ဖရူဆိုမြို့နယ် မိုဆူးကျေးရွာအနီးက သတ်ဖြတ်ခံရမှု တနှစ်ပြည့်
မြန်မာနွေဦး ခရိုနီကယ် - ဒီဇင်ဘာ ၂၃ မြင်ကွင်း
(မိုးမခ) ဒီဇင်ဘာ ၂၄၊ ၂၀၂၂
ဖရူဆိုမြို့နယ် မိုဆူးကျေးရွာအနီးက သတ်ဖြတ်ခံရမှု တနှစ်ပြည့်
ယမန်နှစ် ဒီဇင်ဘာ ၂၄ ရက်နေ့က ကလေးငယ်၊ သက်ကြီးရွယ်အိုနဲ့ အမျိုးသမီးတွေအပါအဝင် အရပ်သား ၃၉ ဦး ကျေးရွာတရွာနဲ့တရွာအကြား စစ်ဘေးတိမ်းရှောင်စဥ် စစ်ကောင်စီတပ်တွေက ပစ်ခတ်သတ်ဖြတ်ပြီး စီးနင်းလာတဲ့ ကားတွေနဲ့အတူ မီးတင်ရှို့ခဲ့တဲ့ ဖြစ်ရပ်ဖြစ်ပွားခဲ့တာပါ။ ခရစ်ယာန်ဘာသာဝင် အများစုဖြစ်တဲ့ ကယားပြည်နယ်က ဒေသခံတွေ အနေနဲ့ တနှစ်တာလုံးမှာ ဘာသာရေးအရ အထွဋ်အမြတ်ထားတဲ့ နေ့ရက်ဖြစ်တဲ့ ခရစ်စမတ်နေ့ အကြိုမှာ အခုလိုအသက်ဆုံးရှုံးကြရတဲ့အဖြစ်က ကြေကွဲစရာကောင်းတဲ့ ဖြစ်ရပ်ဖြစ်ပါတယ်။
ပြည်တွင်းစစ်မီးတောက်လောင်လာတဲ့ ယမန်နှစ်မေလနောက်ပိုင်း ကယားပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ မကွေးတိုင်းမြောက်ပိုင်း၊ တနင်္သာရီတိုင်းနဲ့ နဲ့ ကရင်ပြည်နယ်တို့မှာ စစ်ပွဲတွေ တစတစများပြားလာရာက ယမန်နှစ် ဒီဇင်ဘာလမှာ အဆိုပါဖြစ်ရပ်ဖြစ်ပွားခဲ့တာပါ။ အဲဒီဖြစ်ရပ်နောက်ပိုင်း နှိုင်းယှဥ်စရာဆိုရင် စစ်ကိုင်းတိုင်းထဲက မုန်တိုင်ပင် ကျေးရွာမှာ ကျေးရွာသား လူ ၃၀ ဝန်းကျင်ကို သတ်ဖြတ်ခဲ့တဲ့ အဖြစ်အပျက်လည်း ယခုနှစ်မေလမှာ ဖြစ်ပျက်ခဲ့ပါသေးတယ်။
ဖရူဆိုမြို့နယ်က အဖြစ်အပျက်ကို ကြည့်ရင် စစ်ကောင်စီတပ်တွေက ကလေးတွေ အမျိုးသမီးတွေပါတဲ့ အသတ်ခံရသူတွေဟာ စစ်ဘေးရှောင်သူတွေဆိုတာကို သိရှိလျက်နဲ့ တဖက် PDF လက်နက်ကိုင်တွေကို ထောက်ခံအားပေးသူတွေလို့ စွပ်စွဲမှု ဆင်ခြေနဲ့ သတ်ဖြတ်ခဲ့တယ်လို့ ယူဆရပါတယ်။ စစ်ပွဲတွေအတွင်း အခုလို စစ်ရာဇဝတ်မှုတွေ ကျူးလွန်ကြတာဟာ မြန်မာနိုင်ငံမှာ ဒီဖြစ်ရပ်က ပထမဆုံးမဟုတ်ပါဘူး။ ကရင်ပြည်နယ်မှာ၊ ရခိုင်ပြည်နယ်မှာ၊ ရှမ်းပြည်နယ်မှာ သိပ်မကြာသေးတဲ့ကာလတွေအတွင်း ဖြစ်ပျက်ခဲ့တဲ့ သာဓကတွေ အများအပြားရှိပါတယ်။ လက်နက်ကိုင် တပ်ဖွဲ့တွေ လူထုနဲ့ ဆန့်ကျင်ဘက် ဖြစ်လာတဲ့အခါ သို့မဟုတ် လူထုကို တဖက် လက်နက်ကိုင် အဖွဲ့ကို ထောက်ခံသူ အားပေးသူ ပံ့ပိုးသူလို့ သံသယနဲ့ စွပ်စွဲသတ်ဖြတ်လာတဲ့ ဖြစ်ရပ်တွေဟာ နိုင်ငံရေးအာဏာကိုရယူထားတဲ့ စစ်တပ်က အများဆုံးကျူးလွန်ကြပြီး တခါတရံ အတိုက်အခံ လက်နက်ကိုင် အဖွဲ့တွေသည်ပင်လျင် ကျူးလွန်ခဲ့ကြတာတွေ မြန်မာနိုင်ငံ ပြည်တွင်းစစ်သမိုင်းမှာ ရှိခဲ့တာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေ အပေါ် ကျူးလွန်တဲ့ ဖြစ်ရပ်တွေက ပြည်တွင်းစစ် ဆိုတာထက် ကိုးကွယ်ရာ ဘာသာမတူတာ၊ တဖက်နိုင်ငံက ခိုးဝင်တဲ့လူတွေ ဖြစ်တယ်ဆိုတဲ့ အမုန်းစကား လှုံ့ဆော်မှု၊ သတ်ဖြတ်မှုကို တရားဝင်အောင် ဥပဒေကြောင်းအရပါ ဆင်ခြေပေး လုပ်ဆောင်ခဲ့တဲ့ လူမျိုးတုန်းသတ်ဖြတ်မှု ဖြစ်ပါတယ်။ ဒီလို ဆိုးရွားတဲ့ လူမျိုးတုန်းသတ်ဖြတ်မှုကို မြန်မာနိုင်ငံရဲ့ စစ်တပ်က ကျူးလွန်ခဲ့တာဖြစ်ပြီး အခု စစ်အာဏာသိမ်းပြီးတဲ့နောက်မှာတော့ လက်နက်ကိုင် ဆူပူသူ၊ အကြမ်းဖက်သူတွေ လုပ်ကြံသတ်ဖြတ်သူတွေ အဖြစ်နဲ့ ဆင်ခြေပေးကာ စစ်ရာဇဝတ်မှုတွေ ၊ သတ်ဖြတ်မှုတွေ ကျူးလွန်နေတာလည်း ဖြစ်ပါတယ်။
ဒီနေရာမှာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်တာကို တားဆီးနိုင်တဲ့ နည်းလမ်းရှိသလားလို့ မေးစရာရှိပါတယ်။ စစ်ရာဇဝတ်မှုတွေ ကျူးလွန်တာတွေက အာဏာ လက်ဝယ်ချုပ်ကိုင်ထားတဲ့ အစိုးရဆိုတဲ့အဖွဲ့အစည်းတွေ နဲ့ အာဏာ လက်ဝယ်မရှိပေမယ့်လည်း လက်နက်ကိုင် ထားတဲ့ အဖွဲ့အစည်းတွေ အနေနဲ့လည်းအနည်းနဲ့ အများကျူးလွန်နိုင်ခြေ ရှိတာဖြစ်ပါတယ်။
အာဏာရှိတဲ့ လက်နက်ကိုင် အဖွဲ့အစည်းက အာဏာမရှိတဲ့လက်နက်ကိုင်အဖွဲ့ထက် ပိုမိုပြီး စနစ်တကျ ကျူးလွန်တာမျိုး တွေ့ရမှာဖြစ်ပါတယ်။ အထောက်အထားတွေ ဖျောက်ဖျက်ပြစ်တာ၊ ကျူးလွန်သူတွေကို ကျူးလွန်တဲ့ နယ်မြေကနေ တခြားဒေသတွေကို ရွှေ့ပြောင်းတဲ့နည်းနဲ့ ခြေရာ လက်ရာ ဖျောက်ဖျက်ပြစ်တာတွေ လုပ်ဆောင်လေ့ရှိပါတယ်။ ဒီနည်းနဲ့ အဆိုပါ စစ်ရာဇဝတ်မှုတွေ သတ်ဖြတ်မှုတွေကို မှေးမှိန်သွားအောင် မဖော်ထုတ်ရဲအောင် သတင်းအချက်အလက်တွေ မပေါက်ကြားအောင် လုပ်ဆောင်လေ့ရှိပါတယ်။ ဒစ်ဂျစ်တယ် ခေတ်မှာ တဦးချင်း မှတ်တမ်းယူ ထားတဲ့ ရုပ်ပုံတွေ ဗီဒီယိုတွေက သက်သေအထောက်အထား ဖြစ်ပြီးတခါတရံ မရည်ရွယ်ပဲ ပေါက်ကြားကာ အစုလိုက် အပြုံလိုက်သတ်ဖြတ်မှုတွေရဲ့ ဖြစ်ပျက်ပုံ ကျူးလွန်သူတွေက ဘယ်သူတွေဆိုတာကို ထွက်ပေါ်လာစေတတ်တာ ဖြစ်ပါတယ်။ မုန်တိုင်ပင် ကျေးရွာက အဖြစ်အပျက်က အဲလို အဖြစ်အပျက်ရဲ့ သာဓက တခုဖြစ်ပြီး အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုမဟုတ်ပေမယ့် တမူးမြို့မှာ PDF အဖွဲ့ဝင်တချို့က အမျိုးသမီးတဦးကို သတင်းပေးလို့ စွပ်စွဲသတ်ဖြတ်ခဲ့တဲ့ ဗီဒီယိုကလည်း အထက်က ဖြစ်ရပ်နဲ့ အလားသဏ္ဍာန်တူပါတယ်။
ကျူးလွန်မှုတွေရဲ့ သက်သေ အထောက်အထားတွေကို ဖော်ထုတ်ခြင်း လက်နက်ကိုင် အဖွဲ့အစည်းတွေ အနေနဲ့ မိမိတို့ရဲ့ လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေကို စစ်ပွဲ ရဲ့ လိုက်နာရမယ့် ကျင့်ဝတ်ဥပဒေတွေ၊ အရပ်သားတွေ အပေါ်ကျင့်သုံးရမယ့် စည်းမျဥ်းစည်းကမ်းတွေကို အသိပေး လိုက်နာစေဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ စစ်ကောင်စီ အနေနဲ့တော့ အခုလို အချက်အလက်တွေကို မသိတာထက် ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခမှာ လူထုက တဖက်ကို မထောက်ခံ၊ မကူညီရဲအောင် နည်းပရိယာယ် အနေနဲ့ အသုံးချနေတဲ့သဘောလည်း ဖြစ်ပါလိမ့်မယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar