အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုများနဲ့ မြန်မာနိုင်ငံ
မြန်မာနွေဦး ခရိုနီကယ် - ဒီဇင်ဘာ ၅ မြင်ကွင်း
(မိုးမခ) ဒီဇင်ဘာ ၆၊ ၂၀၂၂
အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုများနဲ့ မြန်မာနိုင်ငံ
မြန်မာနိုင်ငံမှာ စစ်အာဏာမသိမ်းမီကတည်းက အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုတွေ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေ ရှိနှင့်ပြီးဖြစ်ကာ စစ်အာဏာသိမ်းပြီးနောက်မှာတော့ အများအပြားဖြစ်ပွားလာတာ ဖြစ်ပါတယ်။ အရင်မဖြစ်ပွားခဲ့တဲ့ နေရာ ဒေသတွေမှာပါ ဖြစ်ပွားလာပြီး နေ့စဥ်လိုလို လက်နက်ကိုင်တပ်ဖွဲ့တင် မဟုတ်တဲ့ အရပ်သားတွေကို အကြောင်းအမျိုးမျိုး စွပ်စွဲချက် အမျိုးမျိုးနဲ့ အသတ်ခံနေကြရတာ ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းမှာ၊ မကွေးတိုင်းမှာ၊ ရန်ကုန်မှာ ၊ မန္တလေးမှာ၊ ကချင်ပြည်နယ်မှာ ကရင်ပြည်နယ်တွေမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သားသေဆုံးမှု မရှိတဲ့နေ့ မရှိသလောက်အောင် ဆက်တိုက်ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ တခါတရံမှာ ဖြစ်ရပ်တခုထဲ တနေ့ထဲ ဆယ်ဂဏန်းနဲ့ ချီတဲ့ အရပ်သားတွေ သေဆုံးကြရတာ ဖြစ်ပြီး မီးရှို့သတ်ဖြတ်တာ၊ သေနတ်နဲ့ ပစ်သတ်ပြီးနောက် မီးရှို့တာတွေက ဖြစ်နေကျ အဖြစ်အပျက်တွေလို ဖြစ်ပြီး သတင်းတွေထဲ ပါရှိတဲ့အခါ တဦးတလေ သေဆုံးရတဲ့ အဖြစ်အပျက်တွေဟာ ထူးခြားတဲ့ သတင်းမဟုတ်တော့တဲ့ သဖွယ် ဒီလောက် ရေးကြီးခွင်ကျယ်လုပ်မပြောကြတော့တဲ့ အနေအထားဖြစ်လာနေပါတယ်။
စစ်အာဏာမသိမ်းမီက အဖြစ်အပျက်တွေထဲမှာ ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်ခဲ့တာတွေမှာ ရိုဟင်ဂျာအရပ်သားတွေ လူထောင်ဂဏန်းချီ သတ်ဖြတ်ခံခဲ့ရတာတွေ ဖြစ်ပြီး ခုလက်ရှိအချိန်မှာ နယ်သာလန်နိုင်ငံက ICJ အပြည်ပြည်ဆိုင်ရာ တရားရုံးမှာ ဂမ်ဘီယာနိုင်ငံက လျှောက်ထားတဲ့ စွဲဆိုချက်ကို ရင်ဆိုင်နေရတဲ့ အနေအထားဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက်မှာတော့ ဖမ်းဆီးခံရပြီး နောက်ရက်အနည်းငယ်အတွင်း အသက်ဆုံးရှုံးရတဲ့ အဖြစ်အပျက်တွေက မကြာခဏဖြစ်ပွားလို့ ရိုးသွားလောက်တဲ့ ဖြစ်ရပ်မျိုးဖြစ်ပြီး အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရမှုတွေ အနေနဲ့ ကယားပြည်နယ် ဖရူဆိုမြို့နယ်က မိုဆူး ကျေးရွာအနီးမှာ ကလေးသူငယ်တွေ အပါအဝင် အရပ်သား ၃၉ ဦးပစ်ခတ်ခံရ စီးနင်းလာတဲ့ ကားနဲ့အတူ မီးရှို့ခံရတဲ့ အဖြစ်အပျက်တွေ ဖြစ်ပျက်ခဲ့ပါတယ်။ စစ်ကိုင်းတိုင်း မုန်တိုင်ပင် ကျေးရွာမှာလည်း အရပ်သား ဒါဇင်နဲ့ချီ ဖမ်းဆီးပြီးနောက် ပစ်သတ်ခဲ့တဲ့ အဖြစ်အပျက်လည်း ပြီးခဲ့တဲ့ မေလတုန်းက ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
ဒီနေ့ သတင်းတွေထဲမှာတော့ ရခိုင်ပြည်နယ်ကနေ လာရောက်ပြီး ထိုင်းနယ်စပ် မြန်မာနိုင်ငံတောင်ပိုင်း မြဝတီဘက်ကို ဦးတည်သွားရောက်တဲ့ ရိုဟင်ဂျာ ၁၃ ဦးရဲ့ အလောင်းတွေကို ရန်ကုန်တိုင်း လှည်းကူးမြို့နယ်ထဲက ကားလမ်းနံဘေးမှာတွေ့ ခဲ့ရတဲ့ သတင်းဖြစ်ပါတယ်။ ညဘက်မှာ လာရောက်စွန့်ပစ်ထားခဲ့ပြီး တွေ့ရှိရချိန်မှာ ပြီးခဲ့တဲ့ ၄၈ နာရီ အတွင်း သေဆုံးခဲ့ရတယ်လို့ ယူဆကြပြီး ဒဏ်ရာဒဏ်ချက် အချို့လည်း တွေ့ရှိရတယ်လို့ အချို့သတင်းတွေမှာ ဖော်ပြထားကြပါတယ်။ လူကုန်ကူးသူတွေရဲ့ အကူအညီနဲ့ ရန်ကုန်တိုင်းကတဆင့် ကရင်ပြည်နယ်ကို ဖြတ်ပြီးထိုင်းနိုင်ငံ၊ ထိုမှတဆင့် မလေးရှားနိုင်ငံကို သွားရောက်ဖို့ ကြိုးစားသူတွေ ဖြစ်မယ်လို့ ယူဆရပြီး သူတို့ ဘယ်လိုသေဆုံးခဲ့ရတာလဲ ဆိုတာ လတ်တလောမှာ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ ဆိုပါတယ်။
ရိုဟင်ဂျာပြဿနာက စစ်အာဏာ မသိမ်းမီကတည်းက ဖြစ်ပွားနေတဲ့ ပြဿနာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာ ပြဿနာ၊ အစိုးရအဆက်ဆက် ကျင့်သုံးခဲ့ကြတဲ့ နိုင်ငံသားဖြစ်မှုဆိုင်ရာ ဥပဒေ၊ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လက်တွေ့ကျင့်သုံးမှု ချုပ်ချယ်ကန့်သတ်မှုတွေအပေါ်အကြောင်းခံနေပြီး စစ်အာဏာမသိမ်းမီ ၂၀၁၇ မှာ လူမျိုးသုဥ်းသတ်ဖြတ်မှုလို့ခေါ်တဲ့ အဖြစ်အပျက်ဖြစ်ပျက်ခဲ့ပြီး လူ ၇ သိန်းက နေ ၁ သန်းအထိ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ဒုက္ခသည်အဖြစ် ထွက်ပြေးတိမ်းရှောင်ခဲ့တဲ့ အဖြစ်အပျက်တွေဖြစ်ပွားခဲ့တဲ့အထိ နိုင်ငံတကာက အစဥ်တစိုက် တွန်းအားပေးနေတဲ့ ပြဿနာ ဖြစ်နေခဲ့တာပါ။ ဒီနေ့ သတင်းထဲက သေဆုံးပြီး စွန့်ပစ်ခံရတဲ့ ရိုဟင် ၁၃ ဦးဟာ ဘယ်လို ဖြစ်ပျက်ခဲ့သလဲဆိုတာ အချက်အလက်တွေ အသေးစိတ် မသိရှိရသေးပေမယ့် လူကုန်ကူးမှုကြောင့် သေဆုံးရတာလား လက်နက်ကိုင် အဖွဲ့အစည်းတခုခုက သတ်ဖြတ်တာလားဆိုတဲ့ အချက် ၂ ခုထဲက တခုခုကြောင့် ဖြစ်နိုင်ပါတယ်။
ဒီနေ့သတင်းတွေထဲမှာပဲ ယမန်နှစ် ခရစ်စမတ်အကြိုရက်မှာ ဖြစ်ပွားခဲ့တဲ မိုဆူးကျေးရွာ အနီးက အရပ်သား ၃၉ ဦးသေဆုံးရမှုမှာ ပါဝင်ခဲ့တဲ့ စစ်ကောင်စီဘက်က လက်နက်တပ်ဖွဲ့ဝင် တချို့ကို ကယားပြည်နယ်က ကာကွယ်ရေး တပ်ဖွဲ့တွေက ခုရက်ပိုင်းမှာ ဖမ်းဆီးရမိတားတယ်လို့ ဆိုပါတယ်။
အခုလို ဖမ်းဆီးရမိမှုကနေ ယမန်နှစ်က အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရတဲ့ အဖြစ်အပျက်နဲ့ပတ်သက်လို့ ဘယ်လို ကျူးလွန်ကြသလဲဆိုတဲ့ အသေးစိတ်အချက်အလက်တွေ ပိုမိုသိရှိလာရလိမ့်မယ်လို့ မှန်းဆရပါတယ်။
လက်နက်ကိုင် တိုက်ခိုက်မှုတွေအတွင်းမှာ လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ အရပ်သားတွေကို သတ်ဖြတ်မှုတွေ ညှဉ်းပန်းနှိပ်စက်မှုတွေ ကျူးလွန်ခဲ့တာတွေအတွက် တရားမျှတမှု ရှာဖွေရေး၊ ကျူးလွန်သူကို ထိုက်သင့်တဲ့ အပြစ်ဒဏ်ပေးရေး၊ နောက်ထပ် မကျူးလွန်နိုင်အောင် ဖိအားပေးမှု၊ တားဆီးမှု၊ အရေးယူမှု၊ သတင်းအချက်အလက် ဖော်ထုတ်မှုတွေက အရေးကြီးတဲ့ လုပ်ဆောင်မှုတွေ ဖြစ်လို့ ဒီလို လုပ်ရပ်တွေ ဘယ်ဘက်က ကျူးလွန် ကျူးလွန်၊ ဖုံးကွယ်မထားကြဖို့လည်း အရေးကြီးတာ ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar