Breaking News

ထိုင်းနိုင်ငံရဲ့ အလွတ်သဘော ဆွေးနွေးပွဲရဲ့ အကျိုးသက်ရောက်မှု


မြန်မာနွေဦး ခရိုနီကယ် - ဒီဇင်ဘာ ၂၂ မြင်ကွင်း

(မိုးမခ) ဒီဇင်ဘာ ၂၃၊ ၂၀၂၂


ထိုင်းနိုင်ငံရဲ့ အလွတ်သဘော ဆွေးနွေးပွဲရဲ့ အကျိုးသက်ရောက်မှု 

မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို အဖြေရှာဖို့ရာ ထိုင်းနိုင်ငံ ဒုဝန်ကြီးချုပ်က ဖိတ်ကြားတဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ ရဲ့ အလွတ်သဘော အစည်းအဝေးကို အိမ်နီးချင်းနိုင်ငံအချို့ နဲ့ စစ်ကောင်စီ ရဲ့ ဝန်ကြီး ၃ ဦးတက်ရောက်ခဲ့တာဖြစ်ပါတယ်။ ဒီဇင်ဘာ ၂၂ ရက်နေ့မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပခဲ့တဲ့ အလွတ်သဘော အစည်းအဝေးကို တက်ရောက်တဲ့ အာဆီယံနိုင်ငံတွေကတော့ ထိုင်း ကမ္ဘောဒီးယား၊ လာအို ၊ ဗီယက်နမ်နဲ့ ကာယကံရှင် ဖြစ်တဲ့ မြန်မာနိုင်ငံတို့ တက်ရောက်ခဲ့ကြပါတယ်။  မြန်မာနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီး အပါအဝင် စစ်ကောင်စီ ဝန်ကြီး ၃ ဦးတက်ရောက်ခဲ့တယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ပါတယ်။ 

စစ်ကောင်စီအနေနဲ့တော့ ဒီလို နိုင်ငံတကာက ၄င်းတို့ကို အစိုးရအဖြစ် အသိအမှတ်ပြုဖိတ်ကြားတဲ့အပေါ်ရော၊ ၄င်းတို့ရဲ့ နာရေးတစ် လို့ဆိုရမယ့် နိုင်ငံရေးအကြပ်အတည်းအပေါ် အမြင်ကို ပြောဖို့အခွင့်အရေးရတာမို့လို့ တက်ကြွစွာ သွားရောက်ခဲ့တာ ယုံမှား သံသယဖြစ်စရာ မရှိပါဘူး။ နေ့တွင်းချင်း သတင်းထုတ်ပြန်ခဲ့တာကို အကဲခတ်ကြည့်ရင် အခုလို ဖိတ်ကြားတာကို ဂုဏ်ယူပုံပေါ်လွင်ပါတယ်။ 

မြန်မာနိုင်ငံအရေးဟာ ဒေသတွင်း နိုင်ငံရေးပြဿနာ ဖြစ်နေတာကြောင့် ဆွေးနွေးကြရတာဆိုတဲ့ အဓိပ္ပါယ်ထက်ကို နိုင်ငံရဲ့ တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြုတယ်ဆိုတဲ့အချက်ကို အရေးတကြီး လိုချင်နေတဲ့ အသွင်မျိုးဖြစ်ကာ ဆွေးနွေးပွဲမှာ တဖက်က ဘယ်လိုအကြံပြုချက်တွေ ဆွေးနွေးချက်တွေ ရှိသလဲဆိုတာထက် စစ်ကောင်စီဘက်က ပြောနေကျ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ လုပ်နေတဲ့အကြောင်း၊ AHA လို့ခေါ်တဲ့ အာဆီယံ လူသားချင်းစာနာမှု  အကြောင်းအရာတွေ ဆွေးနွေးကြတယ်ဆိုတာ ကိုသာ စစ်ကောင်စီဘက်က ထုတ်ပြန်ခဲ့တာ တွေ့ရပါတယ်။

တက်ရောက်တဲ့ နိုင်ငံတွေထဲ ဗီယက်နမ် နဲ့ ကမ္ဘောဒီးယား  နိုင်ငံတွေကတော့ မြန်မာ့နဲ့နယ်နိမိတ် ထိစပ်နေတဲ့နိုင်ငံမဟုတ်ပဲ ထိုင်းနဲ့ လာအို နိုင်ငံတွေက မြန်မာနဲ့နယ်နိမိတ် ထိစပ်နေပြီး အဓိက ထိုင်းနိင်ငံအနေနဲ့ လက်နက်ကိုင် တိုက်ပွဲတွေရဲ့ အကျိုးဆက်ဖြစ်တဲ့ ဒုက္ခသည်ပြဿနာ၊ တရားမဝင် ဝင်ရောက်လာမယ့် ရွှေ့ပြောင်းလုပ်သား ပြဿနာနဲ့ ပဋိပက္ခနဲ့ တရားဥပဒေ စိုးမိုးမှု လျော့လျဲလာသည်နှင့်အမျှ လက်နက်မှောင်ခို ၊ မူးယစ်ဆေးဝါးမှောင်ခို ပြဿနာတွေရဲ့ သက်ရောက်မှု အကျိုးဆက်တွေကို ခံစားရမယ့် နိုင်ငံဖြစ်နေတာပါ။ 

ဒီလို အလွတ်သဘော ဆွေးနွေးပွဲကျင်းပတာဟာ တဖက်မှာ စစ်ကောင်စီကို သံတမန်ရေးအရ အားပေးသလို ဖြစ်စေပြီး NUG အစိုးရ ကို အသိအမှတ်မပြု၊ ဖိတ်ကြားခြင်းလည်း မရှိတဲ့အပေါ် ထိုင်းနိုင်ငံအနေနဲ့ မြန်မာ့အရေးမှာ စစ်ကောင်စိဘက် ဘက်လိုက်တဲ့ ရပ်တည်ချက်ရှိတယ်လို့ ယူဆစရာ ကောက်ချက်ချစရာ ရှိနေတာဖြစ်ပါတယ်။ အာဆီယံအဖွဲ့အနေနဲ့ စစ်ကောင်စီကိုလည်း တက်ရောက်ခွင့် ကန့်သတ်ထားသလို NUG ကို လည်း အာဆီယံအနေနဲ့ တွေ့ဆုံတာမျိုးတော့ မရှိသေးပါဘူး။ နိုင်ငံတနိုင်ချင်းအရ နိုင်ငံခြားရေးဝန်ကြီး အဆင့်က NUG ကိုတွေ့ဆုံမှု ရှိခဲ့ပေမယ့် အာဆီယံအဖွဲ့အစည်းအနေနဲ့ တွေ့ဆုံမှုတော့ မရှိသေးပါဘူး။ 

အခုလို ထိုင်းနိုင်ငံရဲ့ ဒုဝန်ကြီးချုပ်၊  နိုင်ငံခြားရေးဝန်ကြီး တို့က ဖိတ်ကြားပြီး  အလွတ်သဘော တွေ့ဆုံမှုဟာ စစ်အာဏာသိမ်းပြီးနောက် လအနည်းငယ်အတွင်း စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ တွေ့ဆုံခဲ့မှု နောက်ပိုင်း ပထမဆုံး တွေ့ဆုံမှုဖြစ်ပါတယ်။ ထိုင်းစစ်တပ်ရဲ့ အကြီးအကဲတချို့ကတော့ ခုနှစ်ထဲမှာ နေပြည်တော်ကို လာရောက်ခဲ့တဲ့ ခရီးစဥ်ရှိခဲ့ပြီး အစိုးရအဖွဲ့ဝင်တွေ အနေနဲ့တွေ့ဆုံမှုက တနှစ်ကျော်အတွင်း တကြိမ်ပြန်ဖြစ်ပေါ်လာတာပါ။ 

ထိုင်းနိုင်ငံအနေနဲ့ အနောက်နိုင်ငံတွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိတဲ့ စစ်တပ်ဗိုလ်ချုပ်ဟောင်းတွေ လွှမ်းမိုးတဲ့ အစိုးရဖြစ်တာကြောင့် နိုင်ငံတကာ ရဲ့ ရပ်တည်မှု စံနှုန်းတွေထက်ကို လက်တွေ့ကျတဲ့ အကျိုးစီးပွားဆိုင်ရာ ကိစ္စ၊ စစ်တပ်က နိင်ငံရေး အာဏာမှာ ပါဝင်ပတ်သက်မှုဆိုတာတွေကို တစိတ်တပိုင်း ထောက်ခံတဲ့ ရပ်တည်ချက် ရှိပြီး အနောက်နိုင်ငံတွေနဲ့ မျက်နှာမပျက်ရအောင် တဖက်မှာ လူသားချင်းစာနာမှု အကူအညီ ဒုက္ခသည်ဆိုင်ရာ အကူအညီတွေကို ပေးအပ်ဖို့ ခွင့်ပြုခြင်း မြန်မာ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ တရားမဝင် နေထိုင်နေကြတာကို မသိချင်ယောင်ဆောင် ခွင့်ပြုထားခြင်းတွေ ရှိတာ တွေ့ရမှာပါ။ 

အခု အလွတ်သဘောဆွေးနွေးပွဲအပြီး ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်မှာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ ဆွေးနွေးကြတဲ့အကြောင်းနဲ့ပတ်သက်လို့ ထွက်ပေါက် မဟာဗျူဟာ (ဘယ်အရာကနေ ထွက်ပေါက်၊ ဘယ်အဖွဲ့ရဲ့ ထွက်ပေါက်လို့ မရည်ညွှန်းထား) နဲ့ မြန်မာနိုင်ငံမှာ ပုံမှန်အခြေအနေကို ပြန်ရောက်ဖို့ နည်းလမ်းအတွက် အပြန်အလှန် အမြင်တွေ ဖလှယ်ကြတယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။ 

မြန်မာ့နိုင်ငံရေးက ဒေသတွင်း နိုင်ငံတွေအဖို့ မီးစတစသဖွယ် ဖြစ်လာနေပြီး မြန်မာ့အကျပ်အတည်းကနေ နိုင်ငံရေး အကျိုးအမြတ်ထုတ်ဖို့ စဥ်းစားလုပ်ဆောင်မှုတွေလည်း ရှိနေနှင့်တာ ထပ်မံပေါ်ထွက်လာနိုင်တာလည်း ဖြစ်ပါတယ်။ မြန်မာ့အရေးရဲ့  ထွက်ပေါက် အဖြေကတော့ ပြည်တွင်းက အင်အားစုတွေရဲ့ အဆုံးအဖြတ်၊ ပြည်သူလူထုကို ဦးစားပေး ထည့်သွင်းစဥ်းစားတဲ့ နိုင်ငံရေး အဖွဲ့အစည်းတွေ နဲ့မှန်ကန်တဲ့ လမ်းစဥ်ကို ရွေးချယ်နိုင်မှု လက်တွေ့ကျတဲ့ လုပ်ဆောင်မှုတွေ ဖြစ်ဖို့အရေးကြီးတာလည်း ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar