြ ဆွေ းနွေးခဲ့ကြနဲ့အမှတ်တရအဖြစ်ရဆုံးသူတွေထဲက ကိုကျော်မြ, ကိုမှိုင်းနဲ့ သူ့ရဲ့ "Post modern" စာအုပ်တွေလက်ဆောင်ပေးခဲ့တဲ့ ဒေါက်တာစိုးသန်းမောင် (နိစ္စဓူဝပညာရေး/ Post Modern Informal Education), ထိုပုဂိုလ်သုံးယောက်စလုံး ခုတော့ မရှိကြတော့ပြီ။
"ကိုမှိုင်း" နာမည်ကိုကျနော်စကြားဖူးတာက( ၁၉၇၆) "ဆရာကြီးသခင်ကိုယ်တော်မှိုင်းရာပြည့်" (မှိုင်းရာပြည့်) ကျောင်းသားအရေးအခင်ကာလလောက်ကထဲကပါ။ အဲ့ဒီအရေးအခင်းကာလတုန်းက ကျနော်အကိုက ရန်ကုန်တက္ကသိုလ် ပင်းယကျောင်းဆောင်မှာ ကုန်ထုတ်ဓါတုဗေဒ(IC) , နောက်ဆုံးနှစ်နဲ့ကျောင်းတက်နေပြီး ၇၄,၇၅,၇၆ ကျောင်းသားအရေးအခင်းတွေမှာတလျှောက်လုံးပါခဲ့သူဆိုတော့ မှိုင်းရာပြည့်အရေးအခင်းအကြောင်း သူပြောပြန်ပြောပြလို့သိခဲ့ရပါတယ်။
"ကိုမှိုင်း" ဟာ (၃-၂၃-၁၉၇၆) မှိုင်းရာပြည့်ကျောင်းသားအရေးအခင်းရဲ့ အဓိကလှုပ်ဆော်စည်းရုံးခဲ့သူ ကျောင်း သားခေါင်းဆောင်တယောက် ဖြစ်ခဲ့ပါတယ်။
အဲ့ဒီတုန်းက ..ကျောင်းသားတွေ ရန်ကုန်တက္ကသိုလ်ထဲကနေ ရွှေတိဂုံဘုရားလမ်းက "ဆရာကြီးသခင်ကိုယ် တော်မှိုင်းဂူဗိမာန်" အထိ လမ်း လျှောက်ချီတက်ရာလမ်းတလျှောက်မှာလဲ ရှေ့တန်းကဦးဆောင်ခဲ့သူပါ။ ရွှေတိဂုံဘုရားက ဂူဗိမာန်ရှေ့မှာ ကျောင်းသားတွေစုရုံးနေကြတုန်း စစ်ကားတစီးက လူအုပ်ထဲမောင်းဝင်လာလို့ အားလုံးက ဒေါသထွက်ပြီး အော်ဟစ်ဆဲဆိုကြ တချို့ကလဲ စစ်ကားကို ခဲတွေနဲ့ထုမယ်လုပ်ကြစဉ်မှာ "ကိုမှိုင်း" ဟာ စစ်ကားရဲ့ရှေ့ခေါင်းပေါ်ကိုတက်ပြီး.."ဒါဟာ ရန်သူက ငြိမ်းချမ်းစွာဆန္ဒပြနေတာကို အပြစ်ရှာပြီး အဓိကရုန်းတခုဖြစ်အောင်ဖန်တီးတဲ့ ရန်သူစစ်တပ်ရဲ့လုပ်ကြံမူ့တခုဖြစ်ကြောင်း.."တရားဟောခဲ့ပြီး ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ကျောင်းသားထုကြီး လမ်းမလွှဲသွားအောင်ထိန်း သိမ်းဦးဆောင်ခဲ့သူတဦးလဲဖြစ်ခဲ့ပါတယ်။ သို့သော်လဲ..အဲ့ဒီတုန်းက နေဝင်း- စန်းယု စစ်တပ်ဟာ "ကိုမှိုင်း" တို့ကိုဖမ်းမိတော့ ဆူပူအောင်လှုံဆော်ခဲ့တဲ့ "ကျောင်းသားဆိုး"တွေအဖြစ် သူတို့ရဲ့ဝါဒဖြန်ချီရေးသတင်းစာတွေမှာ စာလုံးမဲကြီးတွေနဲ့ဖေါ်ပြခြင်းခဲ့ကြပါတယ်။ ဒါပေမဲ့ အဲ့ဒီ"ကျောင်းသားဆိုးတွေ" ဟာ နေဝင်း-စန်းယုကြေးစားစစ်တပ်လို" သူတောင်းစားမျိုးတွေ" မဟုတ်ဘူးဆိုတာတော့ ထိုစဉ်ကပင် ပြည်သူအားလုံးကသိကြပါတယ်။
ကိုမှိုင်းဟာ "မှိုင်းရာပြည့်အရေးခင်း" မှာအဓိကဦးဆောင်သူအဖြစ် ပထမအကြိမ်ဖမ်းဆီးထောင်ချခံခဲ့ရပြီး ဒုတိယအကြိမ်ကတော့ (၈၈၈၈) အရေးတော်ပုံကြီးကာလမှာ ထိုစဉ်က ဗကပဌာနချုပ်ရှိရာပန်ဆန်းကပြန်လာပြီး အရေးတော်ပုံကြီးဖြစ်ရန်လှုပ်ဆော်စည်းရုံးခဲ့တဲ့ (၄၈၂၈) အမှုတွဲ A-5, အဖြစ်နဲ့ထပ်မံအဖမ်းခံခဲ့ရပြီး နှစ်ရှည်ထောင်ချခံခဲ့ရပါတယ်.
"ကိုတင်အေးကြူ" ဟာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဒုတိယမျိုးဆက် (၇၄,၇၅,၇၆) ကျောင်းသားခေါင်း ဆောင်တဦးဖြစ်ခဲ့သလို ပြည်သူ့စာပေအနုပညာဘက်တော်သား တော်လှန်ကဗျာဆရာ "မောင်မှိုင်းလွင်"(အင်းဝ) လဲဖြစ်ပါတယ်.
ကျနော်တို့လေးစားချစ်ခင်ရသော (၇၄,၇၅,၇၆) စစ်အာဏာရှင်စနစ်ဆန့် ကျင်ရေး ဒုတိယမျိုးဆက် ကျောင်း သားခေါင်းဆောင် "ကိုတင်အေးကြူ"(ခ) "မောင်မှိုင်းလွင်"(အင်းဝ) ကတော့ စစ်အာရှင်စနစ်ရဲ့နောက်ဆုံးအခန်းဆက်ဇာတ်ဝင်ခန်းမဆုံးသေးခင်မှာပင် ကြွေလွင့်သွားခဲ့ပါပြီ။သို့သော်လဲ..သိပ်မဝေးလှတော့တဲ့အချိန်ကာလတခုမှာ မုချမသွေရောက်လာတော့မဲ့ စစ်အာဏာရှင်စနစ်ရဲ့နောက်ဆုံး နိဂုံးကမ္မတ်အဆုံးသတ်အခန်းကိုတော့ သူသည် အခြား အခြားသော စစ်အာရှင်စနစ်ဆန့်ကျင်ရေးသမိုင်းတလျှောက်တွင်ကျဆုံးခဲ့လေပြီးသော အာဇာ နည်သူရဲကောင်းများနှင့်အတူ မြင့်မြတ်သောဘုံဘဝတခုမှ ဆက်လက်ကြည့်ရူနေလေဦးမည်ဟု ကျနော်ယုံကြည်မိပါတယ်...။။
ဇာနည်
(၈၈,မျိုးဆက်)
(၂၀-၁၂-၂၀၂၂)
(အောက်မှ ကဗျာများနှင့်ဓာတ်ပုံများမှာ "ကိုမှိုင်း" ရဲ့သမီး ဒေါက်တာအိမွန်သင်းကြူရဲ့ ဖေ့ဘုတ်နှင့် ကျနော်မန္တလေးရောက်စဉ်က "ကိုမှိုင်း" ပုံရိပ်အမှတ်တရတချို့ ဖြစ်ပါသည်။)
မောင်မှိုင်းလွင်(အင်းဝ) ရဲ့ ထင်ရှားတဲ့ကဗျာတွေထဲက..ပြန်လည်စုစည်းရသမျှ ကဗျာတချို့ကို "ကိုမှိုင်း" အမှတ်တရအဖြစ် အောက်တွင်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်...
"ဒါ ငါတို့ကဗျာ ဒါ ငါတို့သီချင်း"
"ကမ္ဘာမကြေ" ဆိုပိုင်ခွင့်မရှိရင်
"ကမ္ဘာမကြေဘူး" ဆိုလိုက်ကြလိမ့်မယ်။
နှလုံးအပုပ်ဟာ
ထုံးသုတ်ရုံနဲ့ မဖြူနိုင်
အကန်းလျှောက်သလို လမ်းဖောက်နေကြရဲ့
တံတားဆောက်ပြီး
အများကြောက်အောင် ခါးထောက်နေတော့ရော
မာရှယ်လောဟာ "ဖာသယ်" ပေါတာပါပဲကွဲ့။
"ကမ္ဘာမကြေ" ဆိုခွင့်မပြုရင်
"ကမ္ဘာမကြေဘူး" ဆိုချင်လာလိမ့်မယ်။
၅(ည) တဲ့လား
စားရေတာ့ ပုံစံ
ပါးချလို့ စုံကန်သကွဲ့
ပုန်ကန်ရင် သတ်ပစ်မယ်တဲ့
သေနတ်ကြီးရှိတယ်
သတ်နည်းသိတယ်
တပ်ကြီးလည်းရှိတယ်။
"ကမ္ဘာမကြေ" ဆိုခွင့်မရရင်
"ကမ္ဘာမကြေဘူး" ဆိုလိုက်ကြတော့မယ်။
ပူးသတ်မယ် ပူးသတ်မယ်ဆိုတဲ့
မနူးမနပ်ကောင်တွေလည်း
ခုတော့ အရူးဇာတ်ခင်းရတော့မလိုလို။
ဆုပ်တဲ့လက်သီး ဖြည်ပြီးပြီပဲ ထားပါတော့
ကမ်းလာတဲ့လက် နုတ်ဆက်ဖို့ရာ
သူ့ လက်ဝါးမှာ ငါ့ပါးရာကြီး မပျက်သေး
"ကမ္ဘာမကြေ"ဆိုခွင့်မပေးရင်
"ကမ္ဘာမကြေဘူး" ဆိုလိုက်ကြရအောင်။
မောင်မှိုင်းလွင်(အင်းဝ)
-
"ခွပ်မှလှတဲ့ ဒေါင်း"
ဒေါင်းရဲ့ တောင်ပံ
မပျံနိုင်အောင် ညှပ်
ညှပ်သူတွေသာ ပြတ်သွားဖူးခဲ့
ဒေါင်းတောင်ကတော့ လတ်လတ်ဆတ်ဆတ်။
ဒေါင်းရဲ့ နှုတ်ချွန်
မတွန်နိုင်အောင် ချိုး
ချိုးသူတွေသာ ကျိုးသွားလေရဲ့
ဒေါင်းတွန်ကျူးသံ အိုးဝေ အိုးဝေ။
ဒေါင်းရဲ့ အတက်
ခွပ်လက်ညံ့အောင် ဖြတ်
ဖြတ်သူတွေသာ ဝပ်သွားကြရဲ့
အတွန်ကောင်း အခွပ်ကောင်း
ခွပ်မှလှတဲ့ ဒေါင်း
သမဂ္ဂခွပ်ဒေါင်း ။ ။
မောင်မှိုင်းလွင်(အင်းဝ)
-
မောင်မှိုင်းလွင်(အင်းဝ) ရဲ့ နွေဦးတော်လှန်ရေးအတွက်ရေးဖွဲ့ခဲ့တဲ့ ကဗျာ(၂) ပုဒ်..
"နေရဲ သေရဲ "
လှောင်အိမ်က သံတိုင်
ဒို့တွေက သံမဏိ။
ထားရဲသလား နေရဲတယ်
သတ်ရဲသလား သေရဲတယ်။
သေရွာသွားတာကို
အိမ်ပြန်တဲ့သဘော ထင်တဲ့သူတွေ။
အာဇာနည်ဆိုတာ
ထာဝရအသက်ရှင်ကြောင်း
သမိုင်းနဲ့ချီ ကမ္ဗည်းတင်ပြီးသား။ ။
မောင်မှိုင်းလွင်(အင်းဝ)
၂၈ ရက် အောက်တိုဘာ ၂၀၂၂
-
"မျက်ရည်"
"မျက်ရည်ဆိုတာ
ငိုဖို့မဟုတ် ဘာလုပ်ဖို့လဲ။"
ဝမ်းနည်းရင်ကျလာ "မျက်ရည်"
ရောဂါကြောင့်ကျတဲ့ "မျက်ရည်"
ပျော်ရင်လည်းကျတဲ့ "မျက်ရည်"။
သူများကျတဲ့ "မျက်ရည်" ကို
နားလည်မပေးနိင်
ဥပေက္ခာ မရှုနိုင် တောင်မှ
ဖာသာနေပါစေ
ကျနော်တို့ကို လေးစားခွင့်ပေးပါ။
"မျက်ရည်"ဟာ
ရေ နဲ့ သွေးကြားက
ပြတ်သားတဲ့ နယ်ခြားမျဉ်း
ခင်ဗျားက.....???။
"မျက်ရည်" ကျတိုင်း
စိတ်ပျက် အားငယ်နေတာ မဟုတ်
"မျက်ရည်"ရဲ့အရင်းခံက
သိမ်မွေ့တဲ့ "ဒေါသ"
အဲဒီ "ဒေါသ"
ထုထည်ကြီးမား ပေါက်ကွဲနေပြီ။
ဟင် ခုမှ
"တောင်းပန်ပါတယ် ခွင့်လွှတ်ပါ"တဲ့လား...။
မောင်မှိုင်းလွင်(အင်းဝ)
(၁ . ၁ ၂ . ၂ ၀ ၂ ၂)
-
ဇာနည်
(ကိုမှိုင်းကောင်းရာသုဂတိလားပါစေ..)
-
Join Us @ MoeMaKa Telegramt.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar