တာရို - အတိတ် ၊ အနာဂတ် ၊ ပစ္စုပ္ပန်
တာရို - အတိတ် ၊ အနာဂတ် ၊ ပစ္စုပ္ပန်
(မိုးမခ) ဒီဇင်ဘာ ၂၃ ၊ ၂၀၂၂
မြန်မာပြည်သူပြည်သားများအတွက် ၂၀၂၂ အကုန် ၂၀၂၃ အကူးကာလအတွက် တားရော့က်တွေ ကြည့်ပေးလိုက်ပါတယ်။ သည်လိုပဲ ကြိုကြားရေးပေးဖို့ စိတ်ကူးပါတယ်။ စိတ်ဓာတ်ကျနေတဲ့ ကိုယ့်လူတွေကို အားပေးစကားတွေလည်း ပြောချင်ပါတယ်။ General Reading ဖြစ်လို့ သိပ်ကြီးလည်း Serious ယူစရာမလိုပါ။ ဒါ့အပြင် ရတနာသုံးပါး ကိုးကွယ်ဆည်းကပ်သော မြန်မာပြည်သူများရဲ့ ယုံကြည်မှုကြောင့် မကောင်းသော ကံများကလည်း ကောင်းသော ကံများအဖြစ် ပြောင်းလဲသွားနိုင်ပါတယ်။ အပြန်အလှန်လည်း ဖြစ်နိုင်တာကြောင့် ဘုရား တရား မမေ့ကြပါနဲ့။
မြန်မာပြည်သူပြည်သားများ ကံတရားနဲ့ အုပ်ချုပ်သူပိုင်းကို ယှဉ်ပြီး ချကြည့်ရာမှာ မြန်မာပြည်သူပြည်သားများရဲ့ အတိတ်က အုပ်ချုပ်သူ လူတန်းစားရဲ့ အနာဂတ်လာဖြစ်နေပြီး အနာဂတ်က သူတို့အတွက် အတိတ်တွေ ဖြစ်နေကြတာကို ထူးထူးခြားခြား တွေ့လိုက်ရပါတယ်။ သို့သော် အဲသည်လို ကံကြမ္မာ ဖြစ်လာဖို့ဆိုရင် ကိုယ်ကိုယ်တိုင်က အတိတ်က အုပ်ချုပ်သူ လူတန်းစားနဲ့ လုံး၀မတူတဲ့ စိတ်ပိုင်းဆိုင်ရာ အလုပ်ပိုင်းဆိုင်ရာ ဖြစ်နေရမယ်လို့ ဆိုတယ်။ ဥပမာအားဖြင့် ပြောရရင် အတိတ်က အုပ်ချုပ်သူ လူတန်းစားတွေက မကောင်းတာတွေ လုပ်ခဲ့ရင် ကိုယ်က မကောင်းတာတွေ မလုပ်ခဲ့ရဘူး။ အဲဒါဆိုရင် အခုလာမယ့် အနာဂတ်ဟာ သူတို့နဲ့ မတူတဲ့ အခြေအနေကို ရောက်လာနိုင်တယ်။ ကိုယ် ပျိုးခဲ့တာ ကိုယ် ရိတ်သိမ်းရမယ် ဆိုတဲ့ သဘောတရားတွေ တွေ့နေရပါတယ်။
နောက်ထပ်တချက်ကတော့ အုပ်ချုပ်သူပိုင်း အကြီးအကဲပိုင်းဆိုင်ရာမှာ အနာဂတ်မှာ ထူးခြားတဲ့ ပြောင်းအလဲ ၂ ခု ကြုံရနိုင်တယ်။ သို့သော် သူတို့ဘက်ကအဲသည် အပြောင်းအလဲတွေကို compromise လုပ်ပြီး ကျော်ဖြတ်နိုင်လိမ့်မယ်။ ဆိုလိုတာက အပေးအယူတွေ လုပ်လာရတာတွေ ကြုံလာရမယ်။ မတတ်သာလို့ လွှတ်ပေးလိုက်ရတာမျိုးတွေ ဖြစ်လာတတ်တာကြောင့် ကိုယ့်ဘက်ကလည်း အခြေအနေကို ကောင်းကောင်း အသုံးချတတ်ဖို့ လိုလိမ့်မယ်။
တူနေတာတွေ ပြောရရင် မြန်မာပြည်သူတို့ ကံတရားဟာ အတိတ်မှာ တိုက်ခိုက်ခံရခြင်း၊ တုံ့ပြန်ခြင်း၊ ဆန့်ကျင်ခြင်း ဆိုတာတွေနဲ့ ရင်ဆိုင်ခဲ့ရချိန်မှာ စစ်တပ်ဟာလည်းပဲ တိုက်ခိုက်တုံ့ပြန် ဆန့်ကျင် ဆိုတဲ့အတိုင်း ကံလိုက်တိုက်နေပြန်တာ တွေ့ရတယ်။ သို့သော်သူတို့က သူတို့ရဲ့ ကံတရားကို ပြန်လည် တည့်မတ်အောင် လုပ်နိုင်သွားတာ တွေ့ရတယ်။ သူတို့က ကမ္ဘာကြီးကို ပုံကြီးချဲ့မြင်ခဲ့ကြပြီး သူတို့အကြိုက် တည်ဆောက်ခဲ့ကြတယ်တဲ့။ မြန်မာပြည်သူတို့မှာတော့ ဇောက်ထိုးမိုးမျှော်ကံတရားနဲ့ ရင်ဆိုင်ခဲ့ကြရတယ်။ လုပ်သမျှဟာ ဆုံးရှုံခြင်းနဲ့ပဲ အဆုံးသတ်ခဲ့တယ်ဆိုတဲ့ တားရော့ကတ်များက အဖြေထုတ်ပေးတာ တွေ့ခဲ့ရတယ်။ အခုလက်ရှိ ပစ္စုပ္ပန်မှာ ကံတရား အခြေအနေက စစ်တပ်ထက် နည်းနည်းသာနေတာတော့ မြင်ရပါတယ်။ ငွေကြေးကိစ္စ အဆင်ပြေနေတာ တွေ့ရတယ်။ အခုပစ္စုပ္ပန်မှာ အရေးတကြီး လုပ်ရမှာတွေကို ဦးစားပေးဖို့ သတိပေးထားပါတယ်။ စစ်တပ်ကတော့ ယခုလက်ရှိမှာ စိတ်ပိုင်းဆိုင်ရာမှာ ခေါင်းစားနေတာမျိုးတွေ များလာတာ လုပ်ချင်တိုင်း လုပ်လို့ မရတော့တာမျိုးတွေ ဖြစ်လာတာ ဖြစ်လာတတ်ပါတယ်။ သူတို့က အခြေအနေကို ပြောင်းလဲပစ်ဖို့ ကြိုးစားလေ ပိုဆိုးလာလေ ဖြစ်လာတတ်တယ်။ အနာဂတ်မှာ မြန်မာပြည်သူပြည်သားတို့အတွက် ရုတ်တရက် အခြေအနေတခု ပြောင်းဖို့ ကြုံလာနိုင်တယ်။ ထိုအခြေအနေကြောင့် ခဏတဖြုတ် စိတ်ပိုင်းဆိုင်ရာမှာ အနားပေးထားဖို့ လိုအပ်လာမယ်။ လိုအပ်သလို လုပ်ပါ။ ပြီးတော့ ကိုယ့်ခံစားချက်က ဘာလဲ ဆိုတာကို ပြန်စစ်ဆေးပြီး ကိုယ့်ကိုယ်ကိုယ် အားပေးနေထိုင်ပါလို့ အကြံပေးထားတယ်။ အနာဂတ်မှာတော့ စစ်တပ်အတွက် သူတို့ကို တိုက်ခိုက်တာ ဆန့်ကျင်ဘက်လုပ်တာတွေ များလာမယ်။ ပိုက်ဆံကိစ္စတွေမှာတော့ အဝင်ကြမ်း အထွက်ကြမ်း ဆိုတာလို ဖြစ်လာတတ်တယ်။ အရာရာကို ထိန်းချုပ်လို့ မရတော့ဘဲ ပြန့်ကျဲနေတဲ့ အခြေအနေမျိုးတွေ တွေ့လာရတတ်တယ်။
အားလုံးကို ခြုံပြီး ပြောရရင် ကိုယ့်လူတွေ တိုင်းသူပြည်သားတွေအတွက် ဘာသာရေးကတော့ မဖြစ်မနေ ဆက်လုပ်နေကြရမှာ ဖြစ်တယ်။ အခုအချိန်မှာ ဘာသာရေးကို ပိုပြီး လုပ်နေမယ်ဆိုရင် အနာဂတ်မှာ ပိုပြီးရလဒ်ကောင်းတွေ ခံစားရကြလိမ့်မယ်။ ကောင်းမွန်တဲ့ ရွေးချယ်စရာတွေ တွေ့လာရမယ်လို့ ဆိုတယ်။ စစ်တပ်အစိုးရအတွက် ဘာသာရေးကို လုပ်ဖို့ တိုက်တွန်းထားတာမျိုး မတွေ့ရဘူး။ သူတို့အတွက် ခုချိန်မှ လုပ်လည်း သိပ်ထူးလာမှာမဟုတ်လို့ မြင်မိတယ်။ အနာဂတ်ဟာ သူတို့မထင်မှတ်တဲ့ အပြောင်းအလဲတခုကြောင့် သူတို့အတွက် ကောင်းတဲ့ သဘောမျိုး ကြုံလာရပါက စိတ်ဓာတ်မကျဖို့ တိုက်တွန်းချင်ပါတယ်။ အဲဒီအတွက် သူတို့ ပေးဆပ်ရမယ့်အရာက တော်တော်ကြီးလိမ့်မယ်။ ယခုလက်ရှိကနေ အနာဂတ်ကို ကောင်းကောင်း တက်လှမ်းဖို့အတွက် ဘာသာရေးများများ လုပ်ပါ။ မျှတတဲ့ အဆုံးအဖြတ်မျိုးကို ချပါ။ မေတ္တာများများ ပို့ပါ။ ရန်သူ မိတ်ဆွေ မခွဲခြားဘဲ မေတ္တာစိတ်နဲ့ အရာရာကို ကျော်ဖြတ်နိုင်အောင် ကြိုးစားပါလို့ အကြံများပေးထားပါတယ်။
၇ ရက်သားသမီးများအတွက် အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်ကို ကြည့်ပေးထားပါတယ်။ အတိတ်နဲ့ ပစ္စုပ္ပန် မကိုက်ညီပါက ကိုယ်နဲ့ မကိုက်ဘူးလို့ မှတ်ပေးပါ။ တိုက်ယူတာမျိုးလည်း မလုပ်ဖို့ အကြံပေးချင်ပါတယ်။ ပစ္စုပ္ပန်ကာဟာ အခုလက်ရှိ ဒီဇင်ဘာလ အစကနေ တလအတွင်း ကိုယ် သတ်မှတ်သလောက် ဖြစ်နိုင်ပါတယ်။ အနာဂတ်ကာလဟာ အလွန်ဆုံး လာမယ့် နှစ်အစကနေ တလ နှစ်လပိုင်းလောက်ပဲ ဖြစ်ပါလိမ့်မယ်။ သို့သော် ကိုယ့်သတ်မှတ်ချက်အတိုင်းပဲ ကာလကို သတ်မှတ်လို့ရပါတယ်။ ကိုယ်က မနေ့က အတိတ်၊ ဒီနေ့ ပစ္စုပ္ပန၊ မနက်ဖြန် အနာဂတ် ဆိုပြီး ယူလည်း ရပါတယ်။ ကိုယ့်သဘောပါ။
တနင်္လာ
အတိတ်- ကိုယ့်ရဲ့ ဘ၀ဟာ စိတ်ပိုင်းဆိုင်ရာ အနှောက်အယှက်များ ကြုံခဲ့ရပါက
ပစ္စုပ္ပန်- ယခုမှာတော့ အခြေအနေဟာ အကောင်းဘက်ကို ရွေ့လာပါပြီ။ ထို့ကြောင့် စိတ်ပိုင်းဆိုင်ရမှာ အတော်လေး ခိုင်မာတဲ့ ကြံ့ခိုင်မှုမျိုး ဖြစ်နေတတ်ပါတယ်။
အနာဂတ်- စိတ်အေးချမ်းမူမျိုး ကြုံလာရတော့မယ်။ အလုပ်တခု စတင်လာရတာမျိုး ဘ၀သစ်တခု စရတာမျိုး ဖြစ်လာရတတ်ပါတယ်။ စိတ်ကို အေးချမ်းအောင် ထားပြီး ဖြတ်သန်းပါလို့ အကြံပေးထားပါတယ်။
အင်္ဂါ
အတိတ်မှာ ကိုယ်ဟာ အစစအရာရာ အောင်မြင်မူတွေ ကြုံခဲ့ရတတ်တယ်။ သို့သော် ထိပ်ဆုံး ရောက်နေသောလည်း မပျော်မရွှင် ဖြစ်နေခဲ့ရတယ်။ အရာရာကို တကယ်ပဲလားလို့ အထပ်ထပ် မေးနေမိတာမျိုး ဖြစ်ခဲ့ရပါတယ်။
ပစ္စုပ္ပနဟာ ဘာသာရေးတွေ ပိုလုပ်ဖို့ တွန်းအားတွေပေးနေတဲ့ အဖြစ်မျိုး တွေ့ကြုံနေရတတ်တယ်။ အလုပ်တွေထဲမှာ ရိုးသားဖို့ လိုတယ်။ ကိုယ့်ဘက်က မရိုးသားရင် သူများကလည်း ရိုးသားမှာမဟုတ်ဘူး။ စိတ်ပိုင်းဆိုင်ရာ ကုစားတဲ့ အလုပ်တွေ များများလုပ်ရင်း အချိန်တွေကို ကျော်ဖြတ်နေရတတ်ပါတယ်။
အနာဂတ် ဘ၀ဟာ အကူးအပြောင်းထဲ ရောက်နေဆဲ ဖြစ်တယ်။ အနာဂတ်လမ်းဟာ ရှည်ကြာနေသလို ခံစားရမယ်။ သို့သော် ကိုယ့်ကို မီးမောင်းထိုးပြတဲ့ အကြံတွေ ရလာတတ်တယ်။ ဘ၀ဟာ ကိုယ် သိပ်မကြိုးစားရဘဲ အကောင်းဘက်ကို ရောက်သွားတတ်တာကြောင့် စိတ်ကို ချမ်းသာအောင်ထားရင်း နေထိုင်သွားပါ။ ကိုယ့်ရဲ့ အရည်အချင်းတွေကြောင့် ဘ၀ဟာ လင်းလက် တောက်ပလာပါလိမ့်မယ်။
ဗုဒ္ဓဟူး
အတိတ်မှာ သင်ဟာ ဘ၀ရေစီးကြောင်းထဲ မျောပါနေခဲ့ရသလို ခံစားခဲ့ရတယ်။ ကိုယ် ဘာလုပ်လုပ် မအောင်မြင်သလို ဖြစ်နေတတ်ပါတယ် နောက်ဆုံးတော့ ကံစေရာပါပဲလို့ စိတ်နဲ့ ဖြတ်သန်းခဲ့ရပါတယ်။
ပစ္စုပ္ပန် ယခုတော့ သင်ဟာ သင့်ခံစားချက်တွေအတိုင်း အလုပ်တွေ လုပ်နေရပြီ၊ သို့မဟုတ်ပါကလည်း သင်ဟာ သင့်ခံစားချက်အတိုင်း နေနေရပြီလို့ ဆိုတယ်။
အနာဂတ်မှာ သင့်အတွက် အရေးအကြီးဆုံးက ဘာကိုဖြစ်ဖြစ် အကောင်းဘက်ကိုသာ တွေးပြီး နေထိုင်ပါတဲ့ အရာရာဟာ အစကနေ ပြန်စနေသလို ဖြစ်ပေမယ့် သင့်အတွက် ကောင်းတဲ့ဘက်ကို သွားနေတယ်လို့ အမြဲတွေးပါ။
ကြာသပတေး
အတိတ်- သင်ဟာ အရာရာကို ချိန်ခွင်ညှာလို ဘက်မျှအောင် ကြိုးစားချိန်ညှိနေထိုင်ခဲ့ရပါတယ်။ ချိန်ညှိတယ် ဆိုပြီးတော့လည်း တချိန်လုံး အလျှော့ပေးနေရသလို ခံစားနေရတတ်တယ်။ သို့သော် သင့်ဘ၀ဟာ သင် ထင်သလောက် မဆိုးပါဘူးဆိုတာ သင်ကိုယ်တိုင်လည်း သိပါတယ်။
ပစ္စုပ္ပန် အခုသင့်အခြေအနေက ကောင်းနေပါတယ်။ ဘာဖြစ်ဖြစ် အကောင်းသာ မြင်ပေးပါတဲ့။ အဆိုးတွေကိုလည်း သင် ကောင်းကောင်း ကျော်ဖြတ်နေနိုင်ပါတယ်။ ဘ၀ဟာ အစကနေ စနေရပြီလို့ ခံစားနေရပါတယ်။
အနာဂတ် ဘ၀ဟာ အဆိုးကနေ လွတ်မြောက်ခြင်းကို ခံစားရတော့မယ်။ သင့်ဘ၀ဟာ မထင်မှတ်ဘဲ ထိပ်ဆုံးကို ရောက်သွားတတ်ပါတယ်။ သင် လုပ်နေတဲ့ ဘာသာရေးကို များများဆက်လုပ်ပါ။ မကောင်းတဲ့ အကျင့်စရိုက်များကို စွန့်လွှတ်ပါ။ အရက်သေစာ သောက်စားခြင်းကို တတ်နိုင်သမျှ ရှောင်ရှားပါလို့ အကြံပေးထားပါတယ်။ ဘ၀ဟာ အကောင်းဘက်ကို ရွှေ့ဖို့ သင့်အပေါ်ပဲ မူတည်နေပါတယ်။
သောကြာ
အတိတ်မှာ သင်ဟာ အရာရာကို သင့်ဆုံးဖြတ်ချက်နဲ့ပဲ သွားနေရပါတယ်။ တခုခုကို ဆုံးဖြတ်ဖို့ဆိုရင် သူများအတွက်ကိုပါ ထည့်စဥ်းစားနေရပါတယ်။
ပစ္စုပ္ပန်ဟာ သင့်အတွက် ကောင်းနေပါတယ်၊ ကောင်းလာပါတယ်လို့ ပြောလို့ရပါတယ်။ အရာရာကို လေးလေးနက်နက် စဥ်းစားပြီး လုပ်နေရတယ်။ အပေါ်ယံမတွေးဘဲ သေချာ အလေးအနက်လုပ်နေရတာ မငြီးငွေ့ပါနဲ့။ သင့်အတွက် ကောင်းလာပါလိမ့်မယ်။
အနာဂတ် အရာရာ သင့်သဘော ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် အလုပ်တွေလုပ်ရင်း စိတ်ပျက်တာမျိုးကို ရှောင်ပေးပါ။ ရလဒ်ကောင်းတွေ ရလာတတ်ပါတယ်။ စိတ်ကို အနားပေးဖို့လိုရင် ခဏတဖြုတ် မဟုတ်ဘဲ ရက်ရှည် နားပြီး နေပေးပါ။ လူသစ် စိတ်သစ်နဲ့ ဘ၀ကို ပြန်စတင်ရတတ်ပါတယ်။
စနေ
အတိတ်- သင်ဟာ မကြောက်မရွံ့တဲ့စိတ် ရှိတာကြောင့် အရာရာ သင့်ဆန္ဒအတိုင်း ဖြစ်ခဲ့ရပါတယ်။ ဘ၀ဟာ တောက်ပခဲ့တယ်လို့ သင် ခံစားခဲ့ရပါတယ်။
ပစ္စုပ္ပန်- အခုလည်း သင်ဟာ ကိုယ့်ဘ၀ကို ကျေနပ်မှုအပြည့် ရှိနေပါတယ်။ ကိုယ့်မာနကို ကိုယ် သေချာ တည့်မတ်အောင် ထားပါက သင့်အတွက် ပိုကောင်းပါတယ်။
အနာဂတ်- သင့်အတွက် လှပတဲ့ အနာဂတ်က ကြိုနေလိမ့်မယ်။ အသောက်အစား အရက်သေစာ လျှော့ပါ။ အရေးကြီးပါတယ်။ အရေးတကြီးနေ့တွေမှာ ရတနာသုံးပါး ကောင်းစွာဆည်းကပ်ပါ။ အရာရာဟာ သင့်အလိုကျ ဖြစ်လာပါလိမ့်မယ်။
တနင်္ဂနွေ
အတိတ်- အတိတ်ကို ထားပစ်ချင်ရလောက်အောင် သင် စိတ်ညစ်ခဲ့ရတာတွေ များခဲ့တယ်။ သို့သော် ထိုကဲ့သို့ စိတ်ကို ထားခဲ့ခြင်းက သင့်အတွက် အရမ်းကောင်းတဲ့ ဘ၀ကို ရရှိခဲ့ပါတယ်။
ပစ္စုပန်- ဘ၀သစ်တခုစပြီး သင် ပျော်ရွင်နေရရင် သိပ်ကို ကောင်းပါတယ်။ ဒါဟာ သင် အတိတ်က ဆုံးဖြတ်ချက်မှန်ခဲ့လို့လို့ ပြောလို့ရပါတယ်။ ကံတရားကို သင်ယုံကြည်လွန်းနေရင် လျှော့လိုက်ပါ။ အရာရာက သင့်အရည်အချင်းနဲ့ ပူးတွဲဖြစ်လာတာမို့ ကိုယ့်ကိုယ်ကိုယ် သိပ်အထင်မသေးပါနဲ့။
အနာဂတ် အလုပ်ဟောင်းကို ဆက်လုပ်နေရတတ်တယ်။ သို့မဟုတ် အလုပ်အသစ် လိုချင်နေရင်လည်း အခွင့်အလမ်းတွေ ရလာတတ်ပါတယ်။ အရာရာကို ရိုးသားစွာ ကျော်ဖြတ်ပါ။ လုပ်ကိုင်ပါ။ တောက်ပသစ်လွင်တဲ့ အနာဂတ်ရောင်ခြည်လေးက လင်းလက်ဖို့ စောင့်နေတာကြောင့် အပြောင်းအလဲ ကြီးကြီးမားမား ကြုံရပါက သတ္တိရှိရှိ ရင်ဆိုင်ပါ။
တာရို
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar