လှကျော်ဇော - တရုတ်ပြည်ရဲ့ခရီးရှည်ချီတက်ပွဲသစ် ( ၇ )
လှကျော်ဇော - တရုတ်ပြည်ရဲ့ခရီးရှည်ချီတက်ပွဲသစ် ( ၇ )
(မိုးမခ) ဒီဇင်ဘာ ၂၇ ၊ ၂၀၂၂
ပါတီတွင်း လေထုညစ်ညမ်းမှုများ
တိန့်ရှောင်ပင်က "တံခါးဖွင့်လိုက်ရင် လေကောင်းလေသန့်တွေ ဝင်လာနိုင်သလို ယင်တွေ ခြင်တွေလည်း ဝင်လာမှာ" လို့ သတိပေးဖူးပါတယ်။
၂၀၁၀ ကာလများက အင်္ဂလိပ်လို ထုတ်ဝေတဲ့ China Daily ရဲ့ ခေါင်းကြီးပိုင်း ဆောင်းပါးတစောင်မှာ ဒီလိုရေးတာ တွေ့လိုက်ရပါတယ်။
"ယခုအခါ တရုတ်ပြည်တွင် မီးခိုးရောင်ငွေကြေး (gray money တရားဝင်ငွေကြေး- ငွေဖြူလည်း မဟုတ်၊ တရားမ၀င်ငွေကြေး-ငွေမည်းလည်း မဟုတ်တဲ့ ငွေကြေးကို ဆိုလို)တွေ ၉ ထရီလီယံယွမ် (ယွမ်ငွေပေါင်းသန်းပေါင်း ၉ သန်း)ရှိနေပြီး ဒီငွေကြေးတွေ စီးဆင်းရာကို မဖော်ထုတ်နိုင်ဘဲ ရှိနေပါတယ်။ ဒီအတိုင်းဆက်သွားနေရင်တော့ တရုတ်ပြည်ကြီးရဲ့စီးပွားရေးစနစ်ဟာ ခရိုနီ အရင်းရှင်စီးပွားရေးစနစ်ကြီး ဖြစ်သွားပါလိမ့်မယ်" တဲ့။
သူတို့အတွင်း ပြဿနာတွေ မသေးကြောင်း ပြသနေတာပါ။
အခု ၂၀၂၂ အောက်တိုဘာမှာ ကျင်းပတဲ့ ၂၀ ကြိမ်မြောက်ကွန်ဂရက်မှာ တင်သွင်းတဲ့ ရှီကျင့်ပင်ရဲ့ နိုင်ငံရေးအစီရင်ခံစာမှာ အဲဒီတုန်းက အခြေအနေတွေအသေးစိတ် ပါလာပါတယ်။
လွန်ခဲ့တဲ့ ၁၀ နှစ်ကာလက ကျွန်တော်တို့ ရင်ဆိုင်ခဲ့ရတဲ့ အခြေအနေတွေကတော့ ပြုပြင်ပြောင်းလဲရေး၊ တံခါးဖွင့်ရေးနဲ့ ဆိုရှယ်လစ် ခေတ်မီတိုးတက်ရေးတွေမှာအခြေခိုင်အောင် အောင်မြင်စွာ လုပ်နိုင်ခဲ့ပါတယ်။ ပါတီတည်ဆောက်ရေး စီမံကိန်းသစ်ကြီးများကိုလည်း သိသာထင်ရှားစွာ တိုးတက်စေနိုင်ခဲ့ပါတယ်။
သို့သော် တချိန်တည်းမှာပဲ ထင်ရှားလှတဲ့ ပြဿနာတချို့လည်း တက်နေပါတယ်။ တချို့ဆိုရင် နှစ်ချို့နေတာ ဖြစ်ပြီး တချို့ကတော့ လောလောဆယ်အရေးတကြီး ပေါ်လာတာတွေဖြစ်ပြီး အမြန်ဖြေရှင်းဖို့ လိုအပ်လာပါတယ်။
ပါတီတွင်းမှာ ပါတီခေါင်းဆောင်မှုအခန်းနဲ့ ပတ်သက်ပြီး ပြဿနာ အများအပြားပေါ်ပေါက်နေပြီး အလွန်အားနည်း လျော့ရဲလာနေပါတယ်။ တချို့ပါတီဝင်နဲ့အရာရှိများဟာ မိမိတို့ရဲ့နိုင်ငံရေးခံယူချက်များ ဝေဝါးယိမ်းယိုင်နေကြပါတယ်။ အကြိမ်ကြိမ် သတိပေးမှုများကြားကပဲ တချို့ဒေသတွေမှာ အဓိပ္ပာယ်မရှိ အခမ်းအနားကြီးတွေ လုပ်တာ၊ ဗျူရိုကရေစီကျတာ၊ အပျော်အပါး လိုက်စားတာ၊ အသုံးအဖြုန်းကြီးတာ စတာတွေ တွေ့နေရပါတယ်။ အခွင့်ထူးခံစိတ်ဓာတ်နဲ့လုပ်ဟန်တွေကလည်း ပေါ်ပေါက်နေပြီး၊ အံ့သြထိတ်လန့်ဖွယ် လာဘ်စားမှုကြီးများကိုလည်း ဖော်ထုတ်လိုက်နိုင်ပါတယ်။
"တရုတ်ပြည်ရဲ့စီးပွားရေးစနစ်မှာလည်း ပြဿနာပေါင်းစုံ ပေါ်လာနေပါတယ်။ ဖွံ့ဖြိုးတိုးတက်ရေး မညီမမျှဖြစ်မှု၊ ချိတ်ဆက်မမိမှု၊ ရေရှည်မခံနိုင်မှု၊ သဘာဝပတ်ဝန်းကျင် ပျက်စီးမှု' စတာတွေ ကြုံတွေ့နေရပြီး အမြန်ဆုံးဖြေရှင်းဖို့ လိုအပ်လာပါတယ်။ တချို့ အဆောက်အအုံဆိုင်ရာ ပြဿနာများဟာ ကိုယ်ကျိုးစီးပွားသမားများ (vested interest group)ရဲ့ပိတ်ဆို့မှုများကြောင့် ဖြစ်ရတာဆိုတာ ရှင်းလင်းလာပါတယ်။ တချို့လူတွေဟာ တရုတ်ဆိုရှယ်လစ်စနစ်ကိုတောင် မယုံကြည်ကြတော့ဘဲ၊ မကြာခဏ ဥပဒေချိုးဖောက်မှုတွေကို တွေ့နေရပါတယ်" တဲ့။
ဒီကိစ္စမျိုးတွေ တရုတ်ပြည်တွင်းသတင်းတွေမှာ မကြာမကြာ တွေ့နေရတာပါ။
ဥပမာ- တချို့ ခရိုင်အုပ်ချုပ်ရေး ရုံးခန်းတွေကို အမေရိကန်အိမ်ဖြူတော်ပုံဆောက်တာမျိုး။ အထက်က ချပေးတဲ့ ဆင်းရဲမှု ပပျောက်ရေး ရန်ပုံငွေတွေကို အလွဲသုံးစားလုပ်မှုတွေ။
"မြို့တမြို့မှာ ပြိုင်ကားမောင်းလာတဲ့ လူငယ်တယောက်က လူတယောက်ကို တိုက်သတ်ပြီး 'ငါ့ကို ဖမ်းရဲဖမ်းကြည့်၊ ငါက ဒီမြို့က ရဲမင်းကြီး ဘယ်သူ့သားကွ'လို့ ကြုံးဝါးအော်ဟစ်တာမျိုး" စတာတွေပေါ့။
အဲ... ကိုယ်ကျိုးစီးပွားသမားများ ဆိုတာလည်း ပြောပြရဦးမယ်။
(၁၉၉၈-၂၀၀၂)ကာလ ၀န်ကြီးချုပ် ကျူရုံကျီး လက်ထက်ကပေါ့။ (သမ္မတက ကျန်းစစ်မင်။)
တရုတ်ပြည်ရဲ့ ဗဟိုချုပ်ကိုင်တဲ့ စီးပွားရေးစနစ်ကို တဖြည်းဖြည်း ဈေးကွက်စီးပွားရေးသို့ လှည့်ပြောင်းရာမှာ ကျူရုံကျီး ဟာ နာမည်ကျော်ပါ။ ဘာမှဖြစ်ဖြစ်မြောက်မြောက် မထုတ်လုပ်တော့တဲ့ အစိုးရပိုင်လုပ်ငန်းကြီးတွေ၊ စက်ရုံကြီးတွေကို ပိတ်တန် ပိတ်၊ ပိုလျှံလုပ်သားတွေ လျှော့၊ တချို့လုပ်ငန်းတွေရဲ့ ပိုင်ဆိုင်မှုတွေကို စုပေါင်းပေါင်းဆိုင်မှု ပြောင်းပစ်နဲ့ အတော်လက်သွက်ခြေသွက် လုပ်နိုင်ခဲ့တာပါ။
ဒါပေမဲ့ သူ လက်မြှောက်လိုက်ရတဲ့ ပြဿနာရှိခဲ့ပါတယ်။
အဲဒီကာလမှာ မကြာခဏ ပေါ်ထွက်နေတဲ့ ကျောက်မီးသွေးတွင်း မတော်တဆဖြစ်မှုများပါ။
တကယ်တော့ အစိုးရမှာ ကျောက်မီးသွေးတွင်း လုံခြုံရေးဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက် အပြည့်အစုံရှိပြီးသား။ ဒါတွေကို လိုက်လံစစ်ဆေးရတဲ့အဖွဲ့တွေလည်း ရှိပြီးသား။ အစိုးရအနေနဲ့ကလည်း ဒီကျောက်မီးသွေးတွင်းတွေကို ထစ်ခနဲရှိတိုင်း ပိတ်ပစ်လို့ မရပါဘူး။
ကျောက်မီးသွေးတွင်းတတွင်းကို မှီခိုနေသူက ရာအချို့ကနေ ထောင်အချို့အထိ ရှိတာပါ။
အဲဒီကာလမှာပဲ ပြည်နယ်တခုက ကျောက်မီးသွေးတွင်း ပြိုကျတာ လူရာကျော်သေပါတယ်။ ဒီတင် တပြည်လုံး ပွက်ပွက်ရိုက်ပြီး အစိုးရကို စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ပြီး တာဝန်ရှိသူများကို ပြင်းပြင်းထန်ထန် အရေးယူဖို့ တောင်းဆိုလာကြပါတယ်။
ဗဟိုစုံစမ်းရေးအဖွဲ့ရဲ့အစီရင်ခံစာ ထွက်လာတော့ နောက်တချီ ပွက်လောရိုက်ပြန်တယ်။ မရိုက်လည်း မခံနိုင်ဘူး။ အစီရင်ခံစာမှာ ပါတာတွေက—
'အဲဒီကျောက်မီးသွေးတွင်းကို တာဝန်ခံလုပ်နေသူဟာ အဲဒီက မြို့တော်ဝန်ရဲ့ညီ၊ အစိုးရပိုင်တွင်းကို ကျောက်မီးသွေး မထွက်တော့လို့'လို့ အကြောင်းပြ ပိတ်လိုက်ပြီး တသီးပုဂွလိက လုပ်ပိုင်ခွင့်ပေးထားတာ။ အဲဒီမြို့ မြို့မကော်မတီဝင်အားလုံးကို ရှယ်ယာတွေ ခွဲပေးထားတာ။
လုပ်ငန်းစစ်ဆေးရေးအဖွဲ့ဝင်တွေကိုလည်း ဒီလိုပဲ ဝယ်ထားပြီး လိုင်စင်ရအောင်လုပ်ထားတာ။ တမြို့လုံး အစိုးရပိုင်းက တက်ညီလက်ညီ ဝိုင်းစားနေကြတာ။ အဲဒီပိုင်ရှင်တွေတော့ ဖမ်းလိုက်ပါရဲ့၊ ကျန်အစိုးရမင်းများကို ဘယ်လိုလုပ်ရပါ့။ ဒီတင် နိုင်ငံတော် အစိုးရက ထူးဆန်းတဲ့အမိန့်တရပ် ထုတ်ပါတယ်။
"ကျောက်မီးသွေးတွင်းက ရှယ်ယာတွေ ရယူထားတဲ့ အစိုးရအရာရှိများ အစိုးရလုပ်ငန်း ဆက်လုပ်ချင်ပါက တလအတွင်း ရှယ်ယာများ ပြန်အပ်ရမည်။ အစိုးရလုပ်ငန်းရော၊ ရှယ်ယာပိုင်ဆိုင်မှုရော နှစ်မျိုး ရှိနေလို့မရ"တဲ့။
နောက်တလပြည့်တော့ နောက်ထပ်တလ ထပ်တိုးပေးပါတယ်။ ဘယ်သူမှ ပြန်မအပ်ပါ။
ဒီတော့ အစိုးရက တဦးချင်း ဖြေရှင်းတယ်လို့ ဆိုပါတယ်။ တချို့ အငြိမ်းစားယူခိုင်းလိုက်ရတာ၊ နိုင်ငံရပ်ခြား ထွက်ခွင့်ပေးလိုက်ရတာ၊ စတာတွေပေါ့။ တချို့ ကျောက်မီးသွေးတွင်း ပိုင်ရှင်တွေဟာ နိုင်ငံခြား (ဥပမာ- ပြင်သစ်၊ ဘယ်လ်ဂျီယံ)တို့မှာ ရဲတိုက်ကြီးတွေတောင် ဝယ်ထားသတဲ့။
ဒါပေမဲ့ ဒီလိုအဖြစ်အပျက်မျိုးတွေ ၂၀၁၇ ထိ ဆက်ရှိနေခဲ့တယ် လို့ဆိုကြပါတယ်။
ဒါပါပဲ။ ကိုယ်ကျိုးစီးပွားသမားများရဲ့ပိတ်ဆို့မှု ဆိုတာ။
နောက်တပတ်မှာတော့ ဒီလိုပဲ ထူးဆန်းတဲ့ အမိန့်တရပ်အကြောင်း ပြောပြပါဦးမယ်။
လှကျော်ဇော
၂၆-၁၂-၂၀၂၂။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar