Breaking News

ပန်ဒိုရာ - ဒီဇင်ဘာနံနက်တစ်ခင်း

ဒီဇင်ဘာနံနက်တစ်ခင်း
ပန်ဒိုရာ
(မိုးမခ) ဒီဇင်ဘာ ၃၀၊ ၂၀၂၂

နာရီလက်တံတွေဟာ မြန်မြန်ဆန်ဆန် ပြေးလွှားသွားခဲ့တဲ့အခါ နောက်ကို ပြန်လှည့်ကြည့်ဖို့ ဘယ်လိုမှ အချိန်မရခဲ့ဘူး‌။ ခဏခဏပြန်တွေးမိတဲ့အခါ အတိတ်ဟာ စက္ကန့်ပိုင်းလောက်ပဲ ဝေးကွာခဲ့သလို တမင်တကာ မေ့ပစ် လိုက်တဲ့အရာတွေကတော့ အရင်ဘဝလောက် ခြားသွားသင့်တယ်။  မေ့ပစ်တယ်ဆိုတာကလည်း တချို့သောအရာတွေမှာ ခက်ခဲလှတယ်။  မေ့နေသလိုလိုနဲ့ တိုက်ဆိုင်တဲ့အချိန်တခုရောက်မှ အတွေးထဲကို သူ့အလိုလို ဝင်လာတတ်တဲ့ ပုံရိပ်တွေဆိုတာက စက္ကူဖြူတစ်ရွက်ပေါ်မှာလို၊ ကွန် ပျူတာ ဖန်သားပြင်ပေါ်မှာလို အလွယ်တကူ ဖျက်ပစ်လို့မှ မရဘဲ။ အဲဒီတုန်းက ဒီဇင်ဘာညတခင်းဟာ ဘယ်လိုမှ ထပ်တူညီ ပြန်လာတော့မှာ မဟုတ်တာကို ကြိုတင်တွက်ဆကြည့်ပြီး စိတ်ကို ပြင်ဆင်သင့်ခဲ့ပါတယ်။

မျက်ဝါးထင်ထင် ကိုယ့်မြင်ကွင်းထဲက ဒီဇင်ဘာကတော့ မိုးငွေ့နဲ့မကင်းဘူး။ မြူနှင်းတွေကို အရိပ်အယောင်တောင် မမြင်ရတဲ့ ဆောင်းဦးမှာ မိုးစက်တွေကို သယ်လာတဲ့ လေပွေကြမ်းရဲ့ ရုတ်တရက်အနမ်းကပဲ ပါးပြင်ပေါ်ကို စပ်စပ်ခါခါ အလစ်အငိုက်ကျလာခဲ့တယ်။ မြေပြင်ပေါ်မှာ အရာရာဟာ မျှော်လင့်ထားသလိုမှ မဟုတ်တော့တာ၊ မိုးကောင်းကင်ထက်က ရာသီဥတုလည်း ဖြစ်စဉ်ထဲမှာ အပါအဝင်ဆိုတာ မထူးဆန်းတော့ဘူး။ ဝန်းကျင်တခွင်လုံးမှာ အလိုမတူမှုနဲ့ အသားကျလာတဲ့အခါ အမှန်တရားမှသွေဖည်ခြင်းဆိုတာတွေလည်း နေ့စဉ်သုံးအဘိဓာန်မှာ ထူထပ်လာတယ်။ အားလုံးကို မျက်စိအမှောင်တိုက်ထဲ ဇွတ်မှိတ်မျိုချလိုက်တော့ မြူရောင်ပါးပါးနဲ့ တငွေ့ငွေ့စိမ့်နေခဲ့ဖူးတဲ့ အမြန်လမ်းမကြီးပေါ်မှာ တနေ့လုံး လမ်းဆုံးမရောက်တော့ဘူး လို့ထင်ခဲ့ရတဲ့ ကားတစီးထဲက တေးသီချင်းတပုဒ်က နားထဲ‌ရောက်လာတော့တယ်။
ဒီအချိန်မှာ တယောက်ကတော့ သီချင်းသံသာ တွေးနိုင်ပါသေးရဲ့လား။ လျှောက်ခဲ့တဲ့ ခြေရာတွေမှာ အ‌ဖော်မပါတာဟာ ဆန္ဒကြောင့်ဆိုတာထက် ဦးတည်ရာကပဲ ပြဋ္ဌာန်းပေးလိုက်တာပါ လို့တော့ ပြောခဲ့ဖူးတာပဲ။ အဲဒီတုန်းက မမြင်နိုင်တဲ့လမ်းကို ရဲရဲတင်းတင်းလျှောက်ဖို့ အားတက် ပြင်ဆင်နေသူကို ဘာမှ ကူညီအားဖြည့်ပေးစရာမလိုအပ်ခဲ့ဘူး။ အစကတည်းက သူမလိုအပ်တဲ့ အဖော်ဆိုတဲ့ အရာဟာ နာမ်သက်သက်နဲ့ အရုပ်ကြိုးပြတ် မတ်မတ်မရပ်နိုင်သူ၊ သံမဏိနှောင်ကြိုးတွေကိုမှ တွယ်တာထောက်ထားတတ်သူ၊ ပုစ္ဆာပေါ် ပုစ္ဆာဆင့်လို့ အဖြေသင့်မရှာနိုင်သူ၊ ကိုယ့်လိုလူစားနဲ့လည်း ပြဒါးတစ်လမ်း သံတစ်လမ်းမဟုတ်လား။

ဘယ်ဆီကို ရောက်နေမလဲ။ အားတင်းပြီး မျက်နှာချင်းဆိုင်ကြည့်ပေမယ့် ညကောင်းကင်အလင်းထဲက လမင်းဆီမှာ သဲလွန်စ ရှာမရခဲ့ဘူး။ သစ်ကိုင်းတစ်ကိုင်းပေါ်က မျက်မှန်းတန်းမိနေကျ ငှက်ခါးလေးတကောင်ဟာ အပြန်စာတစ်စောင်ကို ကိုက်ချီမလာခဲ့ပါဘူး။ လေလှိုင်းပေါ်မှာ မီးလေးတွေစိမ်းမနေဘူး။ ပရိုဖိုင်းက လူရုပ်ပုံလေးကလည်း မှိန်ဖျော့နေတဲ့ မီးခိုးရောင်။  ဒီနှစ်မှာ သေသေချာချာ အေးမလာသေးတဲ့ ဒီဇင်ဘာရဲ့ နှင်းစက်နှင်းမှုန်တွေကို စိတ်ကူးထဲမှာ ခြယ်မှုန်းပြီး လက်ဖဝါးပေါ်တင်၊ တယောက်ဆီကို ရည်စူးပြီး ဖွဖွမှုတ်လွှင့်လိုက်မယ်။
နှင်းမှုန်လေးဟာ အမည်မသိတောအုပ်တစ်ခုထဲက သစ်ပင်တပင်အောက်မှာ ပြေးပြေးလွှားလွှား ပုန်းခိုနေရတဲ့ တယောက်ရဲ့ ပခုံးပေါ်ကို မိုးစက်ယောင်ဆောင်ပြီး ဖျောက်ခနဲ ကြွေကျလာမယ်။ နှင်းမှုန်လေးဟာ အိမ်မဟုတ်တဲ့ တစိမ်းတို့ရဲ့မြေမှာ မချင့်မရဲ တောက်ခေါက်ရင်း ထွက်လာမယ့် တစ်ယောက်ရဲ့ တံထွေးစက်တွေထဲမှာ ညိုးငယ်စွာ လွင့်ပါးသွားမယ်၊ နှင်းမှုန်လေးဟာ ပြတင်း‌ပေါက်မပါ အုတ်နံရံထူထူခတ်ထားတဲ့ အခန်းကျဉ်းလေးထဲကတယောက်ရဲ့ နာကျင်ချွေးသီးချွေးပေါက်တွေထဲ ပူလောင်စွာ အရည်ပျော်ဆင်းသွားမယ်။ နှင်းမှုန်လေးဟာ မီးလောင်မြေတကွက်ကို ငေးစိုက်ကြည့်နေသူတယောက်ရဲ့ အေးခဲထုံကျဉ်နေတဲ့ လက်သီးဆုပ်ထဲကို တိုးဝှေ့ပြီး ဝင်သွားမယ်။
ကံအဆိုးဆုံး နှင်းမှုန်ကလေးဖြစ်ခဲ့ရင်တော့ ကြမ်းတမ်းတဲ့ ဖြစ်စဉ်တခုမှာ မမြင်ရတဲ့ အခိုးအငွေ့အဖြစ် ဖြစ်တည်မှုပြောင်းသွားရှာတဲ့ တယောက်ရဲ့ ခြေရာကို မောကြီးပန်းကြီး လိုက်ရှာနေရလောက်မယ်။ ဒီအချိန် ဒီနေရာမှာ ကိုယ်ဟာ ပိုင်ဆိုင်မှုအဟောင်းအဆွေးတွေနဲ့ အတွေးတွေ ပုပ်သိုးနေတုန်း။ တစ်ယောက်ဟာဖြင့် သူကိုယ် တိုင် ဘာကိုမှမပိုင်ဆိုင်ချင်ပေမယ့် အားလုံးအတွက် လိုအပ်နေတဲ့တနေရာကို ရောက်ဖို့ သူ့ဘာသာ လိုလို လားလားဆုံးဖြတ်ခဲ့တဲ့ ခရီးတခုရဲ့လမ်းခုလတ်မှာ။ ဒီလိုအချိန် ဒီလိုဒီဇင် ဘာမှာ တယောက်ဟာ ဘယ်ဆီကိုရောက်နေမလဲ။

လွတ်လပ်မှုဟာ ‌ကောင်းကင်ဆီ ထွက်ပြေးနေတဲ့ စွန်ကလေးတစင်းဆိုရင်  ချိတ်တွဲချင်မိနေတဲ့ ကြိုးကလေးတချောင်းကို ဖြတ်တောက်ပစ်ဖို့ လိုအပ်ပါလိမ့်မယ်။ အဝေးကနေ စိတ်ကို လှမ်းလှမ်းချည်ဖို့ ကြိုးစားမိနေတာကိုက မတရားမှုပဲမဟုတ်လား။ စက္ကန့်အတန်ကြာ စေ့စေ့ကြည့်ခဲ့ဖူးတဲ့ အကြည့်တချို့နဲ့၊ အမှတ်မထင်ဖျတ်ခနဲလင်းလက်ခဲ့တဲ့ ကင်မရာမီးတချက်လောက်က လွဲလို့ သက်သေသာဓက ခိုင်ခိုင်မာမာမရှိခဲ့ရိုးအမှန်ပါ။ အသက်ရှူလိုက်တိုင်း ပါးစပ်ထဲက အငွေ့ဖြူဖြူတွေထွက်လာတဲ့ ဆောင်းတညကို တိတ်တဆိတ်ထိုင်ခံစားနေခဲ့တဲ့အခါမှာတောင် လက်ဖဝါးတွေ နွေးထွေးနေခဲ့သေးလားဆိုတာလည်း တို့ထိဆုပ်ကိုင်ကြည့်ဖို့ မကြိုးစားဖြစ်ခဲ့ကြဘူးမဟုတ်လား။
တကယ်ကို.. တကယ့်ကို.. ဘာမှ လက်ဆုပ်လက်ကိုင် ပြောပြစရာမကျန်တဲ့ ယုတ္တိမတန် ပုံတိုပတ်စတစ်ပုဒ်ပါလေ။ ခမ်းနားတဲ့ ဟိုတယ်တခုထဲက ဇိမ်ခံရေကူးကန်တကန်ပေါ် ခဏတဖြုတ် ဝေ့ဝိုက်တက်လာတဲ့ ဂယက်ကလေးတွေလောက်ပါပဲ။ တွေ့ဆုံမှုဟာ မည်ကာမတ္တ ပကာသန ဆန်လွန်းလှပါတယ်။ မချမ်းမမြ မအေးစိမ့်လှတဲ့ ဒီဇင်ဘာထဲမှာ နှင်းပွင့်သဲသဲတွေကို စိတ်ကူးယဉ်စာဖွဲ့မိနေတာကိုကာ ထင်ယောင်ထင်မှား ‌‌ဒေါသတွေသင့်နေရတာပါပဲ။

သီအိုရီတခုထဲမှာပါတဲ့ မြင်လို့မရတဲ့တုန်ခါလှိုင်းတွေကို ကြားယောင်ကြည့်ကြရင်း ဒီဇင်ဘာညနက်နက် ကောင်းကင်ပေါ်က ကြယ်တွေလတွေ ဂြိုဟ်နက္ခတ်တွေနဲ့ ကမ္ဘာမြေကြားက ယှဉ်တွဲဖြစ်တည်မှုကို တွက်ချက်ငြင်းခုံခဲ့ကြတာ။ နောက်ဆုံးလက်ကျန် ပုလင်းထဲက ဝိုင်နီနီတစ်စက်ဟာ ဘယ်သူ့ခွက်ထဲ ရောက်တော့မလဲဆိုတာကို မဟုတ်တရုတ် လောင်းကြေးထပ်ပြီး ပေါ့ပေါ့ပါးပါး ရယ်မောခဲ့ရတာ။ တိတ်ဆိတ်မှုတွေကို စက္ကန့်ပိုင်းတောင် ခွင့်မပြုတမ်း စကားသံတွေ ရေတံခွန်လိုမပြတ်စီးဆင်းစေခဲ့တာ။ အဲဒီလို ဒီဇင်ဘာညမျိုးရဲ့ မနက်မိုးလင်းသွားမှာကို မလိုတမာစိတ်နဲ့ အချိန်တွေကို တစ်စက္ကန့်ချင်း ရေတွက်နေခဲ့ဖူးတာတော့ အိပ်မက်မဟုတ်လောက်ဘူး ထင်ပါရဲ့။

ကွမ်တမ်မှာ အဆိုတခုရှိသေးတယ် တဲ့။ သာမန်မျက်စိနဲ့မမြင်နိုင်လောက်အောင် အလွန်သေးငယ်တဲ့အမှုန်‌ လေးနှစ်ခုဟာ နှစ်ကိုယ့်တစ်စိတ် ဆက်သွယ်သွားတဲ့အခါ သူတို့ဟာ သီးခြားအရာနှစ်ခုမဟုတ်တော့ဘူး တဲ့။ သူတို့နှစ်ခုရဲ့ဖြစ်တည်မှုဟာ တခုတည်းအနေနဲ့သာ တည်ရှိတော့တယ်။ အဲဒီအခါမှာ သူတို့ဟာ အဝေးကြီး ခွဲခွာနေရတောင်မှ ထပ်တူကျတခုတည်းဖြစ်မှုဟာ အမြဲမှန်ကန်နေတော့သတဲ့။ အဲဒီ သီအိုရီသာ သေချာခဲ့ရင် ဆက်သွယ်မှုဟာ ပြတ်တောက်နေတယ်လို့ ထင်ရပေမယ့်် ကိုယ်တွေးနေတဲ့အတွေးတွေ ကိုယ်လုပ်နေတဲ့ အလုပ်တွေဟာ တစ်ယောက်ဆီမှာ သက်ရောက်မှု ပြက်ပြက်ထင်ထင် ပေါ်လွင်နေရတော့မှာပေါ့။ အဲဒီလိုမှ မဟုတ်ခဲ့ဘူး ဆိုရင်တော့ အမှုန်လေးနှစ်ခုဟာ ဘယ်တုန်းကမှ တစ်သား တည်းဖြစ်အောင်အထိ နီးစပ်တုန်ခါမှု မရှိနိုင်ခဲ့ဘူးဆိုတာကို ကြေကြေကွဲကွဲ လက်သင့်ခံရမှာပေါ့လေ။
အရှိတရားက သိပ်ကိုခက်လည်း ခေါင်းငိုက်လည်စိုက် အသိအမှတ်ပြုလိုက်ရတဲ့ အချိန်တွေ ရှိတတ်ပါတယ်။ ကဗျာတစ်ပုဒ်ဟာ နှစ်ကြိမ်နှစ်ခါ ပြန်မစီးဆင်းနိုင်တော့ပါဘူး။ ဒီတစ်ချိန် ဒီနေရာမှာ ပထမအကြိမ်ရွတ်လိုက်တဲ့ကဗျာဟာ နောက်တစ်ချိန် ဒီနေရာမှာ ဒုတိယအကြိမ် ရွတ်လိုက်တဲ့ ကဗျာနဲ့ ထပ်တူမကျနိုင်တော့ပါဘူး။ ဒီနေရာကိုယ်တိုင်ကိုက အခင်း အကျင်းရွေ့လျားလို့ ဒီနေရာမှ မဟုတ်တော့ပြီပဲလေ။ အခွင့်အရေးတခုလို့ မမှတ်ယူခဲ့သူမို့ ဘယ်သူ့ကိုမှ ဘယ်တုန်းကမှ ပြီးတော့ ဘယ်တော့မှ အသုံးမချဖြစ်လိုက်တာကိုပဲ လှိုက်လှဲကျန်ရစ်ခဲ့ရတော့မှာ။

ပူနွေးတလှည့် စိုစွတ်တလှည့်နဲ့ ဖောက်လွဲဖောက်ပြန်ရာသီဥတုမှာ မြူနှင်းစိုစိုတွေ မှန်မှန် ရောက်မလာနိုင်တော့တာ ကြာခဲ့ပါပြီ။ ဒီသို့ဒီနှယ် နှင်းကိုမှ မတွေ့နိုင်ပဲနဲ့ ဆောင်းညတွေကို ဖြတ်သန်းရတာ ကလီကမာ လိပ်ပြာမသန့်စရာလို့ ထင်ရပါတယ်။ ဒါပေမယ့် အဆိုအမိန့်တခုက ပြောပြန်တယ်။ နွေဦးရာသီရဲ့အရောင်အသွေးဟာ ပန်းပွင့်တွေထဲမှာရှိပြီး ဆောင်းရာသီရဲ့ အ‌ရောင်အသွေးကတော့ အတွေးစိတ်ကူးတွေထဲမှာ ရှိတယ် တဲ့။ ဒီလိုဆိုရင်တော့ အကောင်အထည်ဖြစ်စရာ မလိုတဲ့ တဖက်သက် စိတ်ကူးလှလှတွေဟာ ဒီဇင်ဘာဆောင်းကို ဆေးရောင်စုံခြယ်သနိုင်ခဲ့ပါပြီ။ အဆုံးမဲ့ စိတ်ကူးတွေထဲမို့ နှင်းပွင့်တွေတောင် အဖြူရောင် ဖြစ်ချင်မှဖြစ်မယ်ပေါ့။
နှင်းပွင့်တွေရဲ့အလှကို မြင်ယောင်ခံစားနိုင်ဖို့အတွက်တော့ အတွေးတွေထဲတောင် အေးခဲနေဖို့ လိုအပ်ပါလိမ့်မယ်။ အေးခဲခြင်းဟာ မာကျောခြင်းနဲ့ ဆက်စပ်နေမယ်ဆိုရင်လည်း ရှင်သန်နွေးထွေးနေသေးတဲ့ နှလုံးသွေးတွေသာ ပျော့ပြောင်းလည်ပတ် သက်သေထပ်စရာ ကျန်ရစ်ပါလိမ့်မယ်။ ဘယ်လိုပဲဆိုဆိုလေ။ လက်တွေ့အလုပ်တွေနဲ့ နေ့စဉ် အသက်ရှူလေ့ရှိသူ တစ်ယောက်ဟာ ရသစကားတွေကို စိတ်မရှည်တတ်သူပါ။ ဖွဲ့နွဲ့တယ်ဆိုတာ သူရဲဘောကြောင်ခြင်းတမျိုးပဲ။ တင်စားလိုက်တာလည်း လှည့်ပတ်ခြင်းပဲ။ အလင်္ကာမြောက်တဲ့ စာတစ်ပုဒ်ဟာ မာယာတွေပြည့်နေတယ်လို့သာ စွပ်စွဲလိုက်ပါတော့။    

စားပွဲပေါ်က ပန်းအိုးလေးမှာ နှင်းဆီဝါဝါဟာ တစ်ပွင့်တည်းရယ်။ အဝါရောင်နှင်းဆီပန်းတစ်စည်းလက်ခံရရှိခဲ့ရင် ကံမကောင်းဘူးလို့ တချို့အယူအဆတွေမှာ ရှိသတဲ့။ ရည်ရွယ်ချက် တစုံတရာမရှိပါဘဲ လက်သင့်ခံဖူးခဲ့တဲ့ တစ်ပွင့်တည်းသော နှင်းဆီဝါဝါနဲ့ပတ်သက်လို့တော့ ဘာမှ ကောက် ချက်မဆွဲချင်တော့ပါဘူး။  ချစ်ခြင်းဆိုတာရယ် မေတ္တာဆိုတာရယ်ကို နှစ်ပိုင်းခွဲပြောမှ သင့်တော့မယ်ထင်ပါရဲ့လေ။ အားလုံးဟာ စွမ်းအင်တွေပဲ မဟုတ်လား။ သတိရခြင်းကရော ဘယ်လို စွမ်းအင်တွေကို ဖော်ညွှန်းနေပါလိမ့်။ သတိရခြင်းနဲ့ ခုန်လှုပ်နေတဲ့နှလုံးအိမ်ဟာလည်း တုန်ခါလို့နေတယ်။ တုန်ခါမှုဟာ ရုပ်ဝတ္ထုအရှိတရားဆိုရင် ဒီဇင်ဘာညတွေ အေးစက်နေမယ်ဆိုရင်တောင်မှ နွေးထွေးတဲ့သွေးတွေဟာ အကူအညီမပါဘဲ လှည့်ပတ်စီးဆင်းနေပါလိမ့်မယ်။ နွေးထွေးတဲ့ အတွေးတွေနဲ့ အတူတူပေါ့။
ဒီတခါ ဒီဇင်ဘာမှာဖြင့် ညတွေကို မြန်မြန်ကုန်ဆုံးချင်လှပါပြီ။ ညအမှောင်တွေကျော်ဖြတ်ပြီး မနက်အလင်းရောင်ဆီ ရောက်ချင်လှပါပြီ။ လှတဲ့အိပ်မက်တွေနဲ့အိပ်ပျော်ခဲ့ပြီး မနက်ခင်းမှာနိုးထလာတဲ့အခါ ပြတင်း ပေါက်က ဖြတ်သန်းသွားမယ့် နေရောင်ခြည်ကို နှစ်နှစ်လိုလို အဖော်ပြုချင်လှပါပြီ။  လေကလေးတချွန်ချွန်နဲ့ ကင်းဘတ်စ်ဖိနပ်လေးကို ကြိုးချည်ရင်း အပြေးသွားမယ့် တောင်ကုန်းလေး တခုဆီကို ဦးတည်ချင်လှပါပြီ။ တောင်ထိပ်ရောက်ရင် အဝေးက တောင်တန်းတွေဆီကို နှင်းရေ လို့အော်ခေါ်ပြီး တောင်ခိုးကြားက နှင်းတို့ရဲ့ပဲ့တင်သံတွေနဲ့အတူ တချိန်က ရယ် မောသံတွေကို ပြန်ရှာချင်လှပါပြီ။

အဲဒီလို နံနက်ခင်းရဲ့ နှင်းတွေဝိုးတဝါးကြားမှာပဲ တောင်ကုန်းပေါ်ကနေ လှမ်းမြင်နေရမယ့် အင်္ဂလိပ်စာလုံး အက်စ်ပုံစံ လမ်းကွေ့ကွေ့လေးမှာ ကျောပိုးအိတ်တစ်လုံးလွယ်လို့ အိမ်ကိုပြန်လာမယ့် တယောက်ယောက်ကို လှမ်းမျှော်ကြည့်နေမယ်လေ။ သွားရောက်နှုတ်ဆက်စရာလည်း မလို၊ တွေ့ဆုံဆီးကြိုစရာလည်းမလိုတဲ့ တယောက်ရဲ့ တည်ရှိနေခြင်းကို သေချာစိတ်ချရပြီဆိုရုံနဲ့ ခပ်ဝေး‌‌ဝေးက နှစ်သိမ့်ကျေနပ်နေတော့မှာပါ။
အဲဒီနောက် မောပန်းထုံကျဉ်နေတဲ့သတိရခြင်းတွေကို တောင်ပေါ်ကနေ စိတ်လွတ်ကိုယ်လွတ် ကြဲချလိုက်တဲ့အခါ တောင်စောင်းတလျှောက် ထူထူထပ်ထပ်ပေါက်နေမယ့် နေကြာရိုင်းတွေနဲ့အတူ ရောထွေးလွင့်ပျံသွားမှာ။ နှင်းမှုန်တွေအားလုံး ပျောက်ကွယ်သွားပြီး ဒီဇင်ဘာရာသီ ကုန်ဆုံးသွားသည်အထိပေါ့။
 ပန်ဒိုရာ
၁၅ -၂၈၊ ၁၂၊ ၂၀၂၂
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar