နေသွင်နိုင်း - အရုပ်ကြိုးပြတ်သတင်း ရုပ်သံ
အရုပ်ကြိုးပြတ်သတင်း ရုပ်သံ
နေသွင်နိုင်း
(မိုးမခ) ဒီဇင်ဘာ ၂၂၊ ၂၀၂၂
သူငယ်ချင်း
ဘုရားကို ဓားလောက် ငါမကိုးကွယ်တော့
သံသရာမှာ ငရဲလမ်းဆိုလည်း
ပစ္စုပ္ပန်မှာ ဓားထမ်းပြီး နွေစခန်းဆီ သွားတော့မယ်တဲ့
အဝတ်တထည် ကိုယ်တခုဟာ
တိုင်းပြည်တတည်ဆောက်သလို မိုးလင်းလို့
တိုင်းပြည်တခုတည်ဆောက်သလို အိပ်ရာထလို့
နောက်ကျောမှာ ဘယ်တော့မှလက်နက်မချတက်တူးနဲ့
ယုံကြည်ချက်စာအုပ်ကို ခါးမှာထိုးထားတဲ့သူငယ်ချင်း
ပြန်မလာသူရဲ့ သီချင်းကိုဆိုပြီး
ပြန်မလာသူရဲ့ လိပ်စာကို ရှာမိ
မင်းအမေကတော့
မင်းသတင်း သေတယ်လည်း မသိ
မင်းသတင်း ရှင်တယ်လည်း မကြား
မင်းအမေအိမ်ရှေ့က ခြံတံခါး
မင်းပြန်လာမလားလို့ သော့ပေါက်တန်းလန်း ချိတ်ထားတယ်
ငါကတော့
အဲဒီနေ့က
ငါ့အခန်းထဲက ရုပ်သံကို ထုချေဖောက်ခွဲပစ်လိုက်တယ်။ ။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar