ကျော်မင်းထွန်း(NEW YORK) - ဥမကွဲသိုက်မပျက်
ဥမကွဲသိုက်မပျက်
ကျော်မင်းထွန်း(NEW YORK)
(မိုးမခ) ဒီဇင်ဘာ ၁၅၊ ၂၀၂၂
“ဥမကွဲသိုက်မပျက်” တဲ့လား
ကျွန်မမှာတော့ ဥလည်းကွဲ
အသိုက်လည်းပျက်
အတောင်လည်းကျိုးခဲ့ပြီ.. မောင်။
အချစ်ဆိုတာ ပန်းတွေလိုမွှေးပေမဲ့
စစ်ဆိုတာ စမ်းရေလို အေးမနေဘူး
အချစ်နဲ့စစ်ကို မနက်တခါ ညတခါ
ဒရိုင်ယာနဲ့ အသာမှုတ်ပေးတဲ့အခါ
တော်လှန်ရေးဆိုတာ အငွေ့ပျံတတ်ပါသလား
ရွာကမူလတန်းကျောင်းပေါ် ဗုံးကြဲချလို့
သေသွားရတဲ့ ကျွန်မသမီးရဲ့စျာပနမှာ
အငွေ့ပျံစရာမျက်ရည် မကျန်တော့ပါဘူး
ကျွန်မမှာ ဥလည်းကွဲခဲ့ပြီမောင်။
မောင့်သားက ကြီးလာရင်
တိုင်းပြည်ကိုကာကွယ်ဖို့ စစ်သားကြီးဖြစ်ချင်လို့တဲ့
စစ်တိုက်တမ်းကစားတဲ့ သားရဲ့သစ်သားသေနတ်လေးလဲ
ပြေးရင်းလွှားရင်း ဘယ်နားကျကျန်ခဲ့လဲမသိ
အခုတော့ သားနဲ့တောထဲတောင်ထဲစစ်ဘေးရှောင်နေရတယ်
တောင်တွေ ဘယ်လောက်မြင့်မြင့်
တောတွေ ဘယ်လောက်နက်နက်
ကျွန်မမှာ အသိုက်လည်းပျက်ခဲ့ပြီမောင်။
တော်လှန်ရေးလုပ်နေတာ
နိဗ္ဗာန်ရောက်ကြောင်းတရားဟောနေတာ မဟုတ်ဘူး
တော်လှန်ရေးကို ထုံဆေးနဲနဲပေးပြီး
ခွဲစိတ်ခန်းထဲ ဓားနဲ့ခွဲကြည့်တော့
နာလိုက်တာလို့ မပြောပဲ
ကြာလိုက်တာလို့ ထ,အော်တယ်
တရွာလုံးနီးပါး မီးရှို့ခံထားရလို့
ကျွန်မမှာ နေစရာအိမ်မရှိတော့ဘူး မောင်။
သမီးအလောင်းကို မီးသင်္ဂြိုဟ်တဲ့ မီးခိုး
လူအရှင်လတ်လတ်မီးသင်္ဂြိုဟ်ခံရတဲ့ မီးခိုး
ရွာလုံးကျွတ် အိမ်မီးသင်္ဂြိုဟ်ခံရတဲ့ မီးခိုး
အဲ့ဒီ မီးခိုးတလူလူတွေကြား
မောင့်မျက်နှာကို ခပ်ဝါးဝါးမြင်လိုက်ပါတယ်
မောင်ဟာ…
ကောင်းကင်တနေရာ ကောင်းရာဘုံဘဝမှာ
ကောင်းမွန်စွာ ငြိမ်းချမ်းနေပါစေ
မောင်ဟာ…
နွေဦးတော်လှန်ရေးပြီးမှ
ဖက်ဒရယ်ပြည်ထောင်စုကြီးဖြစ်မှ
မြန်မာပြည်မှာ လူပြန်ဖြစ်ပါစေ
ကျွန်မမှာ ဥလည်းကွဲ
အသိုက်လည်းပျက်
အတောင်လည်းကျိုးခဲ့ပြီ မောင်
ဒီစစ်ပွဲကြီး မြန်မြန်ပြီးပါမှ..။ ။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar