Breaking News

နေသွင်ညိဏ်း - တံငါရွာကို ကမ္ဘာ့ထိပ်တန်းနိုင်ငံဖြစ်အောင် တည်ဆောက်ခြင်း

တံငါရွာကို ကမ္ဘာ့ထိပ်တန်းနိုင်ငံဖြစ်အောင် တည်ဆောက်ခြင်း
နေသွင်ညိဏ်း
(မိုးမခ) ဒီဇင်ဘာ ၆၊ ၂၀၂၂

၁၉၅၉ ခုနှစ် မှာ သူ ဝန်ကြီးချုပ်ဖြစ်လာတဲ့အခါ စင်ကာပူဟာ ခြင်ပေါတဲ့ နွံတောကြီးအဆင့်ပဲ ရှိပါတယ်။ လူတွေဟာ လယ်တောအိမ်မှာ ဝက်တွေ၊ ကြက်တွေနဲ့ဖြစ်သလိုနေထိုင်နေတုန်းပဲ ရှိပါတယ်။ သဘာဝသယံဇာတ မရှိတဲ့ တိုင်းပြည်၊ အခြေခံအဆောက်အဦ ဘာမှမတည်ဆောက်ရသေးတဲ့ တိုင်းပြည်၊ ပညာရေးစနစ် အားမကောင်းတဲ့ တိုင်းပြည် ဖြစ်ပါတယ်။
မြို့တစ်မြို့စာ နိုင်ငံလေးဖြစ်လို့ တခြားဖွံ့ဖြိုးဆဲနိုင်ငံတွေ လမ်းကြောင်းကိုလိုက်လို့ မဖြစ်၊ တခြား စက်မှုနိုင်ငံတွေကိုအတုယူအောင်ကလည်း သူတို့လို စက်မှုကုန်ကြမ်းလည်း မရှိ၊ ပြည်တွင်း ဈေးကွက်ကလည်း သေးငယ်။ စက်မှုလက်မှုကျွမ်းကျင်မှုလည်း မရှိ။ ဘယ်ကစကိုင်ရမယ်မှန်းမသိအောင် ခက်ခဲခဲ့ပါတယ်။ ဒါပေမယ့် ဝန်ကြီး ချုပ်လီက ပြည်သူတွေဟာ တိုင်းပြည်အတွက်အကောင်းဆုံးသယံဇာတတွေဆိုတာကို နားလည်ခဲ့တယ်။ အပြောင်းအလဲကို အားသန်နေကြတဲ့ ပြည်သူလူထုကို ယုံကြည်တယ်။
၁၉၆၁ ခုနှစ်မှာ စင်ကာပူအစိုးရရဲ့ရည်မှန်းချက်က လူတိုင်းအလုပ်အကိုင်ရရှိရေး ဖြစ်ပါတယ်။ ပညာလည်း ဟုတ်ဟုတ် ငြားငြားမရှိသေးလို့ အခြေခံကျကျက စက်ရုံအလုပ်ရုံတွေမှာ ဈေးပေါတဲ့အလုပ်သမားတွေ ဖြစ်ဖို့ပါပဲ။ ဒီကြားထဲမှာ မလေးရှားကစွန့်ပစ်လိုက်တဲ့နိုင်ငံသစ်မှာ အင်္ဂလိပ်တွေကလည်း ရေတပ်စခန်းတွေကို ပိတ်ပစ်ဖို့ ဆုံး ဖြတ်လိုက်ပါတယ်။ အကျိုးဆက်က စင်ကာပူ စီးပွားရေးမှာ လေးပုံတပုံလောက် ကျသွားခဲ့ပါတယ်။
၁၉၆၅ လောက်ကျတော့မှ စင်ကာပူ စီးပွားရေးနလံထ စပြုလာပါတယ်။ အဲဒီအချိန်လောက်မှာပဲ စင်ကာပူနဲ့ အပြိုင် မလေးရှားနဲ့ အင်ဒိုနီးရှားတို့ကလည်း ဈေးပေါတဲ့လုပ်သားတွေနဲ့ ဆွဲဆောင်လာတယ်။ အဲဒီအချိန်က စင်ကာပူမှာ အမေရိကန်၊ ဂျပန်၊ ဥရောပကတို့က စက်ရုံ အလုပ်ရုံတွေ ရှိနေကြပါတယ်။ ဈေးပေါတဲ့လုပ်သားတွေ အိမ်နီးချင်းတွေကအပြို င်ဆွယ်လာတဲ့အခါ စင်ကာပူက နောက်တဆင့်ကို တက်လှမ်းဖို့ ဆုံးဖြတ်လိုက်တယ်။ လုပ်အားကဲတဲ့ စက်ရုံအလုပ်ရုံတွေကနေ အရင်းအနှီးကဲပြီး နည်းပညာအဆင့်မြင့်တဲ့လုပ်ငန်းတွေ၊ တန်ဖိုးမြှင့် ဝန်ဆောင်မှုတွေ ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။
၁၉၈၀ ပြည်လွန်နှစ်တွေအရောက်မှာတော့ စင်ကာပူဟာ နိုင်ငံတကာစီးပွားရေးလောကမှာ ဖန်တီးသူဖြစ်လာတယ်။ နိုင်ငံတကာ ကုမ္ပဏီကြီးတွေဟာ ကျွမ်းကျင်လုပ်သားတွေရှိရာ၊ လာဘ်ပေး လာဘ်ယူကင်းရာ အလုပ်လုပ်ရတာ တွင် ကျယ်တဲ့ စင်ကာပူမှာ ဌာနချုပ်တွေ၊ သုတေသန ဌာနတွေကို ပြောင်းရွှေ့လာကြတယ်။ ဒါပေမယ့် စင်ကာပူက ဒီအဆင့်လောက်နဲ့မရပ်ဘဲ နောက်တဆင့်ကိုရည်မှန်းပြန်ပါတယ်၊ ပညာအခြေခံတဲ့စီးပွားရေး (Knowle- dge Economy) အဆင့်ကို တက်လှမ်းဖို့ ကြိုးစားပါတယ်။
ဒီနေ့ စင်ကာပူဟာ ကွန်ပြူတာ Hardware အဓိက တင်ပို့တဲ့ နိုင်ငံ၊ ကမ္ဘာက အားထားရတဲ့ဇီဝနည်းပညာရဲ့ ဗဟို ချက်ဖြစ်နေပါပြီ။ ၁၉၆၅ ခုနှစ်လောက်က စင်ကာပူရဲ့ တဦးချင်းဂျီဒီပီဟာ ဒေါ်လာ ၅၀၀ ပဲရှိခဲ့ရာက ဒီနေ့ ၉၀၀၀၀ ဖြစ်လို့ အဆပေါင်း ၂ဝဝနီးပါး တိုးတက်သွားပြီဖြစ်ပါတယ်။ စီးပွားရေး တိုးတက်မှုတခုတည်းကို တဖက်စောင်းနင်းလည်း မဟုတ်ပါဘူး။
ဘက်ပေါင်းစုံဖွံ့ဖြိုးရေးကို ထည့်သွင်းစဉ်းစားတွက်ချက်တဲ့ ကုလသမဂ္ဂ လူသားဖွံ့ဖြိုးရေး အညွန်းကိန်းမှာ စင်ကာပူဟာ ထိပ်ဆုံး ၁၀ နိုင်ငံ စာရင်းမှာ ပါဝင်ပါတယ်၊ အာရှမှာ ဒီလို ထိပ်ဆုံးကပါဝင်တာ စင်ကာပူတနိုင်ငံပဲ ရှိပါတယ်။
စင်ကာပူု ပညာရေးဟာလည်း တကမ္ဘာလုံးက လေးစားရတဲ့ အဆင့်မှာ ရှိပါတယ်။ စင်ကာပူ ကလေးတွေ သင်နေတဲ့သင်္ချာသင်ရိုးကို ကယ်လီဖိုးနီးယား၊ တောင်အာဖရိက၊ နယ်သာလန်တို့က ကျောင်းသားတွေလည်း သင်နေကြတယ်။ စင်ကာပူမှာ ရှိတဲ့ နေရှင်နယ် ယူနီဗာစတီဟာ အာရှမှာထိပ်ဆုံးတက္ကသိုလ် ဖြစ်ပါတယ်။
စင်ကာပူအမျိုးသားတက္ကသိုလ် လူထုရေးရာမူဝါဒ လီကွမ်ယုကျောင်းက အာရှထိပ်တန်းတွေးခေါ် ပညာရှင် ပါမောက္ခ Kishore Mahbubani ကစင်ကာပူအောင်မြင်ရခြင်းအကြောင်း ၇ ချက်ရှိတယ်လို့ ဆိုတယ်။ အဲဒါတွေကတော့ (၁) ဈေးကွက်စီးပွားရေး (၂) သိပ္ပံနှင့်နည်းပညာ၊ (၃) လူတော်လူကောင်းကိုနေရာပေးခြင်း (၄) လက် တွေ့ကျခြင်း (၅) ငြိမ်းချမ်းရေး ယဉ်ကျေးမှု၊ (၆) တရားဥပဒေ စိုးမိုးမှု (၇) ပညာရေး တို့ ဖြစ်ပါတယ်။
တကယ်က လီကွမ်ယုဟာ သူဝန်ကြီးချုပ် ဖြစ်လာတဲ့ အချိန်ကစလို့ စင်ကာပူမှာ ပညာရေးစနစ်ကို အားသွန် ခွန်စိုက်အားထုတ်ခဲ့ပါတယ်။ တိုင်းပြည် ဆင်းရဲတွင်းကနေ ကင်းလွတ်ဖို့ဆိုရင် ပြည်သူတွေ ပညာတတ်မှ ဖြစ်မယ်လို့ သူကနားလည်ခဲ့တယ်။ “တိုင်းပြည်ရဲ့ကံကြမ္မာဆိုတာ တိုင်းသူပြည်သားတွေရဲ့အရည်အချင်းအပေါ် မူတည်တယ်။ လူတွေကို ဘယ်လိုရွေးချယ်မလဲ၊ ဘယ်လိုလေ့ကျင့်မလဲ၊ ဘယ်လို စုဖွဲ့မလဲ၊ ဘယ်လို စီမံခန့်ခွဲမလဲဆိုတဲ့အပေါ်မှာ မတူတဲ့ ရလဒ်တွေ ပေါ်ထွက်လာတာပါပဲ” လို့ လီကွမ်ယု ပြောခဲ့ဖူးတယ်။
တိုင်းပြည်အနာဂတ်ကို တည်ဆောက်တဲ့အခါမှာ ဖွံ့ဖြိုးရေး အခြေခံ အချက်သုံးချက်ဟာ အရေးကြီးတယ်လို့ လီကွမ်ယုက မြင်တယ်။ (၁) ကမ္ဘာကြီးနဲ့အပြန်အလှန်ဆက်သွယ်၊ (၂) ပညာရေးကို မြှင့်တင် (အထူးသဖြင့် အင်္ဂလိပ်ဘာသာ)၊ (၃) သဟဇာတဖြစ်တဲ့ လူ့အဖွဲ့အစည်းကို တည်ဆောက်၊ ဒီအချက် သုံးချက်ပါပဲ။
လီကွမ်ယုဟာ စင်ကာပူကို အနှစ် ၃၀ အုပ်ချုပ်ခဲ့ပါတယ်။ ဒီမိုကရေစီ စံနှုန်းနဲ့ တိုင်းတာရင် အပြစ်ပြော စရာတွေ ရှိပေမယ့် ကင်းဘရစ်တက္ကသိုလ်က ဥပဒေပညာနဲ့ဘွဲ့ရခဲ့တဲ့ လီကွမ်ယုကို “အကြင်နာရှိပြီး ဉာဏ်ရည်မြင့်တဲ့” အာ ဏာရှင်အဖြစ် နိုင်ငံရေးသိပ္ပံပညာရှင်တွေက သတ်မှတ်ကြပါတယ်။ သူ့အစိုးရဟာ ပြည်သူတွေရဲ့အကျိုးကို ဦး စားပေးတာ၊ တရားဥပဒေစိုးမိုးရေးကိုလေးစားတာတွေ၊ လာဘ်ပေးလာဘ်ယူကင်းတာတွေဟာ တခြား အာဏာ ရှင်နိုင်ငံတွေနဲ့ မိုးနဲ့ မြေလို ကွာခြားပါတယ်။
နေသွင်ညိဏ်း
(March 2015)
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar