Breaking News

မောင်တူး - ခရစ္စမတ်လွန် တရက်သည် ( ၈၁ ) နှစ်မြောက်တပ်မတော်နေ့

မြန်မာ့တပ်မတော်၏ ဖခင် စစ်သေနာပတိချုပ် ဗိုလ်ချုပ်အောင်ဆန်း
ခရစ္စမတ်လွန်တရက်သည်၈၁နှစ်မြောက်တပ်မတော်နေ့ 
မောင်တူး
(မိုးမခ) ဒီဇင်ဘာ ၂၈၊ ၂၀၂၂

*တပ်မတော်နေ့ 26 Dec 1941 
လက်မောင်းသွေးဖေmက်၊ ဝိုင်းစုသောက်
ဘန်ကောက်မြို့မှာ၊ တည်ထောင်ပါသည်၊
မြန်မာပြည်၏ တပ်မတော်။

* တော်လှန်ရေးနေ့ 27 March 1945
လှည်းနေလှေအောင်း၊ မြင်းဇောင်းမကျန်
တော်လှန်ပြည်လုံး၊ ပေါင်းစုရုံးသည်
မြန်မာပြည်၏ တော်လှန်ရေးနေ့။

*လေးနှစ်ငယ်နေတဲ့သား
လေးဆယ့်တစ်မှာ၊ မွေးဖွားပါလည်း
သားလျာလေးအား၊ လေးဆယ့်ငါးဟု
လိမ်ထားမှုကား သမိုင်းမှားပင်။

* ၈၁ နှစ်သားစစ်တပ် 26 Dec 2022
နှစ်ဆယ့်ခြောက်မှာ၊ ဒီဇင်ဘာလ
နှစ်မှာလက်ရှိ၊ ကာလတည့်ဖြစ်
ရှစ်ဆယ့်တစ်နှစ်မြောက် တပ်မတော်နေ့။ ။ 
(မောင်တူး)

#တပ်မတော်နေ့ဟာခရစ်စမတ်ပြီးတရက်ဒီဇင်ဘာ၂၆ ရက်၁၉၄၁ ခုနှစ်

"တပ်မတော်ဟာ မရှိတာပိုကောင်းတယ်။
စစ်တပ်ဆိုတာကတော့ ရှိရမယ်။
ဒီနေ့ စကစ စစ်တပ်ကတော့ မရှိတာပိုကောင်းတယ်" ။ ။

(ကချင်ခေါင်းဆောင်တဦး) ဝါရှင်တန်ဒီစီ စစ်အာဏာရှင် သံရုံးရှေ့ ဆန္ ဒပြပွဲမှာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလက ပြောကြားချက် ဖြစ်ပါတယ်။ 

အခု စာရေးနေဖြစ်တဲ့ အကြောင်းရင်းကိုက ကချင်လူမျိုးတွေ ဦးဆောင်ပြီး အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီ ဆန္ဒပြပွဲက အရင်းခံတာပါ။ KBC ကချင်ခရစ်ယန်ဘုန်းတော်ကြီး ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီက ဖမ်း ဆီးအပြီး အမေရိကန်ရောက် ကချင် မြန်မာ ကရင် ရှမ်း စတဲ့ တိုင်းရင်း သားတွေဟာ ဝါရှင်တန်ဒီစီမှာ ဆရာတော့် လွတ်မြောက်ရေးအတွက် ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြပွဲမှာ ကချင်ခေါင်းဆောင်တဦးက " စစ်တပ်ဟာ ကျနော်တို့တိုင်းရင်သားတွေကို ခရစ်ယန်တွေကို အမျိုးမျိုး ဖမ်းဆီးတယ်။ နှိပ်စက်တယ်။ သတ်ဖြတ်တယ်။ ကျနော်တို့ ခရစ်ယာန်တင်မကဘူး လွန်ခဲ့တဲ့ ရက်ပိုင်းက TNLA ပလောင်ဒေသမှာ စစ်တပ်က ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွေကို ဖျက်ဆီးတယ်။ ဘုန်းတော်ကြီးတွေလဲ ထွက် ပြေးနေရတယ်။ ပြောချင်တာက တပ်မတော်၊ စစ်တပ်၊ စစ်ကောင်စီ၊ စစ်အုပ်စုတွေ၊ စစ်ခေါင်းဆောင်တွေဟာ ဆိုလို့ရှိရင် ပြည်သူလူထုအတွက် လုံးဝမကောင်းဘူး။ သူတို့ စစ်ဗိုလ်ချုပ်တွေ အကျိုးစီးပွားအတွက် ကာကွယ်နေတာသာ ဖြစ်တယ်။ စစ်တပ်ဆိုတာ တပ်မတော်ဆိုတာပြည်သူကို ကာကွယ်ရမှာပါ။ အခုက ပြည်သူကို မကာကွယ်ပဲနဲ့ ပြည်သူကို သတ်နေတယ်။ တိုင်းပြည်ထဲက ဗုဒ္ဓဘာသာဝင်တွေပဲဖြစ်ဖြစ်၊ ခရစ်ယန်၊ မွတ်ဆလင်၊ ဟိန္ဒူ အကုန်လုံးကို ဒုက္ခပေးနေတယ်။ ဒါကြောင့် တပ်မတော်ဟာ မရှိတာက ပိုကောင်းတယ်။ စစ်တပ် ဆိုတာကတော့ ရှိရမယ်။ ဒီနေ့ စကစ စစ်တပ်ကတော့ မရှိတာပိုကောင်းတယ်၊။" လို့ ပြောသွားခဲ့ပါတယ်။
ဒီစကား ကြားရတဲ့အချိန်ဟာ မြန်မာ့ တပ်မတော်ကို စတင် လက်မောင်းသွေးဖောက် သောက်ကြပြီး တည် ထောင်ခဲ့တဲ့ ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နဲ့လည်း တိုက်ဆိုင်နေတာပါ။ ပိုဆိုးတာကတော့ စစ်ကောင်စီ အကြမ်းဖက် အာဏာသိမ်းစစ်တပ်ဟာ ပြည်သူတွေကို သတ်နေယုံ လိမ်နေယုံမက ကိုယ့်ကိုယ်ကိုလဲ လိမ်ထားတာ ဖြစ်ပါတယ်။ အဲဒါကတော့ တပ်မတော်စတင်ဖွဲ့စည်းခဲ့တဲ့ ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်ကို ဖျောက်ထားပြီး ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက် ဖက်ဆစ်ဂျပန် တော်လှန် ရေးနေ့ကို တပ်မတော်နေ့ဆိုပြီး သတ်မှတ် ကျင်းပနေတာပါ။
 ဗမာ့လွတ်လပ်ရေးတပ်မတော် BIA တပ်တော်ကြီးချီတက်လာပုံ

* တပ်မတော်စတင်ဖွဲ့စည်းသောနေ့တပ်မတော်နေ့

ဂျပန်နိုင်ငံမှာ စစ်ပညာသင်ယူပြီး ပြန်အလာ ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော် သုံးကျိပ်ဝင်များသည် ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ၂၆ ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တွင် ဗမာ့လွတ်လပ်ရေးတပ်မတော်ကို လက်မောင်း သွေးဖောက် သစ္စာရေသောက်ကာ စုဖွဲ့တည်ထောင်ခဲ့ကြသည်။ သစ္စာဆိုပွဲ အခမ်းအနားကို ၂၆ ဒီဇင်ဘာ ၁၉၄၁ တွင် ဘန်ကောက်မြို့ရှိ မြန်မာမျိုးချစ်ရဲဘော်ကြီး ဦးလွန်းဖေ ၏ အိမ်တွင်ပြုလုပ်သည်။ ကြိုတင်ခေါ်ယူထားသော ယိုးဒယား ဆရာဝန်တဦးက ဆေးထိုးပြွန် နှင့် ရဲဘော်တို့ထံမှ လက်မောင်းသွေးများကို ဖောက်ထုတ်ယူ၍ ငွေဖလား အတွင်း သို့ စုပေါင်းထည့်ပေးလေသည်။ ခေါင်းဆောင်ဖြစ်သူ ဗိုလ်တေဇမှစ၍ အစဉ်အလိုက် ဖောက်ယူပြီး လူစေ့သွားသော အခါ သစ္စာဆိုကြရသည်။ သစ္စာဆိုရာ၌ (မြန်မာနိုင်ငံတော်ကြီး၏ လွတ်လပ်ရေးတိုက်ပွဲ အတွက် ကိုယ်ကျိုးမဖက် အသက်စွန့်၍ ရဲဝံ့စွာတိုက်ပွဲဝင်မည် ဖြစ် ကြောင်း) သံပြိုင်ဆိုကြရသည်။ သစ္စာပြုပြီးသည်နှင့် ငွေဖလား အတွင်းမှ လက်မောင်းသွေးများကို ရဲဘော်များသည် သောက်လိုက်ကြသည်။ ထိုအခမ်းအနားသို့ ရဲဘော်သုံးကျိပ်ဝင်များအားလုံး စုံညီစွာမတက်ရောက်နိုင်ပေ။ အချို့ ရဲဘော်များမှာ စစ်သားစုဆောင်းရေး တာဝန်အတွက်လည်း ကောင်း၊ အခြားဆောင်ရွက်ဖွယ် တာဝန်အရပ်ရပ်ကြောင့်လည်းကောင်း၊ ခရီးထွက် ကြရ၍ဖြစ်သည်။ မတက်ရောက်နိုင်သော ရဲဘော်များအတွက် ခေါင်းဆောင် ဗိုလ်တေဇက ကိုယ်စားပြု၍ သစ္စာပြုခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ရဲဘော်သုံးကျိပ်ဝင် စစ်ခေါင်းဆောင်များဟာတပ်မတော်အနေနဲ့ ထာဝရ စဉ်ဆက်မပြတ် လိုက်နာကျင့်သုံး ခံယူသွားရမဲ့ အခြေခံမူကြီး (၄) ရပ်ကို ချမှတ်ပြဋ္ဌာန်းခဲ့ကြသည်။ မူကြီး (၄) ရပ်မှာ -

(၁) နိုင်ငံတော်ကို ကာကွယ်တဲ့တပ်မတော်
(၂) ပြည်သူ့ဆန္ဒနဲ့အညီ နေထိုင်ကျင့်ကြံတဲ့တပ်မတော်
(၃) နိုင်ငံရေးမှာ ဝင်မစွက်တဲ့ တပ်မတော်
(၄) နိုင်ငံနဲ့ ပြည်သူအကျိုးကို လိုလားတဲ့ တပ်မတော်
ဖြစ်ရမည် ဟု တိတိကျကျ ပြဋ္ဌာန်းသတ်မှတ် ခဲ့ကြသည်။

ဘန်ကောက်မြို့မှာ စတင်စုဖွဲ့ခဲ့သော တပ်မတော်ကြီးသည် ထိုင်းနိုင်ငံမှ တဆင့် မြန်မာပြည်တွင်းသို့ ရဲဘော် သုံးကျိပ်ဝင် အမျိုးသား သူရဲကောင်း စစ်ခေါင်းဆောင်ကြီးများက ဦးစီးကွပ်ကဲကာ ဂျပန်စစ်တပ်နဲ့ အတူမော်လမြိုင် စစ်ကြောင်း၊ ထားဝယ်စစ်ကြောင်း၊ ရေကြောင်းချီ စစ်ကြောင်း၊ အတွင်းသူပုန် တပ်ဖွဲ့စစ်ကြောင်းအဖြစ် အသီးသီးစုဖွဲ့ပြီး ၁၉၄၂ ခုနှစ် နှစ်ဆန်းပိုင်းမှာ ချီတက် ဝင်ရောက်ခဲ့သည်။ ကြည်းကြောင်းချီတပ်ဖွဲ့များက ထိုင်းနိုင်ငံနဲ့ နယ်နိမိတ် ဆက်စပ်လျက်ရှိတဲ့ နယ်မြေဒေသများကို ဖြတ် သန်းချီတက်ကြရင်း ဒေသခံ မြန်မာတိုင် းရင်းသား သွေးချင်း မျိုးချစ်လူငယ်များကို စည်းရုံး သိမ်းသွင်းကာ တပ်မတော်ကြီးအား တိုးချဲ့ စုဖွဲ့ခဲ့ကြသည်။ ထို့ကြောင့်လည်း ရှမ်း၊ ကယား၊ ကရင်၊ မွန်၊ ထားဝယ်၊ မြိတ်မှ သွေးချင်း တိုင်းရင်းသားများ ပါဝင်ခဲ့ကြသည်။

* တပ်မတော်အတွက်ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်း

၁၃-၃-၁၉၄၄ မှာ ဗိုလ်သင်တန်းကျောင်းဆင်းပွဲတွင် တပ်မတော်ဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်း၌ “ပထမဆုံး ရဲဘော်တို့ကို မှာချင်တာက တို့တပ်မတော်ဟာ တနိုင်ငံလုံး တမျိုးသားလုံး အတွက် ဖြစ်တယ်။ ဒါ့ကြောင့် ဒီနိုင်ငံအကျိုးကို ကာကွယ်ရမယ်။ တပ်မတော်ဟာ တနိုင်ငံလုံး တမျိုးသားလုံးအတွက်ဖြစ်တယ်ဆိုတာ နားလည်ရမယ်။ ဒီတပ်မတော်ဟာ လူတဦး တယောက်အတွက် တည်ထောင်ထားတာ မဟုတ်ဘူး။ ဒီတပ်မတော်ဟာ တဖွဲ့၊ တပါတီ၊ လူတစုအတွက် တည်ထောင်ထားတာ မဟုတ်ဘူး။ တနိုင်ငံလုံး တမျိုးသားလုံး အတွက် ဖြစ်တယ်” လို့ ပြောကြားခဲ့တယ်။
စစ်အာဏာရှင်ကြီး ဗိုလ်ချုပ်ကြီးနေဝင်းက ၁၉၅၅ ခုနှစ်ကစပြီး မတ်လ ၂၇ ရက်ကို တပ်မတော်နေ့လို့ ပြောင်းလည်းခဲ့ပါတယ်။ သမိုင်းကို ကမောက်ကမ ဖြစ်အောင် လုပ်ခဲ့တဲ့ စစ်အာဏာရှင်တွေရဲ့ လုပ်ရပ်ပါ။ နွေဦးတော် လှန်ရေးအောင်မြင်မှသာ ဒီသမိုင်းအလွဲကြီးက ပြန်တည့်မတ်မှာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း ၂၀၂၁ ဖေ ဖော်ဝါရီ ၁ ရက်ကတည်းက အကြမ်းဖက် စစ်အာဏာသိမ်းထားပြီး ပြည်သူတွေကို ဖမ်းနေ သတ်နေ မုဒိမ်းကျင့်နေ လုနေ ခိုးနေ လိမ်နေတဲ့ တပ်မတော်ဟာ သူ့မွေးနေ့ကိုတောင် လိမ်ထားသေးပါတယ်။

* ဖက်ဆစ်တော်လှန်ရေးနေ့ 27 March 1945

လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ပြည်သူတရပ်လုံး တော်လှန်ခဲ့တဲ့ ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်ဟာ တပ်မတော်နေ့ မဟုတ်ပါ။ ဖက်ဆစ်တော်လှန်ရေးမှာ ၁။ ဗမာပြည်ကွန်မြူနစ်ပါတီ ၂။ ပြည်သူ့အရေးတော်ပုံပါတီ တပ်မတော် စတဲ့ ၃ ဖွဲ့ပေါင်း လုပ်ခဲ့ကြရာမှာ နိုင်ငံရေးခေါင်းဆောင်က ဗမာပြည်ကွန်မြူနစ်ပါတီ ဖြစ်ပါတယ်။ မှတ်တမ်းတွေအရ ဖက်ဆစ်ကို စတိုက်ခဲ့သူများဟာ ကွန်မြူနစ်တွေ ဖြစ်ပါတယ်။ ရခိုင် ကွန်မြူနစ်အဖွဲ့ဖြစ်တဲ့ ဘုံပေါက်သာကျော်၊ ကိုညိုထွန်းတို့ ဦးဆောင် ရခိုင် ပျောက်ကျားတပ်တွေက ဂျပန်ကို စတိုက်ပါတယ်။ ရိုးမက သခင်သန်းထွန်းခေါင်း ဆောင် ကွန်မြူနစ်ပြောက်ကျားတွေက ထပ်တိုက်ပါတယ်။ မန်းဝင််းမောင် ခေါင်းဆောင် ကရင်ပြောက်ကျားတွေကလဲ တိုက်လာပြီးတော့မှ တပ် မတော်က ဗိုလ်မှူးကြီးဗထူးဦးဆောင် တိုက်တော့တာပါ။ ကွန်မြူနစ်တွေ တိုင်းရင်းသားတွေက တပ်ဦးက စတင်ခဲ့တာပါ။ တပ်မတော်ဟာ အမှတ်ပိုယူပြီး တလုံးပိုရှုပြီး တော်လှန်ရေးနေ့ကို လုယူထားပြီး တပ်မတော်နေ့ လုပ်ထားတာကတော့ .....။

* လေးနှစ်ငယ်နေတဲ့သားလေးဖိုးဆယ်

၁၉၄၁ ကစဖွဲ့ခဲ့တဲ့ တပ်မတော်ဟာ အခု ဒီဇင်ဘာ ၂၆ မှာ ၈၁ နှစ် ပြည့်ပါပြီ။ စစ်တပ်က ကျင်းပနေသလို ၁၉၄၅ မတ်လ ၂၇ နဲ့ တွက်ရင်တော့ ၇၆ နှစ်ပေါ့။ ၄ နှစ် ပိုငယ်သွားပါတယ်။
ကျနော်တို့ရွာမှာ ဦးခင်မောင် ဆိုတဲ့လူကြီး ရှိတယ်။ သူ့ကို မွေးစက မိဘတွေ ဆင်းရဲတော့ အာဟာရမပြည့်ရှာဘူး။ ၄ နှစ်သားထိ ချူချာတယ်။ ဒါကြောင့် ရွာဦးကျောင်း ဆရာတော်က ၄ နှစ်သားမှာ သူ့ကို ၁၀ ပြားပေးပြီး ဝယ်လိုက်တယ်။ အဲ့သည်တုန်းက ၁၀ ပြားဟာ မုန့်ဟင်းခါး ၁၀ ပန်း ကန် ဝယ်စားလို့ရသတဲ့။ သူ့နာမည်ကို ခင်မောင်က‌နေ ဖိုးဆယ်လို့ ပြောင်းတယ်။ ဘုန်းကြီးကျောင်းမှာ ကောင်းကောင်းစား ရတော့ ကျန်းမာရေးကောင်းလာတယ်။ ဖိုးဆယ်ရဲ့ မွေးနေ့ကလည်း သူ ၄ နှစ်သားက စတွက်ထားတာပေါ့။ ဒါကြောင့် သူ့အသက်ဟာ သူ့ကို စ မွေးတဲ့ အချိန်နဲ့ အမြဲ ၄ နှစ် ငယ်နေတာပေါ့။ ဒါပေမဲ့သူ အသက်ကြီးလို့ ကျန်းမာရေးဆိုးတဲ့အခါ ယတြာချေတော့ မူရင်း ၄ နှစ်ကြီး မွေးနေ့ လ ရက်နဲ့ ဗေဒင်တွက် ယတြာ ချေမှသာ သူ့ရောဂါ ပျောက်သတဲ့။

* ၈၁ နှစ်သားစစ်တပ်အပြုတ်တိုက်ခံနေရပြီ 26 Dec 2022

၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက် ( နှစ်စဉ် ခရစ္စမတ်ပြီး ၁ ရက်) ဟာ ၈၁ နှစ်မြောက် တပ်မတော်နေ့ပါ။ မှေးမှိန်အောင်လုပ်ထားကြတော့ သတိ ထားမိသူ နည်းပါးပါတယ်။ ဒီမိုကရေစီ ရမှပဲ ဒီသမိုင်းက ထင်ရှားလာမှာပါ။ ဒါပေမဲ့လည်း ကချင် ခေါင်းဆောင် တဦး အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမှာ ပြောခဲ့သလို ဒီတပ်မတော်ဟာ မရှိသင့်တော့ပါဘူး။ အဟောင်းဖြိုထုတ် အသစ်လုပ်ရမှာပါ။ ဗိုလ်ချုပ်အောင်ဆန်း ချမှတ်ခဲ့တဲ့...
(၁) နိုင်ငံတော်ကို ကာကွယ်တဲ့တပ်မတော် မဟုတ်တော့
ပြည်သူကိုသတ်နေပြီ။
(၂) ပြည်သူ့ဆန္ဒနဲ့အညီ နေထိုင်ကျင့်ကြံတဲ့တပ်မတော် မဟုတ်တော့
ပြည်သူ့ကိုယ်စားလှယ်တွေကို ဖမ်းနေ သတ်နေပြီ
(၃) နိုင်ငံရေးမှာ ဝင်မစွက်တဲ့ တပ်မတော် မဟုတ်တော့
(၄) နိုင်ငံနဲ့ ပြည်သူအကျိုးကို လိုလားတဲ့ တပ်မတော်လည်း မဟုတ်တော့တဲ့အတွက် ပြည်သူတွေက ဒီတပ်မတော်ကို မရှိစေချင်တော့ပါပြီ။ မရှိစေချင်လို့ပဲ ပြည်တွင်းပြည်ပ တိုင်းရင်းသား ပေါင်းစုံ ပြည်သူ လူထုကြီး တရပ်လုံးက ရရာလက်နက်ရှာပြီး (မရရင်လည်း ရသလို စုပြီး ကံစမ်းမဲတွေဖောက် လေလံတွေတင် ဂီတပွဲတွေလုပ် ဘောလုံးပွဲတွေလုပ် အလှူတွေခံပြီး) အကြမ်းဖက် အာဏာသိမ်း စစ်ကောင်စီကို နေရာတိုင်းမှာ ပုံစံမျိုးစုံ နည်းနာမျိုးစုံနဲ့ တိုက်နေကြပါပြီခင်ဗျာ။ ။

မောင်တူး

*ကိုးကား*
မြန်မာ့စွယ်စုံကျမ်း
ရဲဘော်သုံးကျိပ်မော်ကွန်း (တက္ကသိုလ်စိန်တင်)
၁၉၄၅- မြန်မာနိုင်ငံ ဖက်ဆစ် တော်လှန်ရေးသမိုင်း (တက္ကသိုလ်စိန်တင်)
-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar