ကိုအောင်မှိုင်း - မိုဆိုလူသတ်ပွဲ
ကိုအောင်မှိုင်း - မိုဆိုလူသတ်ပွဲ
(မိုးမခ) ဒီဇင်ဘာ ၂၂၊ ၂၀၂၂
ခရစ္စမတ် ရောက်ခါနီးတိုင်း မိုဆိုလူသတ်ပွဲကို သတိရနေမိပါတယ်။ လွန်ခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၄ရက် မှာ အကြမ်းဖက်စစ်တပ်က ကယားပြည်နယ် ( ကရင်နီပြည် ) မှာ လူတွေအစုလိုက် အပြုံလိုက် မီးရှို့ သတ်ဖြတ်မှုကို ရက်ရက်စက်စက် ကျူးလွန်ခဲ့ပါတယ်။ ဒီအကြမ်းဖက်လူသတ်မှုကြီးကို မိုဆိုလူသတ်ပွဲ ဆိုပြီး ကမ္ဘာ့ကုလသမဂ္ဂနဲ့ လုံခြုံရေးကောင်းစီတို့က အပြင်းအထန် ရှုတ်ချကန့်ကွက်ခဲ့ကြသလို ကျူးလွန်သူတွေကို ထိထိရောက်ရောက် အရေးယူဖို့ တိုက်တွန်းခဲ့တာ တွေ့ရပါတယ်။
ဒီဖြစ်စဥ်ကို အသေအချာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။ CDM မှာ ပါဝင်ခဲ့ကြတဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဖွဲ့စည်းထားတဲ့ ကရင်နီပြည်ရဲဌာန ( KSP ) ကလည်း ရဲလုပ်ထုံးလုပ်နည်းနဲ့အညီ အသေအချာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပါတယ်။ ဖြစ်စဥ်နဲ့ပတ်သက်ပြီး KSP က အခုလို ရှင်းပြခဲ့ပါတယ်။ ဒီဇင်ဘာ ၂၄ ရက်နေ့ မနက်အစောပိုင်းကတည်းက ခြေမြန်တပ်ရင်း (ခမရ-၅၃၁) တပ်က အခင်းဖြစ်ပွားတဲ့ မိုဆိုရွာရဲ့ အနီးမှာရှိတဲ့ မယ်တော်ဂူကို ရောက်နေပါတယ်။ မနက်ပိုင်းကတည်းက ဖြတ်လာသမျှ ပြည်သူတွေကို ဖမ်းတယ်။ အရင်က ဒီလမ်းမှာ လူသိပ်မရှိပေမယ့် ခရစ်စမတ်အကြိုနေ့ဆိုတော့ အသွားအလာ များပါတယ်။ တွေ့တဲ့လူတွေကို အကုန်ဖမ်းတာပါ။ အဲဒီအချိန်က မျက်မြင်သက်သေ တယောက် တောင်ပေါ်ကနေမြင်လိုက်တာက ဖမ်းထားတဲ့သူတွေမှာပါတဲ့ ရိက္ခာနဲ့ပစ္စည်းတွေကို သူတို့ စခန်းကို သွားပို့ခိုင်းပြီးတော့မှ ဖမ်းထားတဲ့နေရာကိုပဲ ပြန်ခေါ်လာတယ်လို့ သိရပါတယ်။
နံနက် ၁၀ နာရီလောက်မှာ မူဆိုရွာသားတယောက်က လွှတ်ထားတဲ့ သူ့ကျွဲတွေကို သွားပြန်ခေါ်ဖို့ အဲဒီဘက်ကို သွားခဲ့တယ်။ မယ်တော်ဂူနားရောက်တော့ စစ်သားနှစ်ယောက်က သူ့ကို လှမ်းခေါ်တယ်လို့ ပြောတယ်၊ တယောက်က ထိုင်နေတယ်၊ သေနတ်နဲ့ သူ့ကို ချိန်ထားတယ်၊ တယောက်က သေနတ် ကိုင်ထားပြီး သူ့ကို လှမ်းခေါ်တယ်။ သူ မသွားဖို့ဆုံးဖြတ်ပြီး ပြေးတဲ့အချိန်မှာ သေနတ်တွေနဲ့ လိုက်ပစ်တယ်။ ကံကောင်းထောက်မစွာနဲ့ သူ့ကိုမထိဘဲ လွတ်သွားပြီး တောင်ပေါ်ရောက်တဲ့အချိန်မှာ လှမ်းကြည့်လိုက်တော့ အရပ်သားကားတွေ ရပ်ထားတာကို တွေ့လိုက်တယ်။ အဲဒါနဲ့ ရွာကိုပြန်ပြီး အသိပေးတယ်၊ ရွာကလူတွေကလည်း သေနတ်သံတွေ ကြားကတည်းက စစ်ကောင်စီတပ်တွေ လာပြီဆိုပြီး စစ်ဘေးရှောင်ဖို့ လုပ်နေကြသလို တချို့လည်း သွားတဲ့သူတွေ သွားနေပါပြီ။ အဲဒီမှာပဲ ရွာအနီး မှာရှိတဲ့ နယ်ခြားစောင့်တပ် (BGF) အမှတ် ၁၀၀၄ က တပ်ဖွဲ့ဝင် လေးယောက်က ပြည်သူတွေကို ဖမ်းထားလို့ရှိရင်လည်း ပြန်လွှတ်ပေးဖို့ ညှိနှိုင်းဖို့ဆိုပြီး သွားတွေ့ကြပါတယ်။
BGF တပ်ဖွဲ့ဝင် လေးယောက်အလောင်းကိုပဲ နောက်နေ့မှာ ပြန်တွေ့ခဲ့ပါတယ်။ BGF အလောင်းတွေကို တွေ့တာက မီးရှို့တဲ့နေရာရဲ့ အနောက်ဘက် ပေတရာခန့်လောက်က တောင်ခြေသဲကျင်းထဲမှာ တွေ့တာပါ။ လက်ပြန်ကြိုး တုပ်ထားခံရတယ်၊ ခြေ လက်တွေလည်း ရိုက်ချိုးထားခံရတယ်။ မျက်နှာတွေလည်း ဖူးယောင်နေတယ်၊ ဦးခေါင်းမှာလည်း ကျည်ဆန်ရာတွေနဲ့ အနီးကပ် နှိပ်စက်သတ်ဖြတ်ထားတာ ထင်ရှားပါတယ်။ စစ်ကောင်စီက အဲဒီနေ့မနက်က KA/KNDF တို့နဲ့ တိုက်ပွဲဖြစ်လို့ ဒီလူတွေက သူတို့ကိုပစ်လို့ ပြန်ပစ်သတ်လိုက်ရတာပါဆိုပြီး သတင်းစာမှာ ဖော်ပြတယ်။ ဒါပေမဲ့ အဲဒီနေ့မနက်မှာ ဘာစစ်ပွဲမှ မရှိပါဘူး။ စစ်ပွဲမရှိလို့လဲ ပြည်သူတွေက အဲဒီနေရာကို ဒီအတိုင်းသွားကြတာ ဖြစ်ပါတယ်။ ဆီပို့တဲ့ကားတွေလည်း အဲဒီလမ်းကို သွားခဲ့ကြတာပါ။
ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး စစ်ဆေးဖို့ ရပ်ခိုင်းတာကို မရပ်ဘဲ ကားပေါ်ကနေ ပစ်ခတ်လို့ ပစ်ခတ်မှု ဖြစ်ပြီး ကားမီးလောင်ရတာ ဖြစ်တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့တယ်။ ဒီပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးဖြစ်တဲ့ RPG နဲ့ပစ်တာ ထိမှန်ပြီး အမျိုးသမီးတဦးအပါအဝင် PDF ၂၅ ဦးသေဆုံးတာဖြစ်တယ်လို့ စစ်ကောင်စီပြောခွင့်ရှိသူက BBC သတင်းဌာနကို ပြောခဲ့ပါတယ်။ တကယ်က ကားတွေမှာ RPG မပြောနဲ့ ကျည်ဆန်ရာတောင် မတွေ့ရပါဘူး။ အကောင်းတိုင်းတွေပါပဲ။ ကားတစီးမှာပဲ အပေါ်ဘောင်လေး နည်းနည်းကွေးနေတာ တွေ့တယ်၊ ဒါက အာပီဂျီထိမှန်တာလည်း မဟုတ်ဘူး၊ မီးအပူရှိန်ကြောင့် ကွေးသွားတာမျိုးပဲ။ ကားနံရံတွေမှာလည်း ကျည်ဆန်ရာတွေရှိလား လိုက်ရှာတယ်။ အဲဒီနေ့က ဆီးကားသုံးစီးက ရပ်ခိုင်းတဲ့အချိန်မှာ မရပ်ပေးလို့ ပစ်ဖမ်းရတယ် သူတို့ ပြောတယ်။ ကျနော်တို့ စစ်တဲ့အခါ ကားအရှေ့၊ ဘေးတွေမှာ ကျည်ဆန်ရာတွေ မတွေ့ဘူး။ သူတို့ပစ် ဖမ်းလို့သေတယ်ဆိုရင် ကားခေါင်းခန်းမှာ ကျည်ဆန်ရာရှိရမယ်။ သူတို့ပစ်တဲ့အခါ ဆီကားတွေက မီးလောင်ပြီး ကျန်တဲ့သူတွေကိုပါ လောင်တဲ့ဆိုတဲ့ပုံစံမျိုး သူတို့က လိမ်ပြောတာ ထင်ရှားပါတယ်။ အဲဒီလိုမဟုတ်ဘဲ ကားခေါင်းခန်းတွေမှာ လူလောင်ကျွမ်းထားတာ မရှိပါဘူး၊ အကုန်လုံးက ကား နောက်ဘက်ခန်းထဲမှာ၊ ကားဘေး မြေကြီးပေါ်မှာ လောင်ကျွမ်းနေတာပဲ တွေ့ခဲ့တယ်လို့ စုံစမ်းစစ်ဆေးသူ KSP အရာရှိက ပြောပါတယ်။
၂၅ ရက်နေ့မနက် ဖြစ်ပွားရာနေရာကို ရောက်ပေမဲ့ အလောင်းတွေကို သယ်ယူဖို့ လုပ်နေတုန်း လက်နက်ကြီး၊ မော်တာတွေနဲ့ စစ်တပ်က ပစ်ခတ်တဲ့အတွက် ပြန်ဆုတ်ခဲ့ရတယ်။ ဒီဇင်ဘာ ၂၆ ရက်နေ့မှာလည်း ထပ်သွားပြီးသယ်ဖို့လုပ်ပေမဲ့ ကျနော်တို့ အရိပ်အယောင်တွေ့တာနဲ့ လက်နက်ကြီးတွေနဲ့ တရ စပ်ထုခဲ့တယ်။ ၂၇ ရက်နေ့ ညနေ ၃ နာရီလောက်ကျမှ ဒီအလောင်းတွေကို သယ်နိုင်ခဲ့ပါတယ်။ ဆီသယ်ကား ၃ စီးကြားမှာ လောင်နေတဲ့အလောင်းတွေဆို သယ်ယူနိုင်ခြင်းမရှိပါဘူး၊ လက်နဲ့ မ လိုက်တာနဲ့ မတဲ့ နေရာမှာပဲ ကြွေပြီးပါလာတာမျိုးတွေ ဖြစ်နေပါတယ်။ မီးလောင်ပျက်စီးပြီး မြေပေါ်မှာ ပြာကျနေတဲ့ အလောင်းတွေကိုတော့ မသယ်ခဲ့ပါဘူး။ Light Truck ကားတို့ Canter ကားတို့အပေါ်မှာ အပုံလိုက် မီးရှို့ခံထားရတဲ့သူတွေထဲက အောက်ကလူတွေကတော့ အကောင်းတိုင်းကျန်သေးတယ်၊ အပေါ်က လူတွေကတော့ တော်တော်လေး မီးလောင်ကျွမ်းပြီးတော့ ဦးခေါင်းခွံ၊ ကျောရိုးမတို့ပဲ ကျန် တာရှိတယ်။ တချို့နည်းနည်း အကောင်းတိုင်း ကျန်တဲ့သူတွေကို လက်နောက်ပြန်ကြိုးတုပ်ထားတာ၊ ပါးစပ်နဲ့ မျက်စိ အဝတ်နဲ့စည်းထားတာတွေ ပေါ်လွင်နေသေးပါသေးတယ်။ ဒီဇင်ဘာ ၂၈ ရက်နေ့ကျ တော့ ရထားတဲ့အလောင်းတွေကို (CDM) မှာ ပါဝင်တဲ့ ဆရာဝန်တွေနဲ့ ခွဲစိတ်စစ်ဆေးမှုလုပ်တယ်။ အားလုံးပေါင်း ၃၁ လောင်းကို အတည်ပြုနိုင်တယ်။ ကျား ၂၆ ဦးနဲ့ မ ၅ ဦးဖြစ်ပါတယ်။ ၂၉ ရက်နေ့ မှာတော့ အလောင်းတွေကို သင်္ဂြိုဟ်တာတော့ မဟုတ်သေးပါဘူး။ အလောင်းတွေကို ဘယ်သူဘယ်ဝါဆိုတာ ခွဲခြားနိုင်ခြင်း မရှိသေးပါဘူး။ ဘယ်လိုအသတ်ခံရတယ်ဆိုတာ မသိသေးတဲ့အတွက် အကုန်လုံးကို DNA စစ်ဖို့ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)၊ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KS CC) တို့ရဲ့ အကူအညီတွေနဲ့ စီစဥ်ဆောင်ရွက်ခဲ့ပါတယ်လို့ KSP အရာရှိက ပြောပါတယ်။
ပျောက်ဆုံးစာရင်းအတွက် ၂၄ ရက်နေ့မှာ KSP က မီဒီယာကနေ ကြေညာပါတယ်၊ မိုဆိုရွာတဝိုက်မှာ သွားလာရင်းနဲ့မှ ပျောက်သွားတဲ့သူရှိရင် အကြောင်းကြားရန် ဖြစ်ပါတယ်။ စာရင်းအရ ၄၂ ဦးရှိပါ တယ်၊ ကျား ၄၀ ဦးနဲ့ မ ၂ ဦးပေါ့။ ဒါပေမဲ့ မီးလောင်ပြီးရတဲ့ အလောင်းတွေကို ခွဲခြမ်းစိတ်ဖြာတဲ့ အခါမှာ မ ၅ ဦးဖြစ်တဲ့အတွက် မ ၃ ဦး တိုးလာနိုင်ပါသေးတယ်။ လူပျောက်တိုင်တန်းမှုအရဆိုရင် အသက်မပြည့်သေးတဲ့ ကလေးနှစ်ဦးရယ်၊ ၁၆ နှစ်အရွယ် ကျားတဦး၊ ၁၇ နှစ်အရွယ် ကျားတဦး ပါတာ တွေ့ရပါတယ်။ အခင်းဖြစ်နေရာကနေ ကျနော်တို့ သယ်ယူနိုင်ခဲ့တဲ့ ၅၀ ရာခိုင်နှုန်းလောက်ထဲက ကျန်တဲ့အလောင်းတွေထဲမှာ ၁၂ နှစ်နဲ့ ၁၅ နှစ်ကြားအရွယ်ရှိတဲ့ မိန်းကလေးတဦး ပါတယ်ဆိုတာ ဆရာဝန်တွေရဲ့ သုံးသပ်ချက်အရ သိရတယ်လို့ KSP အရာရှိက ပြောပါတယ်။
ဒီအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို အတည်ပြုနိုင်တာကတော့ ခမရ ၅၃၁ နဲ့ တပ်မ ၆၆ လက် အောက်ခံတပ်တွေ ဖြစ်ပါတယ်။ တပ်မ ၆၆ ရဲ့ တပ်မမှူးမှာ ဗိုလ်မှူးကြီးကျော်လင်းထွန်း ဖြစ်ပါတယ်။ BGF အဖွဲ့က အလောင်း ၄ လောင်းတွေ့တဲ့ နေရာအနီးမှာဆိုရင် သွေးကွက်ထဲကနေ ကျည်ဆန်အခွံတွေ တွေ့ရပါတယ်။ ကျည်ခွံဖင်မှာ ၅.၅၆ ဆိုပြီး မြန်မာလို ရေးထားပါတယ်၊ မြန်မာစစ်တပ် ကပစ ကထုတ်တဲ့ကျည်တွေဆိုတာ ခိုင်မာတဲ့ သက်သေတွေလည်း ရရှိထားပါတယ်။ တပ်မ ၆၆ လက်အောက်ခံတပ်များက ကလေးငယ်များအပါအဝင် ပြည်သူ ၃၀ ကျော်အား ယာဉ် ၇ စီးနှင့်အတူ မီးရှို့သတ်ဖြတ်ခဲ့မှုမှာ စကစရဲ့ ရက်စက်ယုတ်မာတဲ့ ဖက်ဆစ်ရာဇဝတ်မှုလုပ်ရပ် ဖြစ်သည်မှာ ပေါ်လွင်ထင်ရှားပါတယ်။ ဒီလိုပဲ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်များဟာ ရာဇဝတ်မှုများကို လိမ်ညာ ဖုံးကွယ်မှုများသာ ဖြစ်ကြောင်း သက်သေအထောက်အထားများနဲ့တကွ ပြောနိုင်ခဲ့ပါတယ်။ ထိုဖြစ်စဉ်အတွင်း ကရင်နီနယ်ခြားစောင့်တပ်ဖွဲ့ဝင် ၄ ဦးကိုလည်း စစ်တပ်က ပစ်သတ်ခဲ့သေးရာ အဆိုပါအခြေအနေများကြောင့် အရပ်သားပြည်သူ သေဆုံးမှုအရေအတွက်မှာ ကနဦးထုတ်ပြန်ခဲ့သော ၃၅ ဦး ထက် ပိုများလာနိုင်ပြီး ၄၉ဦး ခန့်ထိရှိလာနိုင်တယ်လို့ KSP အရာရှိက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ခရစ္စမတ်အကြိုကာလ ရောက်တိုင်း ဖရူဆိုဒေသက မိုဆိုလူသတ်ပွဲအကြောင်းကို ကမ္ဘာ့ပြည်သူတွေ နဲ့အတူ မြန်မာနိုင်ငံလူမျိုးပေါင်းစုံ ပြည်သူများအနေနဲ့ ကမ္ဘာကုန်ကျယ်သရွေ့ အမှတ်ရအောင့်မေ့နေ ကြမှာ မလွဲပါ။
ကျနော် ဒီဆောင်ပါးရေးရတဲ့ ရည်ရွယ်ချက်က ကနေ့ အကြမ်းဖက် လူသတ်သမားတွေလုပ်မဲ့ ရွေးကောက်ပွဲ ဆိုတာကို ပြူတစ်ပြူတစ်လုပ်နေကြတဲ့ ဗမာပါတီတွေရော တိုင်းရင်းသား အမည်ခံပါတီတွေရော ကိုယ့်လိပ်ပြာကိုယ်လုံကြစေလိုပါတယ်။ ဗမာပါတီတွေကတော့ ကြံ့ဖွတ်နဲ့ ကြံ့ဖွတ် ပေးစာကမ်းစာကို လက်ဝေခံစားသောက်နေကြတဲ့ ကြေးစားပါတီက အများစု ဖြစ်နေကြတာဆိုတော့ အားလုံးပဲ ဝင်ဝင် မဝင်ဝင် ပြဿနာမရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ဘယ်ရွေးကောက်ပွဲမှာမှ ဘယ် ကြံ့ဖွတ်အောက်ဆွဲပါတီမှ အနိုင်မရခဲ့သလို လူထုဆန့်ကျင်မှုကိုလည်း ပက်ပက်စက်စက်ခံခဲ့ရတဲ့ ပါတီအမည်ခံ ဒလန်တွေက အများစု ဖြစ်ကြပါတယ်။ ခက်တာက တိုင်းရင်းသားအမျိုးသားနာမည်တွေနဲ့ ပါတီတွေကိုတော့ ပြောရတော့မှာပါ။ မိုဆိုမှာ အနန့်ပါမှာ လက်ယက်ကုန်းမှာ စစ်ကိုင်းမှာ ရက်ရက်စက်စက် သတ်ဖြတ် မုဒိမ်းကျင့် ရွာမီးရှို့ ဓားပြတိုက် လုယက်ရမ်းကားနေတဲ့ ဖက်ဆစ်စစ်တပ်ရဲ့ ရွေးကောက်ပွဲကို ဝင်မယ်ဆိုရင်တော့ ကြိုတင်မေတ္တာရပ်ခံချင်တာက တိုင်းရင်းသားအမည်တွေကို မသုံးဘဲ ကိုယ်ကြိုက်တဲ့ နာမည်တွေသုံးပြီး ဝင်နိုင်ပါတယ်။ ခင်ဗျားတို့ကြောင့် သမိုင်းမှာ တိုင်းရင်းသားတွေကိုယ်တိုင် မျက်နှာငယ်ရမယ့်ကိစ္စတွေ ဖြစ်နေလို့ ကိုယ့်နာမည်ကိုယ်သုံး၊ လုပ်ချင်ရာလုပ်၊ အရိုးအရင်း ကိုက်ချင်လည်း ကိုက်၊ စစ်အုပ်စုကို ခွေးကတက်က အလုပ်အကျွေး ပြုချင်လဲပြု၊ စစ်ဖိနပ်ကုန်း ရက်ချင်လဲရက်ပါ။ အမျိုးသားအားလုံးကို ကိုယ်စားပြုသလို တိုင်းရင်းသားများအမည်တွေကိုတော့ ကိုယ့်သဘောနဲ့ကိုယ် မသုံးစွဲကြဖို့ အလေးအနက် မေတ္တာရပ်ခံလိုကြောင်းပါဗျား။
လူသတ် အကြမ်းဖက် ဖက်ဆစ်ဝါဒ ကျဆုံးပါစေ။
ဖွတ်အောက်ဆွဲတွေ စစ်အောက်ဆွဲတွေ ကျဆုံးပါစေ။
ပြည်သူလူထုတရပ်လုံး အောင်ပွဲခံပါစေ။
ကိုအောင်မှိုင်း
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar