မောင်ရစ် - လူတွေက ကွန်ပျူတာပရိုဂရမ်ထဲမှာ ရှင်သန်နေကြတာ ဟုတ်လား၊ မဟုတ်ဘူးလား
မောင်ရစ် - လူတွေက ကွန်ပျူတာပရိုဂရမ်ထဲမှာ ရှင်သန်နေကြတာ ဟုတ်လား၊ မဟုတ်ဘူးလား
(မိုးမခ) ဒီဇင်ဘာ ၆၊ ၂၀၂၂
လူတွေကို မေးကြည့်လိုက်ရင် - "ခင်ဗျား ဇာတ်လမ်းက ဘာလဲ …” ။ what is your story? သည်လိုမဟုတ်လား။ ကိုယ့်ကိုယ်ကို ဇာတ်လမ်းတခုထဲက ဇာတ်ကောင်တခုလို သရုပ်ဆောင်နေကြသလိုချည်းပဲ။ ကျနော်က စျေးရောင်းတယ်၊ ကျနော်က သူပုန်၊ ကျနော်က ထောက်ပို့၊ ကျနော်က အိမ်ထောင်သည်၊ ကျောင်းသား … သည်လို ဖြေကြမယ်။ သူတို့မှာ ဇာတ်လမ်းရှိတယ်၊ အဲသည်ဇာတ်လမ်းထဲမှာ သူတို့ ရှင်သန်နေကြတယ်။ သူတို့ကိုယ်သူတို့ ဆက်စပ် ပတ်သက်လို့ ရတဲ့ ကျောရိုး သို့မဟုတ် ဇာတ်လမ်း သို့မဟုတ် story သူတို့မှာ မရှိရင် သူတို့ ဘ၀အဓိပ္ပါယ် သူတို့မှာ မရှိတော့ဘူး။ အဲသည်လိုဆိုတေ့ာ ကျနော်တို့လူတွေက ဇာတ်လမ်းတခုခု အစီအစဉ်တခုခုထဲမှာ ပတ်သက်ရှင်သန်နေကြသူတွေလို့ ဆိုချင်တယ်။ သူတို့တွေက ကွန်ပြူတာဂိမ်းတွေ ကွန်ပြူတာပရိုဂရမ်တွေထဲမှာ တကယ်ပဲ နေထိုင်နေကြတဲ့ လူတွေ တကယ်ဖြစ်နေသလား။ မေးခွန်းက အဲသည်လို။
ရူပဗေဒပညာရှင်တွေက ရုပ်ပိုင်းဆိုင်ရာ ဖြစ်ပေါ်တိုးတက် လည်ပတ်နေမှုကို အဖြေရှာကြတယ်။ စကြ၀ဠာကြီးက သတ္တဝါတွေ အသက်ဇီ၀တွေ ဖြစ်ပေါ် ပြောင်းလဲ တိုးတက် လာဖို့ evolve ဖြစ်ဖို့ အခြေခံအချက်အလက်တွေ (ပေးထားချက်တွေ)နဲ့ စတင်ခဲ့ကြသလား ဆိုတဲ့ မေးခွန်းကို မေးကြတယ်။ အသက်ရှင်သန်မှုတွေ ဂြိုလ်တွေ ကြယ်တွေ အပင်တွေ ရှင်သန် အီဗော့လ် ဖြစ်ဖို့ ကိန်းရှင်တွေ ကိန်းသေတွေ ရှိနေတယ်ဆိုတာမျိုး ရူပဗေဒပညာ၏ ဥပဒေသတွေ ညီမျှချင်းတွေမှာ ပါဝင်နေကြတယ်။ ဖြစ်ချင်သလို ဖြစ်နေတာ မဟုတ်ဘူး။ စီစဉ်တကျ ဖြစ်နေကြတာ။
တခု ရပ်ပြီးစဉ်းစားကြည့်လိုက်ရင် နေ့စဉ် လူ့ဘ၀မှာ ကီန်းဂဏန်းတွေနဲ့ လူလုပ်နေကြရတာချည်းပဲ။ ဖော်မြူလာတွေ ဥပဒေသတွေထည့်မစဉ်းစားနဲ့ဦး။ တလ ဘယ်လောက်ရသလဲ၊ မိသားစု ဘယ်နှစ်ဦးလဲ။ အသက်ဘယ်လောက်ရှိပြီလဲ။ ဘယ်တုန်းက မွေးသလဲ။ ဘယ်တုန်းက သေတာလဲ။ အကြွေးဘယ်လောက် တင်နေလဲ။ လူဘယ်နစ်ယောက် တိုက်ပွဲမှာ ကျသလဲ။ ရန်သူကို ပစ်တာ ကျည်ဘယ်နှစ်တောင့်သုံးလဲ။ ဓာတ်ဆီ ဘယ်နှစ်ဂါလံလဲ။ ဒေါ်လာစျေး ဘယ်လောက်လဲ။ ကိန်းဂဏန်းတွေချည်းနဲ့ ရှင်သန်မှုကို တိုင်းတာ နေထိုင်နေကြရတာ မဟုတ်ဘူးလား။
စကြဝဠာမှာ အမှောင်စွမ်းအင် dark energy ဆိုတာကို ရှာဖွေသိရှိကြတော့ သူက တစတစ ကျယ်ပြန့်လာနေတယ်တဲ့။ အမှောင်စွမ်းအင်ဆိုတာ တွင်းနက်ကြီးတွေ black hole တွေက သူ့ဘေးနားက အရာတွေကို ဝါးစားမျိုချ ပျောက်ကွယ်သွားစေတယ်ဆိုလား။ သို့သော် အမှောင်စွမ်းအင်က တစစီ ချေမှုန်းပစ်နေတာထက် တစစီ စုစည်းပေါင်းစပ်စေတာမျိုးကိုလည်း ဖြစ်ပေါ်စေတယ်လို့ ပြောကြပြန်တယ်။ သည်တော့ စကြဝဠာတွေ တခုပြီး တခု ဖြစ်ပေါ် ကျယ်ပြန့်လာနေတယ်လို့ ပြောကြပြန်ပြီ။
ဒါဆိုရင် စကြ၀ဠာတခုထဲမှာ လူတွေ ရှင်သန်နေတယ်ဆိုရင် အဲသည်လိုမျိုး စကြ၀ဠာတွေ အများအပြားရှိနေတယ်။ ဒါဆိုရင် တစုံတဦးက ကွန်ပြူတာထဲမှာ ဆွဲထားတဲ့ အစီအမံ Program ဖန်တီးပုံဖော်ထားတာ Simulation လား။ ဒီပရိုဂရမ်မာက တခုခုကို ချိန်ကြည့်လိုက် စမ်းသပ်ကြည့်လိုက် လုပ်နေတာလား။ ဒီစကြ၀ဠာထဲမှာ ကမ္ဘာကြီးပူနွေးလာမှု ခလုတ်ကို နှိပ်လိုက်တယ်။ မုန်တိုင်းတွေ ကျစေတဲ့ စမ်းသပ်မှုကို ဖွင့်လိုက်တယ်။ အရူးတကောင်ကို စစ်အာဏာရှင်ဖြစ်အောင် ပုံသွင်းပြီး မြန်မာပြည်မှာ သွားချထားလိုက်တယ်။
ရူပဗေဒပညာရပ်တခုထဲက အချက်အလက်ဆိုင်ရာရူပဗေဒ ပညာရှင်တွေက ပြောတဲ့အချက်က ဒါကို ထောက်ခံနေတယ်။ ပညာရှင်တွေက လောကကြီးကို အချိန်-နေရာ နဲ့ ဒြပ်ထု ပေါ်မှာ အခြေခံစဉ်းစားခဲ့ကြတယ်။ ဖော်မြူလာထုတ်ကြတယ်။ လောကပဟေဠိကို အဖြေညှိကြတယ်။ space-time & matter လို့ ခေါ်ကြတယ်။ အချိန်နဲ့ ရုပ်၀တ္ထုတွေ နေရာတနေရာမှာ ရှိနေတယ် သည်လိုမျိုး စဉ်းစားကြတာ။ ဥပမာ - ဒေါ်အောင်ဆန်းစုကြည် ခုချိန်မှာ နေပြည်တော်က အကျဉ်းထောင်မှာ ရှိနေတယ် ဆိုတာမျိုး ယူဆထားတယ်။ သတ်မှတ်ထားတယ်၊ ယုံကြည်ထားတယ်။ ဒါပေမယ့် ပညာရှင်တွေ အပြောကတော့ အင်ဖော်မေးရှင်း အချက်အလက်တွေကနေ ခုနင်က ထင်မှတ်မှု သတ်မှတ်မှုတွေ ပေါ်ထွက်လာနေတာ။ အချက်အလက်တွေကနေ အချိန် နေရာ ဖြစ်တည်မှုကို ဖန်တီးလိုက်တာ တဲ့။
ရှင်းလင်းတဲ့ ဥပမာတခုကတေ့ာ အက်တမ်တွေ၏ လှုပ်ရှားမှုကနေ အပူချိန် ဆိုတာ ဖြစ်လာတယ်။ အက်တမ်တွေထဲမှာ အစကတည်းက အပူချိန်ဆိုတာ ပါမလာဘူး။ အချက်အလက်တွေ တခုပြီး တခုအပေါ်ကနေ အသစ်အသစ်သော အခြေအနေတွေ သဘောတရားတွေ ဖြစ်ပေါ်လာတယ်။ အစကတည်းက သဘာ၀တရားကြီးထဲမှာ ရှိနေတာ မဟုတ်ဘူးလို့ သူတို့က ပြောချင်တာ။ ဖန်တီးရှင်က အချက်အလက်အသစ်တခု ထည့်ပေးလိုက်တယ်။ လူတွေက ရှာဖွေတွေ့ရှိသွားကြတယ်။ အရင်က သိထားပြီးသားနဲ့ ထိန်းညှိ ချိန်ဆပြီး ယုတ္တိရှိတဲ့ ဖြေရှင်းမှုကို ထုတ်ဖော်လိုက်ကြရပြန်တယ်။
(ကမ္ဘာကြီး ပူနွေးလာတယ်။ နွေးမှာပေါ့ ဟိုတုန်းက သဘာ၀ဝန်းကျင်တွေဆီက အရင်းအမြစ်တွေ ဖျက်ဆီးခဲ့ကြတာကိုး။ သွပ်သွပ်သွပ် …။ ဟိုက်ရှားဘား ဟုတ်တယ်။ ဟုတ်တယ်။ )
(ကမ္ဘာကြီးက သက်တမ်း ထောင်ချီ သန်းချိပြီဆို - လူတွေက ခုမှ စဖျက်ဆီးနေတာ သည် ရာစု နဲ့ လွန်ခဲ့တဲ့ အနှစ် ၃၀၀ လောက်ပဲ ရှိနေသေးတာ။ ဗြုံးစားကြီးပါလား။ ဟုတ်ပါ့မလား။ ) သည်လို ပြန်မမေးကြဘူး။ အချက်အလက်တွေပေါ်ကနေ လက်ခံပြီး စဉ်းစားခန်းဝင်ကြတော့တာပဲ။
ဒါကြောင့် ပညာရှင်တချို့က လောကကြီးဟာ ကွန်ပြူတာဖန်တီးခန်းတခု သာ ဖြစ်တယ်။ သင်္ချာကိန်းဂဏန်းတွေနဲ့သာ ဖွဲ့စည်းထားတယ်။ ကိန်းဂဏန်းတွေကနေ အချက်အလက်တွေတွေ ဖြစ်ပေါ်လာတယ်လို့ ၁၉၈၉ ခုနှစ် John Achibald Wheeler က ထင်မြင်ချက် ထုတ်ခဲ့တယ်။ It from bits … လို့ ခေါ်ကြတယ်။
၂၀၀၃ မှာ ပညာရှင် Nick Bostrom အော့်စဖို့တက္ကသိုလ်က သည်လိုမျိုး ပြောပြန်တယ်။ လူတွေနဲ့ လောကကြီးဟာ simulation တခုခုထဲမှာ ရှိနေတယ်တဲ့။ လူသားမျိုးနွယ်တွေဟာ အစွမ်းကုန်ပညာတွေ တတ်ကျွမ်းကုန်ကြပြီးနောက် အခုလို စမ်းသပ်ခန်းတွေ တည်ဆောက်ပြီး ဖန်တီးစီရင်မှုတွေကို လုပ်ကိုင်လေ့လာနေကြသတဲ့။ သည်တော့ ကျနော်တို့ကိုယ်တိုင် သည်စမ်းသပ်ခံနေရတာလား မသိတော့ဘူး တဲ့။
ဟုတ်တယ်လေ။ အစက မီးကို ရှာဖွေတွေ့ပြီး နှစ်ပေါင်း ထောင်သောင်းချီ လူနေမှုစနစ် ခေတ်ပြောင်းဖို့ အချိန်ယူခဲ့ရာက အခုတော့ ၁၈ ရာစုကနေ ၂၁ ရာစုအတွင်း နှစ် ၄၀၀ လောက်နဲ့ ရှာဖွေတွေ့ရှိမှု မျိုးစုံကနေ လူနေမှုစနစ်က အံ့မခန်း ပြောင်းလဲသွားတာ နေ့ချင်းညချင်းပဲ။ မယုံနီုင်စရာ။ လွန်ခဲ့တဲ့ အနှစ် ၂၀ က အိုင်ဖုန်းတောင် မရှိသေးဘူး။ အိုင်ပေါ့ဒ်လောက်နဲ့ လူလုပ်နေကြတာ။ အဲသည်မတိုင်ခင် အနှစ် ၂၀ လောက် ကက်ဆက်ပလေယာကို ခါးမှာ ချိတ်နိုင်ရင်ပဲ သေပျော်ပီလုပ်နေကြသူတွေ အခု ဘာဖြစ်ကုန်တာလဲ။
MIT က ရူပဗေဒပညာရှင် Seth Llyod ကတော့ သည်လို ထပ်ပြောပြန်တယ်။ အခု လူတွေ ရှာဖွေတွေ့ရှိထားတဲ့ ကွမ်တမ်ကွန်ပျူတာစနစ်ဆိုတာ အခုငါတို့၏ စကြ၀ဠာကိုယ်တိုင် ဖြစ်နေတယ် ထင်တယ်တဲ့။
ကွန်တမ်ကွန်ပျူတင်း ဆိုတာက အခြေအနေတခုသည် တချိန်တခုမှာ ဖြစ်တည်သည် ဆိုတဲ့ လက်ခံထားမှုကနေ သွေဖီပြီး တချိန်တည်းမှာ အခြေအနေ တခုထက်ပိုပြီး တပြိုင်နက်တည်း ဖြစ်နေတယ်လို့ ဆိုလိုတာမျိုး။ ကွမ်တမ် ကွန်ပျူတာစနစ်က အလွန်လျင်မြန်လွန်းတော့ တွက်ချက်မှုမျိုးစုံ ဖြစ်နိုင်ချေမျိုးစုံကို အချိန်တခုတည်းအတွင် အများအပြား တွက်ချက် အဖြေထုတ်နိုင်တယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။ တလောက နိုဘယ်ဆုရသွားတဲ့ ကွမ်တမ် သက်သေပြချက်ဆိုရင် တချိန်တည်းမှာ အဝေးကြီးက အရာ၀တ္ထု နှစ်ခု ဆက်သွယ်နိုင်စွမ်း ရှိတယ် ဆိုပဲ။ ဒါတွေက ရှေးတုန်းက သိပ္ပံအချက်အလက်ကနေ ထပ်ဆင့်တွေ့ရှိတာမဟုတ်တော့ဘူးလေ။ လုံး၀ သစ်ဆန်းသော အချက်အလက်တွေ ဖြစ်လာတာ။ ဒါတွေ ဒီလောကကြီးထဲက လူတွေခေါင်းထဲ ရောက်အောင် ဘယ်အရာက ထည့်သွင်းလိုက်တာပါလိမ့်။ simulation ထဲက ဇာတ်ကောင်တွေကို ဇာတ်ညွှန်းအသစ် ပို့ပေးလိုက်တာမို့ ဇာတ်ကွက်အသစ် ထုတ် က ရတာ မျိုးလား။
အဲသည်တော့ ပညာရှင်တချို့ မှတ်ချက်ပေးတာကတော့ - အခုလူ့လောကကြီးက တကယ်အစစ်အမှန် ရုပ်လောကကြီးမဟုတ်ဘဲ အတုအယောင် ဖန်တီးထားမှု၊ Virtual Realty - ဟုတ်ယောင်ထင်မှု လောကကြီး ဖြစ်တယ်တဲ့။ ပွဲကြည့်ပရိသတ်မရှိတဲ့ ကိုယ့်သဘောကိုယ်ဆောင်နေတဲ့ လောကကြီး မဟုတ်ဘူး ဆိုတာပဲ။ ဟုတ်ယောင်ထင်မှုလောကဆိုတာ အချက်အလက်တွေ ထည့်သွင်း ဆင်ခြင်ခြင်းကနေ ဖြစ်ပေါ်လာရတာ ဖြစ်ပါတယ်။ သဘောကတော့ ကွန်ပြူတာမှာ သုညနဲ့ တစ် ဆိုတဲ့ ဘစ် bit ကနေ စတင်ဖွဲ့စည်းပြီး တစ တစ ရုပ်လုံးပေါ်လာရတဲ့ အဖြစ်မျိုး။ ဇယားကွက်စိတ်လေးတွေနဲ့ ကားချပ်ကြီးကြီးတခုကို အဖြူအမည်းတွေ သတ်မှတ်ထားသလို ဖြည့်လိုက်တဲ့အခါ အဲသည်ကားချပ်ကြီးကို အဝေးက ကြည့်လိုက်ရင် ကျော်ဟိန်းပုံ ပေါ်နေတာမျိုးပေါ့။ တကယ်က ကျော်ဟိန်းမဟုတ်ဘူးလေ။ အဖြူအမည်း အစက်ကလေးတွေ ပေါင်းစုံထားတာ။ တီဗီကို အနီးကပ်ကြည့်လိုက်၊ ရောင်စုံအစက်ကလေးတွေ လှုပ်နေတာပဲ မဟုတ်လား။ bit ကိုတော့ ထပ်ခွဲခြမ်းကြည့်လို့ မရတော့ဘူးဟုတ်။
ကွမ်တမ်မက်ကင်းနစ်က အက်တမ်တွေ အမှုံအစက်တွေအကြောင်းကို ရှင်းပြတယ်။ အသေးဆုံး အစက်ယူနစ်မှာ စွမ်းအင်၊ ထုထည်နဲ့ အချိန် ပါဝင်တယ်တဲ့။ စကြာ၀ဠာမှာလည်း အခြေခံအမှုံအစက်တွေကနေ မြင်သာထင်သာရှိတဲ့ ရုပ်ဒြပ်တွေ ပေါ်လာတယ်။ တီဗီမှာ အရုပ်တွေ ပေါ်လာသလိုမျိုးပေါ့။
စကြာ၀ဠကြီးမှာ ဖြစ်ပျက်နေသမျှက ရူပဗေဒသဘောတရားတွေ လွှမ်းခြုံနေသလိုမျိုး ကွန်ပျူတာပရိုဂရမ်ထဲက ဖန်တီးထားတဲ့ လောကအတုထဲမှာလည်း ကွန်ပြူတာကုဒ်တွေ အဓိကလိုက်ပါနေတယ်။ သင်္ချာသဘောတရားတွေ၊ ညီမျှခြင်းတွေ၊ ဂဏန်းတွေ၊ ဂျီဩမေတြီ ပုံသဏ္ဌာန်တွေ လောကကြီးထဲမှာ နေရာတိုင်းမှာ ပါဝင်နေတယ်။ လောကကြီးဟာ အားလုံး သင်္ချာနဲ့ ဖွဲ့စည်းထားသလိုပဲ ဖြစ်နေတယ် မဟုတ်ဘူးလား။
နောက် ရူပဗေဒပညာရှင်တွေ ထောက်ပြတာက လောကကြီး၏ အရွေ့၊ စကြ၀ဠာ၏ အမြန်ဆုံးအရှိန်အကန့်အသတ်က ဘယ်လောက်ထိလဲ။ သူက အလင်း၏အမြန်နှုန်းထက် ပို မသွားနိုင်ဘူး မဟုတ်လား။ အကယ်၍ လောကအတုအယောင်တခု ဖန်တီးတီထွင်ထားမှု simulation ထဲမှာ ဆိုရင် သူ့ပရိုဂရမ်၏ အမြန်နှုန်းကလည်း သူ့ကွန်ပြူတာ CPU စက်ဦးနှောက်၏ အမြန်နှုန်းအကန့်အသတ်ထက် ပိုပြီး မသွားနိုင်ကြဖူးမဟုတ်လားလို့ သူတို့က နှိုင်းယှဉ်ပြပါတယ်။
ကွန်ပျူတာကို အလွန်အကျွံ ခိုင်းလိုက်ရင် စက်က နှေးသွားတယ်။ စက်ကနှေးသွားရင် ခုနင်က simulation program ကလည်း နှေးသွားတယ်။ ဒါမျိုးကို အိုင်းစတိုင်းက ထုတ်ပြောခဲ့တယ်။ black hole နား နီးလာလေလေ အချိန်ကိုယ်တိုင်က နှေးသွားတယ်။
ဒါမျိုးကို ကွမ်တမ်မက္ကင်းနစ်ကနေ သက်သေပြချက် ထုတ်ပါတယ်။ "ယူဆ"တယ်ဆိုတာ "တကယ်” မဟုတ်ဘူး။ တစုံတခုက သတ်မှတ်ထားတဲ့ အခြေအနေတခုမှာ သတ်မှတ်ထားတဲ့ တနေရာမှာ ရှိနေတယ် ဆိုတာ တကယ် မျက်စိတပ်အပ် တိုင်းတာ မတွေ့ရဘဲနဲ့ ရှိနေတယ်လို့ ယူဆထားတာဟာ တကယ်ဖြစ်နေတာ ဟုတ်ချင်မှ ဟုတ်မယ် တဲ့။ ဥပမာက တောင်းနဲ့ အုပ်ထားတဲ့ ကြက်တကောင်ဟာ သေနေသလား ရှင်နေသလားဆိုတာ တောင်းကို ဖွင့်မကြည့်ဘဲနဲ့ ဘာမှ တပ်အပ်မပြောနိုင်ဘူး၊ သေတယ်၊ ရှင်တယ် တခုခု ပြောလို့လဲ မရဘူး၊ သေလဲသေနေသလို ရှင်လဲ ရှင်နေနိုင်တယ်။ ဒါက ယူဆချက်တွေ၊ တကယ် မဟုတ်ဘူး။ ရှင်းတယ်နော်။ ပြောချင်တာ ကွမ်တမ်အခြေအနေမှာ တစုံတခုဟာ ဖြစ်ချင်သလို ဖြစ်ချင်ရာ ဖြစ်နေနိုင်တယ်။ တချိန်တည်းမှာ အမျိုးစုံသော တစုံတခုအဖြစ်ကို ဖြစ်နေနိုင်တယ်။ သူ့ကို အပြင်က စောင့်ကြည်သူ သို့မဟုတ် ပရိုဂရမ်မာက ဆုံးဖြတ်ချက် ထုတ်မပေးမချင်း သူ့၏ ဟုတ်ယောင်ထင်မှုသည် တိုင်းတာလို့ မရဘူး။
ကွမ်တမ် Entanglement ဆိုပြီး နိုဘယ်ဆုရတဲ့ သီအိုရီကို ပြန်ပြောရအောင်။ ကွမ်တမ်၏ ကြိုးရှုပ်ထဲ ငြိမိခြင်းလို့ ပြောရမလား မသိ။ အဝေးကြီးမှာ သူ့ဖာသာရှိနေတဲ့ အစက် ၂ ခု က သူတို့ဖာသာသူတို့ ဆက်သွယ်မှု ရှိနေနိုင်တယ် တဲ့။ အစက်တစက်ကို တခုခု လုပ်လိုက်ရင် အခြားအစက်အပေါ်လည်း အလင်း၏ အမြန်နှုန်းထက် ပိုမြန်စွာ တပုံစံတည်း သက်ရောက်မှု ဖြစ်စေနိုင်တယ်တဲ့။ အစက်တခုကို အချက်အလက်တခု ပေးလိုက်ရင် အဲသည်အချက်အလက်ကို အခြား အစက်တခုက တမုဟုတ်ချင်း သိသွားတဲ့ အခြေအနေကို ပြောတာပါ။ ဘာမှ ကြားထဲမှာ အဆက်အစပ် မထားပဲနဲ့ ချိတ်ဆက်မထားပဲနဲ့ ဖြစ်တယ်လို့ ဆိုတာ။ ဒါကို ထောက်ပြပြီး ပညာရှင်တွေက ဘာပြောသလဲ ဆိုတော့ - ကွန်ပျူတာမှာ CPU နဲ့ သူ့ပရိုဂရမ်၏ ကုဒ်တွေနဲ့ အမှတ်အသားတွေဆိုတာ တခုနဲ့တခု လက်တကမ်းစီပဲ ဝေးကြမှာပါတဲ့။ လူတွေကသာ အလင်းနှစ် သန်းချီပြီး ဝေးတယ် ထင်နေကြတာ Virtual Reality ထဲက Simulation ထဲမှာ ဘာမှ ဝေးခြင်း နီးခြင်း မရှိပါဘူး တဲ့။ ခလုတ်တချက်နှိပ်တာနဲ့ ဖြစ်စေချင်တာ ဖြစ်လို့ ရနေတာပဲ မဟုတ်လား။
သည်တော့ ဘယ်လို သက်သေပြမလဲ။ သည်လူတွေ သည်လောကကြီးဟာ အစစ်အမှန် မဟုတ်ဘူး။ တီထွင်ဖန်တီးထားတဲ့ ပရိုဂရမ် လောကတု၊ ဟုတ်ယောင်ထင်မှု သက်သက်ပဲ ဖြစ်နေတယ် ဆိုတာ။ ဘယ်လို သက်သေပြမလဲ။
တကယ်တမ်း လောကကြီးကို သဘာ၀မဟုတ်ဘဲ ဖန်တီးတည်ဆောက်ထားတာသာဆိုရင် နေရာတိုင်းမှာ အချက်အလက်တွေ bits တွေ မျိုးစုံရှိနေရမယ်။ ဒါတွေက ကွန်ပျူတာ ကုဒ်တွေပေါ့။ ဒီလို ကုဒ်တွေ ၊ ပရိုဂရမ်လုပ်ထားတဲ့ သဘောတရားတွေကို ထောက်ပြနိုင်ရင် လောကကြီးက အစစ်မဟုတ်ဘူးဆိုတာ သက်သေပြနိုင်မယ် တဲ့။
အခုလက်ရှိမှာ အဆိုတင်သွင်းထားကြတာက - mass-energy-information (M/E/I) equivalence principles - ဒြပ်ထုကို စွမ်းအင် သို့မဟုတ် အချက်အလက် တခုအဖြစ် သတ်မှတ် (ပြောင်းလဲ) နိုင်ရမယ်တဲ့။ အပြန်အလှန်အားဖြင့် အချက်အလက်တွေကိုလည်း စွမ်းအင် သို့မဟုတ် ဒြပ်ထုအဖြစ် ပြောင်းနိုင်ရမယ်တဲ့။ သဘောကတော့ ဒြပ်ကို particle အဖြစ် သဘောထားရာက သူ၏ အချက်အလက်များကို ဖျက်ဆီးလိုက်တဲ့အခါ အခြားပုံသဏ္ဌာာန်တခု - ပရိုတွန်များ ထွက်လာခြင်း၊ အလင်းတန်းအဖြစ် ပြောင်းသွားခြင်းမျိုး ဖြစ်နိုင်သလား စမ်းသပ်ချက်။ (ဒါကတော့ သိပ္ပံပညာရှင်တွေက အက်တမ်တွေကို ပေါက်ခွဲပြီး စမ်းနေကြတာ ရှိနေပါပြီ)
ဒါကတော့ ဓာတ်ခွဲခန်း စမ်းသပ်မှုတွေ လိုအပ်ပါတယ်။ ဒီလိုမျိုး အခြားနည်းတခု အကြံပေးသူကတော့ ကွယ်လွန်သူ ရူပဗေဒပညာရှင် ဂျွန်ဘာရိုး ဖြစ်ပါတယ်။ ကွန်ပျူတာ၏ simulation ဟာ အချိန်ကြာလာတာနဲ့အမျှ စက်ဖောက်ပြန်မှုတွေ ဖြစ်လာနိုင်ပါတယ်တဲ့။ အဲသည်အခါကျရင် အဲသည်ချို့ယွင်းမှုတွေကို ပရိုဂရမ်မာကိုယ်တိုင်က ပရိုဂရမ်ကုဒ်တွေမှာ ပြန်လည်ပြင်ဆင်တာတွေ လုပ်လာသလား စောင့်ကြည့်ဖို့ ဆောင်ရွက်နိုင်ပါသတဲ့။
လက်ရှိမှာ သဘာ၀တရား၏ ဖောက်ပြန်မှုတွေ ဖြစ်ပျက်နေပါတယ်။ ရာသီဥတု ဖောက်ပြန်လာခြင်း၊ ကိုဗစ်ရောဂါကပ်ဆိုး ကျရောက်ခြင်း၊ အာဏာရှင်များ ထကြွပြီး စစ်မက်ထူပြောလာခြင်းတွေကို ဥပမာပြနိုင်ပါတယ်။ မုန်တိုင်းတွေ ဆူနာမီတွေလည်း တဖွဲဖွဲဆိုတော့ သည်လောကတုကြီးကို ဖန်တီး တီထွင်ထားသူက သူ့ကွန်ပြူတာပရိုဂရမ် ချို့ယွင်းတာကို ပြင်ဆင်နေတာလား၊ သူကိုယ်တိုင်ကပဲ သည်လို အချက်အလက်တွေ သွပ်သွင်းပြီး စမ်းသပ်မှုတွေ ထပ်လုပ်နေတာလား မသဲကွဲပြန်ပါဘူး။
တကယ်တန်းကတော့ လောကကြီး စကြ၀ဠာကြီး ရှင်ခြင်း သေခြင်း ဘ၀အဓိပ္ပာယ် စတာတွေအားလုံးဟာ လူသားများအတွက် ပဟေဠိတွေပါ။ လျှို့ဝှက်ဆန်းကြယ်မှုတွေပါ။ ရုပ်ပညာရှင်တွေက ကိန်းဂဏန်းတွေ တိုင်းတာပြီး အဖြေရှာကြသလို စိတ်ပညာရှင်တွေ အတွေးအခေါ်သမားတွေက စိတ်ကို ပိုင်းခြားဆင်ခြင်ပြီး တွေးခေါ်မျော်မြင်ကြပါတယ်။ ယခုချိန်ထိတော့ လူတွေကိုယ်တိုင်က သူတို့ဆီကို စီးဝင်နေတဲ့ အချက်အလက်တွေကနေ သူတို့ကိုယ် သူတို့ နဲ့ သူတို့ပတ်ဝန်းကျင်ကို ပြဋ္ဌာန်းပြီး နေကြသလား၊ ပြဌာန်းခံပြီး နေထိုင်ကြသလားဆိုတာ သူတို့ဘာသာ သူတို့ ဆင်ခြင်ကြည့်ဖို့သာ လိုမယ် ထင်မိပါတယ်။
ဒါနဲ့ စကားမစပ် … ခင်ဗျား ဇာတ်လမ်းက ဘာလဲ။
ကိုးကား - Expert Proposes a Method For Telling if We All Live in a Computer Program, 22 November 2022
By MELVIN M. VOPSON, THE CONVERSATION
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar