Breaking News

စံ ညိမ်း ဦး - မီး

August Herbin- 1882-1960 , Nothing.1949. (Gouache on paper)

မီး
စံ ညိမ်း ဦး
(မိုးမခ) ဒီဇင်ဘာ ၃၊ ၂၀၂၂

ဘာကိုရှာနေတာတဲ့လဲ၊ ရုတ်တရက်ကြီး မိုးစုံးစုံးချုပ်သွားတဲ့ရယ်သံတွေရဲ့လိပ်စာကို အနက်ရောင်တောင်စောင်းတနေရာမှာ မြှုပ်ထားသတဲ့။

လမ်းတွေ။ အနက်ရောင်လျှာကြီးလို တွန့်လိမ်ပြီးတမြို့ဝင်တမြို့ထွက် သွားနေတယ်။ အဖြေမရှိတဲ့ဒုက္ခကိုအရသာခံပြီး တဆတ် ဆတ် တုန်ခါလို့။

မရှူနိုင်မကယ်နိုင်ဖြစ်တော့မှ မျက်ရည်နဲ့ ရင်းရတဲ့ဂိမ်းမှာ သရုပ်ဆောင်ခဲ့မိကြောင်း ဇာတ်ညွှန်းကိုပြန်ဖတ်ပြီး ငိုင်ခဲ့ဖူးသလား။

အနက်ရောင်ငှက်တွေက အနက်ရောင်ကောင်းကင်မှာ အရင်ကလိုပဲ ဘလူးစ်တေးတွေဆိုပြီးပျံနေကြတယ်လို့ ဘာမှမမြင်ရပေမယ့် ခံစားနေမိတယ်။

ဘာပဲဖြစ်ဖြစ်ကမ္ဘာကြီးအကြောင်းပြောဖြစ်ကြဦးမှာပါ။ ကျွန်ဟာကြာပွတ်နဲ့အသားကျနေတဲ့ သူ့ကျောကုန်းကို သွေးဘယ်လောက်စို့စို့ ထုံသွားတာမျိုးနဲ့လည်းတူနေလိမ့်မယ်။

မြင်းကျားဟာ နာကျင်ခြင်းနဲ့မနာကျင်ခြင်းကို သူ့ကိုယ်ပေါ်က အဖြူစင်းနဲ့အမည်းစင်းလိုပဲ ဘာမှမဆန်းတော့သလိုတွေးချင်နေမှာပေါ့လေ။

နေရောင်ခြည်ဟာ ပြန်မလာနိုင်တာ သေချာခဲ့ပြီတဲ့။ နေရောင်ခြည်ဟာဘုရားတွေခေါ်တဲ့ဖုန်းကိုလည်း မကိုင်လို့တဲ့။ တကယ်တော့ ဘုရားတွေကနံပါတ်မှားခေါ်နေခဲ့တာ။

အဲဒီနေ့က နံရံတွေ၊ လွင်ပြင်တွေ၊ ရေတံခွန်တွေ၊ ပန်းပွင့်တွေ၊ လေညင်းတွေ၊ အပြုံးတွေ၊ ဒိုင်ယာရီတွေ၊ ကျမ်း စာအုပ်တွေ၊ အနမ်းတွေ၊၊ ပြောလိုက်တဲ့စကားတွေ၊ ကြယ်တွေ၊ အားလုံးဟာအနက်ရောင်။

(⚫ ၊ ⬛ ၊ 🖤 ၊ 🏴 ၊ ▪ ▪ ▪ ▪ ▪ ) စတဲ့ အဝိုင်း၊ လေးထောင့်၊ အသည်းပုံ၊ အလံတော်နဲ့အစက်အပြောက်များဟာလည်း အနက်ရောင်တဲ့။

လောကဒေါင့်ကွေးလေးတခုမှာ ပရောမီးသယပ်က လျှာထိုးဦးထုပ်အနက်ကိုဆောင်းထားတယ်။ တီရှပ်မှာယုံကြည်ခြင်းဘာသာစကားနဲ့ရေး ထားတဲ့တော်လှန်ရေးဆိုတဲ့စာတန်းကို မြင်ကြရတယ်။ သူ့ကိုတစုံတရာကခိုးယူသွားတဲ့ပုံလည်းပေါက်လို့။ ဘာလို့များ ပိုးမွှားအတိနဲ့နှစ်တွေလို ခေါင်းငိုက်စိုက် ထိုင်နေရတာတဲ့လဲလေ။

အဲဒီနေ့မှာပဲ မသေသေးသူတွေကရင်ဘတ်အ ပေါက်ကြီးနဲ့ လျှောက်သွားနေကြတယ်။ လူ သေစာရင်းတွေကိုပိုက်ပြီးသွေးစက်လက်နဲ့လျှောက်သွားနေကြတာပေါ့။ ဘယ်ကိုသွားနေကြတာလဲလို့ လှမ်းမေးကြည့်ပေမယ့် ဘာသူမှလည်း ကြားပုံမရပါဘူး။
စံ ညိမ်း ဦး
၂၁၂၂၂
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar