စစ်ခေါင်းဆောင်နဲ့ ခရစ်စမတ် အခါသမယ
မြန်မာ့နွေဦးခရိုနီကယ် - ဒီဇင်ဘာ ၂၅ မြင်ကွင်း
မိုးမခ - ဒီဇင်ဘာ ၂၆၊ ၂၀၂၂
စစ်ခေါင်းဆောင်နဲ့ ခရစ်စမတ် အခါသမယ
ရန်ကုန်မြို့ကို ရောက်နေတဲ့ စစ်ကောင်စီခေါင်းဆောင် ဖြစ်သူ မင်းအောင်လှိုင်က ယမန်နေ့ည ခရစ်စမတ် အကြိုညနေမှာ ရန်ကုန်မြို့ ရွှေတိဂုံဘုရားလမ်း Holy Cathedral မှာ ခရစ်ယာန် မက်သဒစ်အသင်းတော်၊ ကက်သလစ်ခရစ်ယာန်ဘာသာက ကာဒီနယ်လ် ချားစ်ဘို နဲ့ အင်ဂလစ်ကန် ဂိုဏ်းက ဆရာတော်ကြီးများ စုပေါင်းဝတ်ပြုကြတဲ့နေရာကို သွားရောက်ခဲ့ပါတယ်။ ပြည်နယ်နဲ့ တိုင်းဒေသတွေက ကျေးရွာတွေ မြို့ငယ်တွေမှာ ခရစ်ယာန်ဘာသာဝင်တွေ အများအပြား စစ်ဘေးတိမ်းရှောင်နေကြရချိန် မိသားစုဝင် တချို့ အသက်ဆုံးရှုံးနေကြရချိန် သူတို့ရဲ့ ခရစ်စမတ်အခါသမယကို တောထဲ တောင်ထဲ ဗုံးခိုကျင်းထဲ အကျဥ်းထောင်ထဲ မှာ ဖြတ်သန်းနေကြရချိန်မှာ ဒီဖြစ်ရပ်တွေမှာ တာဝန်အရှိဆုံးလို့ဆိုရမယ့် စစ်ကောင်စီခေါင်းဆောင်က ခရစ်ယာန်ဘာသာရေး ခေါင်းဆောင်တွေကို လက်ဆွဲနှုတ်ဆက်တဲ့ မြင်ကွင်းက ခရစ်ယာန်ဘာသာဝင်တွေ အတွက်ပင်လျင် စိတ်ဝမ်းကွဲပြားစရာ ကောင်းတဲ့ဖြစ်ရပ်သဖွယ် ရှုမြင်ကြတာ ဖြစ်ပါတယ်။ ဘာသာရေးကို ခုတုံးလုပ်ပြီး နိုင်ငံရေး စည်းရုံးနေကြတယ်လို့ စစ်ကောင်စီခေါင်းဆောင်က ခုရက်ပိုင်း မိန့်ခွန်းတရပ်မှာ ထည့်ပြောခဲ့တာဟာ သူ့ရဲ့ လုပ်ရပ်ကိုပဲ ဆိုလိုသလားလို့ ဆိုရမလို ဖြစ်နေပါတယ်။
ကက်သလစ်ဘာသာဝင် ဘုန်းတော်ကြီး ကာဒီနယ်ချားလ်စ်ဘိုရဲ့ ဇာတိ ဖြစ်တဲ့ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ထဲက မုံလှကျေးရွာကို စစ်ကောင်စီတပ်တွေက မကြာသေးခင် သီတင်းပတ်တွေကပဲ စစ်ကြောင်းထိုး နေအိမ်မီးရှို့ ကျေးရွာသားအချို့ သေဆုံး ဒဏ်ရာရတဲ့ အဖြစ်အပျက်တွေ ဖြစ်ပျက်ခဲ့တာ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်ကို စစ်ကောင်စီ ခေါင်းဆောင် သိရှိထားမှာ သေချာပါတယ်။ သို့ပေမယ့် မျက်နှာပြောင်ပြောင်နဲ့ပဲ ကက်သလစ်ဂိုဏ်းရဲ့ အကြီးဆုံး ကာဒီနယ်လ်ကို တွေ့ဆုံပြီး ဝတ်ပြုပွဲတက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ တဖက်မှာလည်း ဒီလို စစ်ခေါင်းဆောင်ကို ဝတ်ပြုပွဲမှာ လက်ခံပြီး နှုတ်ဆက်စကားပြောဆိုတဲ့ ဘာသာရေးခေါင်းဆောင်တွေကို ၄င်းတို့ရဲ့ ဘာသာဝင်အချို့က ဝေဖန်ပြောဆိုကြတဲ့ အထိ ဘာသာဝင်တွေနဲ့ ၄င်းဘာသာရဲ့ ခေါင်းဆောင်တွေအကြား အမြင်အယူအဆကွဲလွဲစရာ ဖြစ်စေတာလည်း ဖြစ်ပါတယ်။
ဗမာလူမျိုးတွေရဲ့ ဗုဒ္ဓဘာသာဘက်မှာလည်း အလားတူ အဖြစ်အပျက်တွေ ရှိနေကောင်းရှိနေမှာ ဖြစ်ပါတယ်။ ဆရာတော် ဘုန်းတော်ကြီးတွေကို စစ်ခေါင်းဆောင်တွေ နိုင်ငံတော် တာဝန်ယူခဲ့ကြသူတွေက လှူဘွယ်ပစ္စည်းလှူတယ်ဆိုတဲ့ ခေါင်းစဥ်အောက်မှာ အခမ်းအနားနဲ့ ဓါတ်ပုံရိုက်ခံကြပြီး နိုင်ငံရေးအကျိုးအမြတ်အတွက် ဘာသာရေးခေါင်းဆောင်တွေကို စည်းရုံးကြတာ အစိုးရ အစဥ်အဆက် လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။ ဘာသာရေး ခေါင်းဆောင်တွေက လူအများနဲ့ သက်ဆိုင်တဲ့ ကိစ္စရပ်တချို့ အစိုးရကို မှတ်ချက်ပေးတာ တိုက်တွန်းတာမျိုးတွေကို အများအားဖြင့် လျစ်လျူရှုလေ့ရှိကြပြီး အုပ်ချုပ်သူ အာဏာရှိသူကိုသာ ထောက်ခံဖို့ မျှော်လင့်ခဲ့ကြတာမျိုးဖြစ်ပါတယ်။
နိုင်ငံရဲ့ ခေါင်းဆောင်ဆိုသူတွေဟာ နိုင်ငံရဲ့ တာဝန်ယူထားချိန်မှာ ဘာသာရေး ခေါင်းဆောင်တွေကို လှူဒါန်းတာ၊ ကိုးကွယ်ဆည်းကပ်တဲ့ သဘောမျိုးမြင်ရပေမယ့် သွားရောက်လှူဒါန်းခြင်းရဲ့ ရည်ရွယ်ချက်က နိုင်ငံရေး အရစည်းရုံးခြင်းသာ ဖြစ်တယ်ဆိုတာ သေချာတွေးကြည့်ရင် ပေါ်လွင်နေပါတယ်။ နိုင်ငံရဲ့ တာဝန်ကို ယူထားစဥ် တဦးချင်း ပုဂ္ဂလဘာသာရေး ကိုးကွယ်ဆည်းကပ်မှုနဲ့ အစိုးရအဖွဲ့ရဲ့ ခေါင်းဆောင်အနေနဲ့ ကိုးကွယ်ဆည်းကပ်မှု ဆိုတာမျိုးကို ရောထွေးလုပ်ဆောင် ကြတာလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာ တခုထည်း မဟုတ်ပဲ အခြားဘာသာကြီး ၃ ရပ်နဲ့ အခြားသော ကိုးကွယ်မှုတွေလည်း ရှိနေတာ ဖြစ်လို့ ဗုဒ္ဓဘာသာကိုချည်း ဆည်းကပ်ခြင်းက လူများစု ကိုးကွယ်တဲ့ ဘာသာကို အသုံးချတဲ့ အဓိပ္ပါယ် သက်ရောက်စေပြီး ကျန်တဲ့ ကိုးကွယ်ရာဘာသာတရားတွေကို ခွဲခြားတဲ့ အဓိပ္ပါယ်လည်း သက်ရောက်စေတာ ဖြစ်ပါတယ်။
အာဏသိမ်း စစ်ကောင်စီကတော့ ဘာသာရေးကို အသုံးချတာအပြင် အစ္စလာမ်ဘာသာ၊ ခရစ်ယာန် ဘာသာ ဗုဒ္ဓဘာသာဝင်တွေ အပေါ် ကျူးလွန်တဲ့ သတ်ဖြတ်မှု နေအိမ်တွေ မီးရှို့ဖျက်ဆီးမှုတွေဟာ သမိုင်းမှာ တွင်ကျန်ရစ်မယ့် နိုင်ငံရဲ့ အစိုးရတာဝန်ယူထားတဲ့ အဖွဲ့အစည်းက ကျူးလွန်တဲ့ ပြစ်မှုတွေအဖြစ်နဲ့ သမိုင်းအမည်းစက် တွေ ဖြစ်နှင့်နေပြီး လို့ ဆိုရပါမယ်။ စစ်ကောင်စီကို တိုက်ခိုက်နေကြတဲ့ လက်နက်ကိုင် တပ်ဖွဲ့တချို့လည်း ကျေးရွာတွေ နယ်တွေက ဘာသာရေးခေါင်းဆောင်တွေ ဖြစ်တဲ့ ဘုန်းတော်ကြီးတချို့ကို နိုင်ငံရေးထောက်ခံမှု ကွဲပြားခြင်း အပေါ်မူတည်ကာ သတ်ဖြတ်တာတွေ ရှိနေကြတာ ဖြစ်ပါတယ်။ နိုင်ငံအစိုးရ တာဝန်ယူထားတဲ့အဖွဲ့အစည်းက ကျူးလွန်တဲ့ ပြစ်မှုက အထက်က အတိုက်အခံ လက်နက်ကိုင်တွေ ကျူးလွန်တဲ့ ပြစ်မှုထက် ပိုတာဝန်ခံမှု ကြီးမားတာ မှန်ပေမယ့် ဘာသာရေး နယ်ပယ်က ခေါင်းဆောင်တွေကို လုပ်ကြံသတ်ဖြတ်ကြတဲ့ အစဥ်အလာက မြန်မာ့လူမှုအဖွဲ့အစည်းအတွက်တော့ ရုပ်ဆိုးအကျည်းတန်စေတာ ဖြစ်ပါတယ်။
မြန်မာ့နိုင်ငံရေးမှာ ဘာသာရေး ခေါင်းဆောင်တွေကို ချည်းကပ် ထောက်ခံမှုရယူ ခဲ့ကြတဲ့ အစဥ်အလာကို အဆုံးသတ်သင့်ပြီဖြစ်သလို တချို့သော ဘာသာရေးခေါင်းဆောင်တွေကိုယ်၌က နိုင်ငံရေး နယ်ပယ်က အာဏာရှိသူတွေရဲ့ ကိုးကွယ်မှု အသိအမှတ်ပြုမှုကို လိုလားကြတဲ့ အစဥ်အလာလည်း အဆုံးသတ်သင့်ကြပြီ ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar