Breaking News

လင်းလက်နွေဦး - လည်ပတ်ကြိုး

Image- Crd
လည်ပတ်ကြိုး
လင်းလက်နွေဦး
(မိုးမခ) ဒီဇင်ဘာ ၃၊ ၂၀၂၂
 
ထုံးစံအတိုင်းပါပဲ၊ ကျနော့်သားသမီးတွေပေးတဲ့နာမည်ပဲ တွင်သွားပါတယ်။ သူတို့မှာ ဗီတိုအာဏာရှိတယ်ထင်ပါ့။ ဖြစ်သင့်တာက ပီအာလ်စနစ်လေ။ ခုတော့ သူတို့ချည်းပဲနိုင်နေတယ်။ အမြဲတမ်းရှုံးဆို ကိုယ်ကလည်း ကျားကုတ်ကျားခဲမကြိုးစားခဲ့ဘူးလေ။ ဒီအတိုင်း ‘ငါ အဖေပဲ’ ဆိုတာနဲ့ နိုင်မယ်မှတ်နေတာပါ။ အရေးဆိုမှုတွေကြားမှာ ကျနော်ကျရှုံးသွားတယ်။ ဒေဝဒတ်ကြီးလိုပါပဲ၊ ရှုံးတာကို ရှုံးမှန်းသိတယ်၊ ဝန်ခံတယ်။ ဂျပုလေးလိုတော့ ရှုံးမဲ မမဲပါဘူး။ လူသားဆန်ပြလိုက်တာပေါ့။

‘ထားပါ၊ မင်းတို့ခေါ်တဲ့ ဂျက်ကီပဲ ထားပါ’

ကျနော်အလံဖြူပြလိုက်တဲ့အချိန်ကနေစပြီး၊ ‘ဂျက်ကီမ’ ဖြစ်လာပါတော့တယ်။ ဘုန်းကြီးကျောင်းမှ ခိုလှုံခွင့်တောင်းထားတဲ့အချိန်၊ ညနေတိုင်း ကျောင်းဝိုင်းထဲမှာ လမ်းလျှောက်ဖြစ်တယ်။ ကျောင်းဝိုင်းက ကျယ်တော့၊ ရှေ့အုတ်တံတိုင်းကနေ တောင်၊ နောက်၊ ပြီးတော့ ကျောင်းဆောင်ပြန်။ မြောက်တံတိုင်းက လမ်းမပေါက်သေးဘူး။ ခြုံနွယ်ပိတ်ပေါင်းတွေ ထူလို့။

တခုသောဆောင်းပါးမှာ တင်ပြခဲ့တဲ့အတိုင်း၊ ကျောင်းမှာ ခွေးအုပ်စုကြီး (၃)စုရှိတယ်။ ဂျက်ကီမက အလယ်စုက။ လမ်းလျှောက်တော့ ဂျက်ကီမ ပေါက်စလေးက ရှေ့ကနေပြေးတယ်။ တောင်ခွေးအုပ်နဲ့တွေ့တော့၊ ဒီကောင်ပေါက်လေး ကြောက်ရမှန်းမသိ လန့်ရမှန်းမသိ၊ အတင်းထိုးဟောင်တာပဲ။ အဲတော့၊ ခွေးကြီးတွေကလည်း ငါတို့လိုကောင်ကြီးတွေကို မလောက်လေးမလောက်စားလေးက ဟောင်ရမလားဆိုပြီး ဝိုင်းကိုက်ကြတယ်။ ခွေးတွေ ခွေးတွေ ဝိုင်းကိုက်၊ ဂျက်ကီမလေးမနိုင်တော့ ပြေးတာပေါ့။ ကျနော်တို့မီလာတဲ့အချိန်မှာ သူက ခြုံထဲမှာ။ ခွေးတွေက အပြင်က ဝိုင်းထားတယ်။ ကျနော်တို့က ခွေးကြီးတွေကို ခြောက်လှန့်မောင်းထုတ်လိုက်ပေမယ့်၊ ဒီကောင်မလေးအပြင်ထွက်မလာရဲဘူး။ ကျနော်တို့ မုန့်တွေရေတွေတိုက်ကျွေး ချော့မော့တော့မှပြန်လိုက်လာတယ်။ သွေးအလိမ်းလိမ်း။ မညှာမတာ။

သူနဲ့အတူ မောင်နှမတကောင်က ‘အောင်နက်’။ ဒီကောင်က ခွေးပါး၊ ခွေးအုပ်ကြီးမြင်တာနဲ့ အဆောင်ပြန်ပြေးတာ မှုန်လို့။ ဂျက်ကီမက သတ္တိကောင်းတယ်၊ ဇ ပါတယ်။ နို့ခွဲအရွယ်ကတည်းက ‘တဂီဂီ တဂဲဂဲ’။ ဒါ ပေမယ့်၊ အဲဒီဖြစ်ရပ်နောက်ပိုင်းတော့ အတော်ကြောက်တတ်လာတယ်။ ခွေးကြီးတွေမြင်ရင် ရိပ်ခနဲ လစ်ပြေးတော့တာပဲ။ ကိုယ်က ကြောက်လို့မှ အဖော်ရမလား အောက်မေ့တယ်၊ သူက မရှိတော့ဘူး။ နောက်သို့ ပြန်ကြည့် လိုင်းမရှိဆိုတဲ့ ဖုန်းလိုင်းတွေ ကျနေတာပဲ။

ဒါပေမယ့် သူ့ငယ်နိုင်တွေကိုတော့ ခုထိနိုင်ပါသေးတယ်။ မိပိန်တို့ မိကြားတို့ကိုပေါ့။ သူ့ထက် အကြီးတွေနဲ့တွေ့ရင်တော့ ထွက်ပြေးရင် ပြေး၊ အမြီးကုတ်ရင် ကုတ်။ မျက်မှန်းတန်းတဲ့ကောင်နဲ့ဆိုရင်တော့ အမြီးလေးတရမ်း ရမ်း၊ အမြီးချိုသွေးတာပေါ့လေ။ တိုက်ကျွဲမှန်ရင် ‘ချို’ ရာမကင်းတဲ့။ ဂျက်ကီမရဲ့ ဒဏ်ရာတွေကတော့ ပျောက် ကင်းသွားပြီ၊ အမွှေးကြမ်းကြမ်းသန်သန်ကြီးတွေက ဖုံးလွှမ်းသွားပြီ။ ဒါပေမယ့် စိတ်ဒဏ်ရာကတော့ အသား နုတက်ဖို့ ခက်ခဲနေတယ်ထင်ပါ့။

ခွေးကောင်းတကောင်ဖြစ်အောင် ဟိုမေး ဒီမေး လေ့လာကြည့်တော့၊ ကျားရိုးကျားစွယ် သွေးတိုက် ခိုင်းတဲ့သူ ရှိတယ်၊ နွားနို့တိုက်ခိုင်းတဲ့သူ ရှိတယ်။ ကျားဆိုတာက ခွေးမပြောနဲ့ တောရိုင်းတိရစ္ဆာန်တွေတောင် သေးထွက်ကျအောင် ကြောက်ရတဲ့ကောင်။ ဒီလိုကောင်မျိုးနဲ့ ဆွေမျိုးစပ်နိုင်ရင် ဂျက်ကီမတော့ အာခံတွင်း ဝင်းဝင်းတောက်မှာပဲပေါ့။ အညာဒေသမှာ ကျားရိုးကျားစွယ်ဟာ ဂျို(ချို)ထွက်နို့ထက် ရှားတယ်။ ဟိုတခါ တမာပင်ကမှ အချိုထွက်သေးတယ်လေ၊ ကျားရိုးက မရနိုင်ဘူး။

အောက်ပြည်က ရောက်လာတဲ့သူဆီမှာတော့ ‘ဆင်မာန်စွယ်’ဆိုလား ရှိရဲ့။ ဆင်က မုန်ယိုချိန်မှာ သစ်ပင်ကို ပြေးထိုးတော့ ပင်စည်မှာ ကျိုးကျန်ရစ်တဲ့ အစွယ်တဲ့လေ။ သူကတော့ငှားသား၊ နည်းနည်းလောက် သွေးတိုက်ပြီး ပြန်ပေးတဲ့။ ကျနော် စဉ်းစားကြည့်တယ်၊ မဖြစ်ဘူး၊ ခွေးက မကိုက်ဘဲ ပြေး ပြေးဝှေ့နေမှဖြင့်။

နွားနို့တဘူး တစ်ထောင်ပေးရတယ်။ ဗမာနွားမတွေဆိုတော့ နို့ထွက်နည်းတယ်လေ၊ ပေးရမှာပဲ။ တပတ်နှစ်ပတ်တိုက်ကြည့်တယ်၊ ကိုယ့်ကောင်က ဝလာ သန်လာတယ်၊ (အမ တန်မဲ့) ကျားကျားယားယား ဖြစ်လာတယ်။ သတ္တိက ရွေးတစေ့မျှ ပိုမလာဘူး ထင်ရတယ်။ ကြောက်မြဲ ကုတ်မြဲ ပြေးမြဲ ရမ်းမြဲ။ နေမြဲပေါ့ လေ။ ခန္ဓာကိုယ်နဲ့ သတ္တိဟာ လုံးဝအချိုးမကျပါဘူး။

တနေ့၊ ဘာရယ်မဟုတ်ပါဘူး၊ ဆိုင်တဆိုင်မှာ ခွေးလည်ပတ်လေး တွေ့မိတယ်။ ခြူလုံးလေး တစ်လုံးပါတယ်။ နှစ်ထောင်ငါးရာတဲ့။ ဝယ်ပြီး လည် ပတ် ပတ်ပေးလိုက်တယ်။ ဆေးစွမ်းက အဲမှ ပြတော့တာပဲ။ ဂျက်ကီမကြီး ရှေ့ကနေ တလွှားလွှားနဲ့ မဲမဲမြင်သမျှထိုးဟောင်တော့တာပဲ။ ကျနော်တို့ဖြင့် လိုက်ဟန့်ရ၊ လိုက် ထိန်းရ။ လည်ပင်းက ခြူလေးကိုလည်း သဘော ကျဟန်တူတယ်၊ ခဏခဏ လည်ပင်းခါနေ ကုတ်နေတော့ တာပဲ။ ခြူကလေးက တချွင်ချွင်နဲ့။ တခြားခွေးတွေက အထူးအဆန်း ဝိုင်းဟောင်ကြတယ်။ ‘ဂျက်ကီမ’ မကြောက်တော့ဘူးဗျ။ ပြန်ဟောင်တာပဲ။

ကျားရိုးကျားစွယ် လိုက်ရှာနေစရာမလို။ နွားနို့လည်း အကုန်အကျခံ ဝယ်တိုက်စရာ မလို။ စိတ် ကျန်းမာရေးဆရာဝန်နဲ့ တိုင်ပင်နေစရာမလို။ ‘ခွေးလည်ပတ်’ သာ ဝယ်ပတ်ပေးလိုက်ပါဗျာ။ ခင်ဗျားမှာ ကြောက်တတ်တဲ့ ခွေးတကောင်ရှိတယ် ဆိုရင်ပေါ့။

လင်းလက်နွေဦး
၂.၁၂.၂၀၂၂ နေ့လည် ၁၂နာရီ ၁၅မိနစ်။
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar