Breaking News

အောင်ဝေး - ယူကရိန်းပန်းများနဲ့နွေဦး

Image- Crd

ယူကရိန်းပန်းများနဲ့ နွေဦး
အောင်ဝေး
(မိုးမခ) ဒီဇင်ဘာ ၆၊ ၂၀၂၂

နွေဦးအတွက်
တခြားမလိုပါဘူး
လေယာဥ်ပစ်အမြောက်တစ်လက်ရယ်
တယောတစ်လက်ရယ်။
တင့်ကားကြိတ်သွားတဲ့
ယူကရိန်းပန်းများအတွက်
ငါ့မျက်ရည်နဲ့သွန်းလုပ်ထားတဲ့
ကျည်ဆန်တစ်တောင့်။
ပြည်တွင်းစစ်ကြီးထဲမှာ
ငါ့ကိုမွေးဖွားခဲ့တယ်။
ဒုတိယကမ္ဘာစစ်ကြီး
ငါမမီခဲ့ဘူး။
တတိယကမ္ဘာစစ်
ဥရောပမှာမဖြစ်ဘဲ
အာရှမှာဖြစ်လာနိုင်တယ်။
ငါပြင်ဆင်ထားရမယ်
တတိယကမ္ဘာစစ်ကြီးကို
ရင်ဆိုင်ဖို့
ငါ့ကဗျာတွေပြင်ဆင်ထားရမယ်။
ပူတင်က
ယူကရိန်းမှာစစ်ရှုံးနေတယ်။
မင်းအောင်လှိုင်က
မြန်မာပြည်မှာစစ်ရှုံးနေတယ်။
ယူကရိန်းမှာ
ရုရှားတင့်ကားပျက်တွေ
တောင်လိုပုံနေပြီ။
နေပြည်တော်မှာ
သေနာပတိပျက်လူတန်းစားတွေ
ကမ်းပါးပြိုနေပြီ။
ပြည်တွင်းစစ်ကြီးထဲမှာ
ငါမွေးဖွားလာခဲ့
စစ်နဲ့တော်လှန်ရေးကိုဖြတ်သန်းပြီး
ငါကြီးပြင်းလာခဲ့။
မြရာပင်ထက်မှာ
ကြယ်များကြွေသက်ခဲ့ကြပြီ။
ငါးပြေမစားကျက်နဲ့နီးနီး
စစ်တန်းလျားတစ်ခုမှာ
သောကြာညတစ်ညဟာ
မိုးတွေရွာနေခဲ့တယ်။
ငါ့အဖေက
ပဲခူးရိုးမမှာ
ဗကပတွေနဲ့တိုက်နေတယ်။
ငါ့အမေက
မီးနေခန်းမှာ
သေမင်းနဲ့တိုက်နေတယ်။
ငါ့အမေတိုက်ပွဲမှာ
ငါ့အမေနိုင်တယ်။
ငါဟာ
ငါ့အမေရဲ့
စစ်နိုင်တဲ့အမှတ်အသားပေါ့။
သားဦးအရူးတဲ့
ငါ့အဖေဟာ
ငါ့ငယ်ဘဝကို
ကာဘိုင်တွေ၊ ဂျီသရီးတွေနဲ့
ပူးချည်လိုက်တယ်။
ငါက
နူးနူးညံ့ညံ့ကလေး
အရင်းကျမ်းနဲ့ကိုးခန်းပျို့တွေ
ခေါင်းအုံးအိပ်ခဲ့တယ်။
အခုတော့
ညောင်လေးပင်မြို့က
သုသာန်ကလေးတစ်ခုမှာ
အဖေရော အမေပါ
ကျနော့်ကိုနှုတ်ဆက်အိပ်ပျော်သွားကြပါပြီ။
မအေကအရပ်သူ
ဖအေကစစ်သား
သားကသူပုန်ဖြစ်လာရဲ့။
မည်သူမဆို
ဖိနှိပ်ချုပ်ချယ်မှုကိုပုန်ကန်ရန်
အခွင့်အရေးရှိတယ်။
ငါတို့အဖိနှိပ်ခံရတယ်
ငါတို့တော်လှန်ကြတယ်။
ဟော- ယူကရိန်းတွေကျူးကျော်ခံရတယ်
ယူကရိန်းတွေခုခံကြတယ်။
အခုအချိန်
ကိယက်ဗ်ကနေကြာပန်းတွေနဲ့
ရန်ကုန်ကပိတောက်ပန်းတွေ
နာနာကျင်ကျင်
ဝင်းဝါရတာချင်းအတူတူပါပဲ။
အခုအချိန်
ထိုင်းနိုင်ငံ၊ ကော့စမွေကျွန်း(ဘန်လပ်)မှာ
စစ်ဘေးရှောင်နေရတဲ့
မြန်မာလူငယ်တစ်ယောက်
မြောက်ဒဂုံအိမ်ပေါ်က
သူ့တိမ်စိုင်ကလေးတွေလွမ်းနေမလား။
အခုအချိန်
ယူကရိန်းနိုင်ငံအလယ်ပိုင်းက
စစ်ဘေးရှောင်စခန်းတစ်ခုမှာ
အချမ်းဒဏ်ကိုလူးလဲခံနေရတဲ့
မာရီယာဘူဇီနော့ဗ်စကားဆိုတဲ့
အသက် ၇၀ အဘွားအို
ရုရှားဒုံးကျည်တွေကိုကျိန်ဆဲနေမလား။
ဒနီးပါးမြစ်ကြီးရဲ့ရေစီးမှာ
သွေးစွန်းတဲ့နေကြာပန်းတွေ
မျောပါသွားသလို
ဧရာဝတီရဲ့ရေစီးမှာလည်း
သွေးညှီနံ့နဲ့ပိတောက်ပန်းတွေ
မျောပါသွားကြတာပါပဲကွယ်။
ကမ္ဘာပေါ်မှာ
အခမ်းနားဆုံးနဲ့အလှပဆုံး
တော်လှန်ရေးတွေဆိုတာ
နေကြာပန်းတွေနဲ့ပိတောက်ပန်းတွေရဲ့
တော်လှန်ရေးပေါ့။
ငါ့အဖေက
ငါ့ပျိုရွယ်မှုကို
ကာဘိုင်တွေ၊ ဂျီသရီးတွေနဲ့
ပူးချည်ထားခဲ့တယ်။
စစ်သံဖနောင့်အောက်မှာ
ပျောက်ဆုံးသွားတဲ့
လူငယ်တစ်ယောက်ရဲ့အိပ်မက်တွေ
ငါပြန်မက်ရတော့မယ်။
အဖေ့ရဲ့အိပ်တန်းကို
ကျနော်မပျံသန်းနိုင်ခဲ့တာ
ခွင့်လွှတ်ပါအဖေ။
အမေကတော့
ကျနော်
ဗန်းမော်တင်အောင်နဲ့ကြီးပြင်းခဲ့တာကို
ကျေနပ်နေမှာပါ။
ဘဝကို
မထင်မရှားသုသာန်လေးတစ်ခုမှာ
မမြှုပ်နှံလိုက်ခင်အထိတော့
ကျနော်ပုန်ကန်နေရဦးမယ်။
ပုန်ကန်နွေဦးပေါ့
နွေဦးမှာ
တခြားမလိုပါဘူး
လေယာဥ်ပစ်အမြောက်တစ်လက်ရယ်
တယောတစ်လက်ရယ်
ဒီနှစ်ခုပါပဲ။
လေယာဥ်ပစ်အမြောက်က
မိစ္ဆာရဲ့ငှက်ဆိုးကိုပစ်ချဖို့။
တယောက
လွမ်းမောဖွယ်တော်လှန်ရေးကို
တေးသီဖို့။
အို- ကမ္ဘာမြေရေ
ယူကရိန်းပန်းများကိုလွမ်းပါ
မြန်မာ့နွေဦးကိုလွမ်းပါ
လောကကြီး
ခမ်းနားလာပါလိမ့်မယ်။   ။

အောင်ဝေး
(ဒီဇင်ဘာ ၅၊ ၂၀၂၂)
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar