Breaking News

စေ့စပ်ဆွေးနွေးရေးအတွက် အခြေအနေကတိကဝတ် ၅ ချက် နဲ့ သွေးကြွေးမှာ ဆွေးနွေးစရာမရှိဆိုတဲ့ ရပ်တည်မှု

မြန်မာနွေဦး ခရိုနီကယ် - ဒီဇင်ဘာ ၂ မြင်ကွင်း

(မိုးမခ) ဒီဇင်ဘာ ၃၊ ၂၀၂၂


စေ့စပ်ဆွေးနွေးရေးအတွက် အခြေအနေကတိကဝတ် ၅ ချက် နဲ့ သွေးကြွေးမှာ ဆွေးနွေးစရာမရှိဆိုတဲ့ ရပ်တည်မှု

နိုင်ငံတကာ သတင်းဌာနကြီးတခုက ကျင်းပတဲ့ ဆွေးနွေးပွဲတခုမှာ NUG ဒုသမ္မတ ဒူးဝါးလရှီလက နိုင်ငံတကာကို လေယာဥ်ပစ်လက်နက်လိုမျိုး ထောက်ပံ့ကူညီကြဖို့ တောင်းဆိုသလိုပဲ တဖက်မှာလည်း စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးဖို့ လမ်းဖွင့်ထားကြောင်းနဲ့ ဆွေးနွေးဖို့အတွက် သတ်မှတ်ချက် ငါးချက်ကို စစ်ကောင်စီက သဘောတူရင် ဆွေးနွေးပွဲ စားပွဲမှာ စကားပြောမယ်လို့ ဆိုလိုက်ပါတယ်။ အဲဒီလို ဆိုလိုက်လို့ လက်ရှိမှာ စစ်ကောင်စီနဲ့ ဆွေးနွေးပြောဆိုမယ့် အခြေအနေတွေ ရှိနေလားလို့ဆိုရင် အဲလိုတော့ မဟုတ်ဘူးလို့ ဆိုရမှာပါ။ စစ်ရေးနည်းလမ်းနဲ့ တိုက်ခိုက်နေစဥ်မှာပဲ ဆွေးနွေးနိုင်မယ့် လိုအပ်ချက်ကို ပြောဆိုတဲ့ သဘောလို့ ယူဆရပါတယ်။ 

( ယာယီသမ္မတ၏ ကြိုတင်သတ်မှတ်ချက် ၅ ခုကတော့ -  အာဆီယံ တောင်းဆိုထားသလို သတ်ဖြတ်မှုများချက်ခြင်းရပ်ရန်၊ တပ်မတော် က နိုင်ငံရေးက ဆုတ်ခွာရန်၊ လူသားချင်းစာနာမှု အကူအညီများ လွတ်လပ်စွာ ရရှိရန်၊ ၂၀၀၈ အခြေခံဥပဒေ ဖျက်သိမ်းကြောင်း လက်ခံရန်၊ စေ့စပ်ဆွေးနွေးမှုမှာ နိုင်ငံတကာ၏ ကြားဝင်စောင့်ကြည့်မှု အာမခံချက်ရှိရန်) 

နိုင်ငံရေး အရ အခုလို ပြောဆိုတာကို စစ်ကောင်စီနဲ့ တိုက်ခိုက်နေတဲ့ PDF လက်နက်ကိုင် အဖွဲ့တွေ ၊ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားနေကြတဲ့ တက်ကြွလှုပ်ရှားတဲ့ အဖွဲ့အစည်းတွေက လက်မခံနိုင်ပဲ ဝေဖန်မှုတွေလည်း ပေါ်ထွက်နေတာ တွေ့ရပါတယ်။ စစ်ကောင်စီဟာ ရက်စက်စွာသတ်ဖြတ်နေတဲ့၊  ဓါးပြတိုက်တဲ့ နေအိမ်တွေ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတဲ့ ဖက်ဆစ် စစ်တပ်တခုသာဖြစ်တယ်လို့ သတ်မှတ်ထားကြတဲ့ အောက်ခြေက လက်နက်ကိုင် အဖွဲ့တွေက ကန့်သတ်ချက် ၅ ချက်ကို သဘောတူရင် ဆွေးနွေးမယ်ဆိုတာကို ပင်လျင် လက်မခံနိုင်ကြပဲ စစ်ကောင်စီကို အမြစ်ဖြတ်ရမယ်၊ ပြိုလဲပြီး လက်နက်ချတဲ့အထိ တိုက်ရမယ်လို့ ဆုံးဖြတ်ချက် ချထားကြတဲ့သဘောလည်း ဖြစ်ပါတယ်။ 

ဒီနေရာမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း တချို့က ဆယ်စုနှစ်များစွာကြာတဲ့ လက်နက်ကိုင် ပဋိပက္ခအတွေ့အကြုံအရ  စစ်ကောင်စီ အမြစ်ဖြတ်ရေး ဆိုတာဟာ လက်တွေ့ကျတဲ့ အယူအဆတခုလို့ မယူဆကြပဲ လက်နက်ကိုင် လှုပ်ရှားခြင်းဟာ မိမိတို့ နယ်မြေကို အတိုင်းအတာတခုထိ ကာကွယ်ဖို့၊ လက်နက်ကိုင်တပ်ဖွဲ့ရှိခြင်းအားဖြင့် နိုင်ငံရေးအရ နေရာတနေရာလည်း ရရှိဖို့ ရည်ရွယ်ကြတဲ့ သဘောမျိုးလည်း တွေ့ရပါတယ်။ 

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအနေနဲ့ လွတ်လပ်ရေးရပြီးနောက်ကာလ တလျှောက် အရပ်သား အစိုးရ၊ အဲဒီနောက် စစ်တပ်က အသွင်အမျိုးမျိုးနဲ့ အစိုးရအဖြစ် အုပ်ချုပ်ခဲ့တဲ့ ကာလ၊ ၂၀၁၀ကနေ ၂၀၂၀ ထိ ရွေးကောက်ပွဲကျင်းပပြီး အရပ်သား တပိုင်းအစိုးရ ၊ အန်အယ်လ်ဒီအစိုးရ စတဲ့အဆက်ဆက်မှာ ပြည်နယ်တွေ တိုင်းရင်းသားဒေတွေရဲ့ နိုင်ငံရေး စီးပွားရေး အခွင့်အရေးတွေနဲ့ပတ်သက်လို့ အပြည့်အဝ အာမခံချက်ရှိတဲ့ နားလည်လက်ခံတဲ့ အစိုးရမျိုး မကြုံခဲ့ရတဲ့အချက်ကြောင့်လည်း ဘယ်အစိုးရ တက်တက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအနေနဲ့ လက်နက်စွန့်ပြီး တက်လာတဲ့ အစိုးရကို ယုံကြည် ပုံအပ်ဖို့ မဝံ့ကြတဲ့ အနေအထားမျိုးလည်း ရှိကြတာပါ။ 

တိုင်းရင်းသား တန်းတူ အခွင့်အရေး ကိုယ်ပိုင်ပြဌာန်းခွင့်ကိစ္စတွေဟာ ဆယ်စုနှစ် ၇ ခုကျော်ကြာတဲ့ ပြဿနာ ဖြစ်နေပြီး လတ်တလော အာဏာသိမ်းခဲ့တဲ့ စစ်အုပ်စုကို တော်လှန်တိုက်ခိုက်တဲ့ NLD ပါတီခေါင်းဆောင်တွေ ဦးဆောင်ပါဝင်တဲ့ NUG အစိုးရနဲ့ စစ်ကောင်စီအကြား တိုက်ပွဲကို မိမိတို့ရဲ့ လူမျိုးစုအရေးနဲ့ ထပ်တူမကျဘူးဆိုတဲ့ သံသယတွေလည်း ရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေလည်း ရှိနေတာဖြစ်ပါတယ်။ 

ဒီလို သမိုင်းနဲ့ ယှဥ်တဲ့အတွေ့အကြုံ အတိတ်က ဒဏ်ရာ၊ သံသယတွေကို ချေဖျက်ဖို့ရာမှာ နှုတ်ထွက်စကားလုံး တခုထဲနဲ့ မလုံလောက်ပဲ ဆုံးဖြတ်ချက်၊ အခြေခံမူဝါဒ၊ လက်တွေ့ အခြေအနေတွေမှာ ကျင့်သုံးမှုတွေနဲ့ ပြသဖို့လည်း အရေးကြီးတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အကြပ်အတည်းဟာ ဗဟိုအာဏာ ချုပ်ကိုင်နိုင်ရေး ဆိုတဲ့ ပြဿနာသက်သက်မျှ မဟုတ်ပဲ တိုင်းရင်းသား အခွင့်အရေး စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု မူဝါဒတို့ကို မူဝါဒနဲ့ လက်တွေ့အာမခံချက်တွေနဲ့ ယုံကြည်မှုတည်ဆောက်မှသာ အနာဂတ် ပြည်ထောင်စုပုံပေါ်မှာ ဖြစ်တဲ့ အနေအထားလို့ ယူဆမိပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar