Breaking News

ကိုအောင်မှိုင်း - နွေဦးတော်လှန်ရေး၏ ဒီရေမြင့်ကာလ


ကိုအောင်မှိုင်း - နွေဦးတော်လှန်ရေး၏ ဒီရေမြင့်ကာလ

(မိုးမခ) ဒီဇင်ဘာ ၁၄၊ ၂၀၂၂


၁။ ဗိုလ်မင်းအောင်လှိုင်ဟာ ပြင်မရတဲ့ အမှားကြီး ၅ ခုကို ကျူးလွန်ခဲ့တယ်။

( ၁ )ဗိုလ်မင်းအောင်လှိုင်ဟာ ယုတ္တိလုံးဝမရှိတဲ့ အကြောင်းပြချက်နဲ့ အာဏာသိမ်းခဲ့တာဖြစ်ပါတယ်။ ၂၀၀၈ဖွဲ့ စည်းပုံအရလို့ပြောပေမဲ့ ဗိုလ်မြင့်ဆွေကို ၂၀၀၈ ဖွဲ့စည်းပုံကိုယ်တိုင်က ခွင့်ပြုမထားခဲ့ပါဘူး။ ဒါကြောင့် အာဏာသိမ်းခဲ့တဲ့ အကြောင်းပြချက်ကိုယ်တိုင်က လိမ်ညာမှုသက်သက်သာဖြစ်တယ် ဆိုတာ မြန်မာနိုင်ငံသူ နိုင်ငံသားတွေအပါအဝင် ကမ္ဘာပြည်သူအများစုက ချက်ချင်း အလွယ်တကူ နားလည်ခဲ့ကြပါတယ်။

အာဏာထိန်းတယ်ပြောပြော၊ အာဏာသိမ်းတယ်ပြောပြော တိုင်းပြည်အာဏာကို ဓားပြတိုက်လုယူခဲ့တာ ဖြစ်တယ်ဆိုတာကတော့  ငြင်းလို့မရအောင် ပေါ်လွင်လာပါတယ်။  ဒါဟာ ရာဇဝတ်မှု  ဖြစ်ပါတယ်။  ဒီရာဇဝတ်မှုကို ကျူးလွန်သူတွေရော ကျူးလွန်ရာမှာပါဝင် ကူညီခဲ့သူတွေရော  ရာဇဝတ်ကြောင်းအရ တရားစွဲဆိုခံရမှာ သေချာပါတယ်။

(  ၂  ) ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်သူတွေကို ရက်ရက်စက်စက် ခေါင်းတွေကို သေနတ်နဲ့ပစ်ပြီး ပက်ပက်စက်စက် ရာဇဝတ်မှုတွေကို စစ်တပ်က ကျူးလွန်အောင် အမိန့်ပေးခဲ့တယ်။ စီစဥ်ညွှန်ကြားခဲ့ပါတယ်။ ဒီအတွက် လက်နက်ကိုင်တော်လှန်ရေးကြီး ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။

တိုင်းရင်းသား ညီအကိုမောင်နှမများကိုယ်တိုင် ကိုယ်ချင်းစာနာမှုကို GZ ဆိုတဲ့ ကလေးတွေ ရရှိခဲ့ကြ သလို တိုင်းရင်းသားညီအကိုမောင်နှမတွေရဲ့ ယုံကြည်မှုကို သူတို့ရရှိခဲ့ကြပါတယ်။ ကနေ့ ခိုင်မာတဲ့ PDF ဆိုတဲ့တပ်ကြီးတွေ ဖြစ်ကုန်ကြပါပြီ။ လက်နက်မပြည့်စုံသေးတာဟာ အခိုက်အတန့်ပြဿနာသာ ဖြစ်ပါတယ်။ အနှေးနဲ့ အမြန် သူတို့ လက်နက်ရကြမှာ သေချာပါတယ်။

တော်လှန်ရေးဆိုတာ ဒီရေနဲ့ တူပါတယ်။ တဖြည်းဖြည်း မြင့်တက်လာတဲ့ သဘောဆောင်ပါတယ်။  တော်လှန်ရေးဒီရေမြင့်ကို ဘယ်ဖက်ဆစ်မှမခံနိုင်တာဟာ တရားပဲ ဖြစ်ပါတယ်။ ကမ္ဘာ့တော်လှန်ရေး သမိုင်းမှာလည်း ကမ္ဘာ့ပြည်သူတွေဟာ ဖက်ဆစ်ဝါဒကို အနိုင်တိုင်ခဲ့ကြချည်းပဲ ဖြစ်ပါတယ်။

(  ၃ ) အညာဒေသကို လေယာဥ်တွေနဲ့ဗုံးကြဲ လူတွေကိုသတ်၊ မိန်းကလေးတွေကို မုဒိမ်းကျင့်၊ ပစ္စည်း တွေကို ဓားပြတိုက်၊ ရွာတွေကိုမီးရှို့ ဆိုတဲ့ ဖက်ဆစ်သဏ္ဌာန်နဲ့ နှိပ်ကွပ်လိုက်ရင် အညာဟာ ငြိမ်သွားလိမ့်မယ်လို့ထင်ပြီး ဒီရာဇဝတ်မှုတွေကို အမိန့်ပေး စီစဥ်ခဲ့တယ်။

လူများများသတ်ပြီး ရွာများများမီးရှို့တဲ့ အရာရှိတွေကို ရာထူးတွေ တက်ပေးတာတွေ လုပ်ခဲ့တယ်။

အဲဒီအကျိုးဆက်က သူ့စစ်သားရေသောက်မြစ် ဖြစ်တဲ့ အညာဒေသတခုလုံးဟာ သူ့ကို တော်လှန်ပုန်ကန်နေကြပြီ ဖြစ်လို့ စစ်သားသစ်စုဆောင်းလို့ မရသလို စစ်တပ်ထဲက အညာသားတွေလည်း နေ့တိုင်း ထွက်ပြေးဖို့ ကြံစည်တာကို ရင်ဆိုင်နေရတယ်။ အညာသားတွေ အများစုလည်း ဘဝအရ တော်လှန်ရေးတပ်ဦးမှာ အလံကိုင်တွေ ဖြစ်လာကြတယ်။

''တရွာလုံး မီးရှို့ရင် တရွာလုံး တော်လှန်မယ်''ဆိုတာ အညာဒေသရဲ့ တိုက်ပွဲဝင်ကြွေးကြော်သံတခု ဖြစ်လာတယ်။

''ဖက်ဆစ်စစ်တပ် အမြစ်ပြတ်ဆိုတာ'' တပြည်လုံးရဲ့ ကြွေးကြော်သံ ဖြစ်လာတယ်။

( ၄ ) လေကြောင်းနဲ့တိုက်ခိုက်ပြီး လူထုတိုက်ပွဲကို ချေဖျက်နိုင်မယ်လို့ စဥ်းစားလုပ်ကိုင်နေတဲ့ နလပိန်းတုံး ဗိုလ်မင်းအောင်လှိုင်ဟာ အဲဒီလေကြောင်းအကြမ်းဖက်မှုကပဲ သူ့ကို မြန်မြန်ဆန်ဆန် သေမင်းကို ပို့မယ့်ကူးတို့ ဖြစ်လာပါလိမ့်မယ်။

ဘယ်ကမ္ဘာ့စစ်ပွဲသမိုင်းမှာမှ လေကြောင်းနဲ့ အနိုင်ရအောင်မတိုက်နိုင်ခဲ့ဘူးဆိုတာ အခိုင်အမာ သက်သေအထောက်အထားတွေ ပြည့်နေတယ်။ မင်းအောင်လှိုင်ရဲ့ လေကြောင်းနဲ့တိုက်ခိုက် အကြမ်းဖက်မှုကို တစုံတရာ တုံ့ပြန်လာနိုင်တာနဲ့အမျှ စစ်ပွဲဟာ မြန်မြန်ဆန်ဆန် အဆုံးသတ်သွားလိမ့်ပါမယ်။ ဒါကို မကြာတော့တဲ့ကာလမှာ တွေ့ကြရမှာ ဖြစ်ပါတယ်။

( ၅ ) ဗိုလ်မင်းအောင်လှိုင်ဟာ လူထုကို အကြောက်တရားနဲ့ အနိုင်ယူနိုင်ဖို့ အမျိုးမျိုး ကြိုးစားခဲ့ပါတယ်။ သတ်ဖြတ်တဲ့နည်း၊ နှိပ်စက်တဲ့နည်း အိမ်တွေရွာတွေ လူအရှင်လတ်လတ်တွေကို မီးရှို့တဲ့နည်း၊ မုဒိမ်းကျင့်တဲ့နည်း စတဲ့ အကြမ်းဖက်တဲ့နည်းနာဖြစ်တဲ့ ဖက်ဆစ်နည်းလမ်းတွေကိုသုံးပြီး လူထုကို အနိုင်ယူဖို့ ကြိုးစားခဲ့တယ်။

ဒီလိုပဲ အိမ်နီးနားချင်းနိုင်ငံတွေနဲ့ ကမ္ဘာကြီးကို ခြိမ်းခြောက်ဖို့ မြန်မာပြည်သူတွေကို မကူညီဖို့ နျူကလီးယားပိုင်ဆိုင်ဖို့ အလွန်အန္တရယ်ရှိတဲ့ လုပ်ငန်းအစီအစဥ်တခုကို ရုရှားအစိုးရနဲ့ သဘောတူညီမှုယူပြီး ရုရှားပညာရှင်တွေကို မြန်မာနိုင်ငံထဲ ဖိတ်ခေါ်ပြင်ဆင်စေခဲ့ပါတယ်။

ဒီအတွက် အမေရိကန်၊ တရုတ်၊ အိန္ဒိယ စတဲ့ နိုင်ငံကြီးတွေအပါအဝင် အာဆီယံနိုင်ငံတွေကပါ စိတ်သောကရောက်စေခဲ့သလို ဗိုလ်မင်းအောင်လှိုင်လို အာဏာရူးတယောက်ကို ထောက်ခံကူညီလိုစိတ်တွေ ပျောက်ဆုံးသွားကြတာ အခိုင်အမာတွေ့နေရပြီ ဖြစ်ပါတယ်။

မင်းအောင်လှိုင်ဟာ ဘယ်သူကူကူ မကူကူ ရုရှားအုပ်စု ကူရင်ပြီးပြီ ဆိုတာလောက်နဲ့ ကနေ့ကမ္ဘာမှာ လူရာဝင်လို့မရဘူးဆိုတာ ကနေ့ တွေ့နေရပြီ ဖြစ်ပါတယ်။

ဗိုလ်မင်းအောင်လှိုင်က တရုတ်အစိုးရကို အကြီးအကျယ် လျှော့တွက်ထားခဲ့ပုံရတယ်။ ရုရှားနဲ့ အဆင်ပြေရင် တရုတ်ကိုလည်း ဂရုစိုက်စရာမလိုဘူးလို့ ထင်ပုံရပါတယ်။  တရုတ်အစိုးရရဲ့ မျှော်မှန်းချက်ဖြစ်တဲ့  One Belt and One Road OBOR   ပိုးလမ်းခါးပတ်စီမံကိန်းဟာ မြန်မာပြည်သူလူထုတွေ လက်ထဲ ရောက်နေပြီး မြန်မာနိုင်ငံထဲမှာရှိတဲ့ တရုတ်အမျိုးသားအကျိုးစီးပွား အားလုံးဟာလည်း မြန်မာနိုင်ငံသားတွေ လက်ထဲရောက်နေပြီဆိုတာ တရုတ်အစိုးရက ဘယ်သူမှ မေးစရာမလိုအောင် သိနေပြီ ဖြစ်ပါတယ်။

ဗိုလ်မင်းအောင်လှိုင်ဟာ  သူ့လုံခြုံရေးကိုတောင် သူ့အနေနဲ့ အမြဲစိုးရိမ်နေရပြီဆိုတာ  တကမ္ဘာလုံး သိနေပြီဆိုတော့ တရုတ်အစိုးရအနေနဲ့ မြန်မာပြည်သူတွေကို မျက်နှာမူလိုက်တာဟာ တရုတ်အစိုးရ အတွက် မြန်မာနိုင်ငံပြည်သူတွေနဲ့  ဆက်ဆံရေးအဆင်ပြေစေပြီး  အနာဂတ်အတွက် ရလဒ်ကောင်း တခုကို ပုံဖော်လာနိုင်မှာဖြစ်သလို မြန်မာနိုင်ငံသားတွေအနေနဲ့လည်း ဗိုလ်မင်းအောင်လှိုင်ကို အမြန်ဖယ်ရှားပြီး  လူထုလိုလားတဲ့  ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို  အမြန်တည်ဆောင်နိုင်မှာ  ဖြစ်ပါတယ်။

ဒီအမှားကြီး ၅ ခုဟာ ဗိုလ်မင်းအောင်လှိုင် ကိုယ့်သေတွင်းကိုယ်တူးခဲ့တာလို့ ကျနော်တော့ အခိုင်အမာ ပြောချင်တယ်။

၂။ လူထုအခြေအနေ

( ၁ ) လူထုအတွင်းမှာ မတူညီတဲ့အမြင်တွေ ရှိကောင်းရှိမှာ သေချာတယ်။ တူညီတဲ့ အမြင်ကတော့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးဟာ တူညီတဲ့ဘုံအမြင်ဖြစ်သလို ဘုံသဘောတူညီချက်လည်း ဖြစ်တယ်။

( ၂ ) ကနေ့ လူထုကို ဦးဆောင်မဲ့ NUG ဆိုတဲ့ အစိုးရတရပ်ရှိလာပြီ ဖြစ်တယ်။ အစိုးရအပေါ်  အမြင် အမျိုးမျိုး ရှိနိုင်တယ်။ အစိုးရနဲ့ ဆန္ဒတသဘောတည်းရှိတဲ့အမြင် ရှိသလို မတူကွဲပြားတဲ့ အမြင်တွေလည်း ရှိနိုင်တာ ဖြစ်တယ်။ ဒါပေမဲ့ NUG အစိုးရဟာ စစ်အာဏာရှင်စနစ် အပြုတ်တိုက်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖော်ဆောင်ရေးကို ရှေးရှုလုပ်ကိုင်နေတယ်ဆိုတာတော့ စစ်အုပ်စု အသိုင်းအဝိုင်းကလွဲပြီး လက်သင့်ခံနိုင်တဲ့ တူညီတဲ့အမြင်တခု ဖြစ်လာပါတယ်။

NUG အစိုးရဟာ နိုင်ငံရေးပါတီတခုကို ကိုယ်စားပြုထားတာ မဟုတ်သလို နိုင်ငံရေးပါတီအားလုံးကိုလည်း ကိုယ်စားပြုနေတာ မဟုတ်ပါဘူး။ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လူထုလူတန်းစားများနဲ့ စစ်တပ်ရဲ့ အကြမ်းဖက် ဖိနှိပ်သတ်ဖြတ်မှုကို ခုခံဆန့်ကျင် တော်လှန်မယ့် အင်အားစုများ စုပေါင်း ပါဝင်ထားတဲ့ စုဖွဲ့မှုလို့ ဆိုနိုင်ပါတယ်။ ဆိုလိုတာက လူထုရဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး စစ်ပွဲကြီးကို ဦးဆောင်ဖို့ လူထုရဲ့ တောင်းဆိုမှုနဲ့ တွန်းဆော်အားတွေက စုဖွဲ့မှုတခုအဖြစ် ပေါ်ပေါက်လာတာလို့ ကျနော်တို့ ပြောနိုင်မှာဖြစ်ပါတယ်။ ဒီနေရာမှာ သေချာတာက သီးခြားအမြင် သီးခြားဆောင်ရွက်မှုနဲ့ သီးခြားဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေလဲ ရှိပါတယ်။ သဘာဝကျစွာဘဲ တူတာတွဲလုပ် မတူတာ ခွဲလုပ်ဆိုတဲ့မူဟာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးမှာ အလုပ်ဖြစ်လာတာတွေ့ရပါတယ်။

( ၃ ) ၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၆ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တဲ့ NUG  အစိုးရဟာ ၂၀၂၂ နိုဝင်ဘာ ၁၆ ရက်တွင် ၁၉ လပြည့်ခဲ့ပြီဖြစ်ပါတယ်။ ယေဘုဘျ ပြောရမယ်ဆိုရင် NUG အစိုးရရဲ့ စည်းရုံးရေး သဏ္ဌာန်ဟာ လက်နက်ကိုင်တော်လှန်ရေးတိုက်ပွဲသဏ္ဌာန်လို့ ပြောနိုင်မှာဖြစ်ပါတယ်။ ဘာကြောင့် ဆိုနိုင်သလဲဆိုတော့ NUG ဟာ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ ( ပကဖ PDT  ) တွေကို ဖွဲ့စည်းထားခဲ့လို့ ဖြစ်ပါတယ်။ ဒီနေရာမှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ် ( LDF ) အပြင် အခြားရည်ရွယ်ချက်တွေနဲ့ ဖွဲ့စည်းတိုက်ပွဲဝင်နေတဲ့ အင်အားစုတွေလည်း ရှိနေတာ တွေ့ရပါတယ်။ NUG အစိုးရဟာ လက်နက်ကိုင်တိုက်ပွဲကို အဓိက တိုက်ပွဲသဏ္ဌာန်အဖြစ်ထားပြီး အခြားတိုက်ပွဲသဏ္ဌာန်တွေနဲ့ ပေါင်းစပ်ဆောင်ရွက်မယ် ဆိုတာမျိုးကိုတော့ ကြေညာထားတာ မတွေ့ရသေးပါဘူး။ ဒါပေမဲ့ စစ်အနိုင်တိုက်ရေးဆိုတဲ့မူကိုတော့ စွဲကိုင်တိုက်ပွဲဝင်နေတာကို အခိုင်အမာတွေ့နေရပါတယ်။

( ၄ ) လူထုမှာ မကုန်ခမ်းနိုင်တဲ့ စွမ်းပကားတွေရှိတယ်ဆိုတဲ့ သီအိုရီဟာ မှန်ကန်တယ်။ ကနေ့ စစ်အုပ်စုကို လူထုက ရရာလက်နက်နဲ့ ခုခံစစ်ပွဲဆင်နွှဲနေတယ်။ စစ်အာဏာရှင်ဆန့်ကျင်ရေး အတွေးအခေါ် တွေဟာ ခိုင်မာတဲ့ပကတိဘာဝရုပ်အဖြစ် ပြောင်းလဲလာတယ်။ ဒီအတွက် လူထုခုခံစစ်ဟာ အောင်ပွဲ ကျိန်းသေခံမယ်ဆိုတာ သံသယဖြစ်စရာမလိုလောက်အောင် မှန်ကန်တယ်။ ဘယ်တော့ အောင်ပွဲရမလဲဆိုတာကတော့ လက်ရှိ ရုပ်ဘဝအခြေအနေက ပြဋ္ဌာန်းချက်နဲ့ ဦးဆောင်မှုကို တာဝန်ယူထားကြသူတွေရဲ့  ဦးဆောင်နိုင်မှုတွေပေါ်မှာလည်း မူတည်တယ်လို့ ပြောရမှာဖြစ်ပါတယ်။

( ၅ ) နွေဦးတော်လှန်ရေးရဲ့ အဓိပ္ပာယ်က ဘာလဲ။ မြန်မာနိုင်ငံရှိ အဖိနှိပ်ခံ တိုင်းရင်းသားလူမျိုးပေါင်းစုံရဲ့ စစ်သုံးစစ်ကို အပြီးတိုင်ဖျက်သိမ်းရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးဆိုတာ နွေဦးတော်လှန်ရေးရဲ့  တိကျခိုင်မာတဲ့ အဓိပ္ပာယ်ပဲ ဖြစ်ပါတယ်။

ဒီအတွက် နွေဥိးတော်လှန်ရေးရဲ့ ပေးထားချက်က ဘာလဲ။ အသေချာဆုံး အကြောင်းအချက်ကတော့ မြန်မာတနိုင်ငံလုံး အဖိနှိပ်ခံတိုင်းရင်းသားလူမျိုးပေါင်းစုံဟာ တပြည်လုံးနေရာအနှံ့ ပြောက်ကျားစစ်ပွဲတွေ ဆင်နွှဲနေတာပဲ ဖြစ်ပါတယ်။ ဒါဟာ ရန်သူကို အဓိက စစ်အနိုင်တိုက်နိုင်မယ့် နွေားတော်လှန်ရေးရဲ့ ပေးထားချက်ပဲ ဖြစ်ပါတယ်။

၃။ နိုင်ငံတကာအခြေအနေ

( ၁ ) ကံမကောင်း အကြောင်းမလှစွာဘဲ ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်ကို ယူကရိန်းပြည်သူတွေ ခုခံခဲ့ကြရတယ်။ ကမ္ဘာ့စာမျက်နှာမှာ ယူကရိန်းစစ်ပွဲသတင်းနဲ့ လှုပ်ရှားမှုက နေရာယူထားခဲ့တယ်။ ဒီ အခြေအနေ ဒီကာလမှ  စစ်တပ်ရဲ့ ရာဇဝတ်မှုကျူးလွန်တာတွေဟာ ကမ္ဘာစာမျက်နှာတွေမှာ အရေးပေါ်ဖြစ်မလာခဲ့ဘူး။

ယူကရိန်းစစ်ပွဲမှာ လက်တွေ့အဖြစ်က ရုရှားတွေ စစ်ရှုံးသွားခဲ့ပြီး ယူကရိန်းပြည်သူတွေ စစ်အနိုင် တိုက်နိုင်ခဲ့ပြီ ဖြစ်တယ်။

( ၂ ) မြန်မာနိုင်ငံဟာ ကနေ့နိုင်ငံတကာ အခင်းအကျင်းသစ်တခုကို စတင်အစပျိုးလိုက်နိုင်ခဲ့ပြီ ဖြစ်ပါ တယ်။ ကျနော် ဆိုလိုချင်တာက တဖက်စောင်းနင်းဖြစ်နေတဲ့ မြန်မာ့နိုင်ငံရေးဟာ ချိန်ခွင်ညှာ ပြန်တည့်သွားပြီလို့ ပြောရတော့မှာပါ။ NUG အစိုးရအနေနဲ့ ပထဝီနိုင်ငံရေးအရ မိတ်ဖက်နိုင်ငံတွေ ဖြစ်ကြတဲ့ အမေရိကန်နိုင်ငံ ဥရောပသမဂ္ဂ အာဆီယံနိုင်ငံအချို့နဲ့ ပူးပေါင်းဆောင်ရွက်နေမှုတွေ ရှိတာကလည်း စစ်တပ်အာဏာသိမ်းပြီးကတည်းက စတင်ခဲ့တာလို့ ပြောရမှာပါ။ ကုလသမဂ္ဂ အပါအဝင် မိတ်ဖက်နိုင်ငံတွေရဲ့  စိတ်ဓာတ်ရေးရာအရ စာနာမှုတွေ ထောက်ခံမှုတွေကိုရရှိခဲ့ပေမဲ့ လုံလောက်တဲ့ ရုပ်ဝတ္ထု ကူညီမှုကိုတော့ မရရှိခဲ့ဘူးလို့ ပြောနှိင်မယ် ထင်ပါတယ်။ စိုးရိမ်သောကရောက်ကြောင်း ဖော်ပြချက်တွေက စစ်တပ်ရဲ့အကြမ်းဖက် ရက်ရက်စက်စက် သတ်ဖြတ် နှိပ်စက် မုဒိမ်းကျင့် ရွာမီးရှို့မှုတွေအတွက် လုံလောက်တဲ့ အထောက်အကူ မဖြစ်ခဲ့တာ သေချာပါတယ်။

ကနေ့ ကမ္ဘာကြီးရဲ့ နည်းပညာ တော်လှန်ပြောင်းလဲမှုအောက်မှာ ထိန်းချုပ်မှုတွေ၊ ဖုံးကွယ် လှည့်ဖြားမှုတွေ၊ လိမ်ညာဝါဒဖြန့်မှုတွေ စတဲ့ နိုင်ငံတကာရာဇဝတ်မှုများစွာဟာ ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းတွေက အလျင်အမြန် သိခွင့် မြင်ခွင့် ကြားခွင့်နဲ့တကွ လွတ်လပ်စွာ ပြောဆိုခွင့်တွေကိုပါ တပါတည်း ရရှိခံစားကြရပြီ ဖြစ်ပါတယ်။ ဆိုလိုချင်တာ ဗိုလ်မင်းအောင်လှိုင် လုပ်သမျှ လိမ်ညာသမျှ ဖုန်းကွယ်သမျှ ကမ္ဘာကြီးက သိနေတယ် ဆိုတာပါပဲ။ ဒါကြောင့်လည်း ကနေ့ အမေရိကန်အစိုရဟာ တနှစ် တခါ ပြဋ္ဌာန်းတဲ့ အမေရိကန်အမျိူးသားကာကွယ်ရေး ဥပဒေ (NDAA ) မှာ မြန်မာနိုင်ငံအရေးဆောင်ရွက်ဖို့ တိကျတဲ့ အမေရိကန်ပြည်ထောင်စုရဲ့   မြန်မာအရေးဆိုင်ရာမူဝါဒတွေ အခိုင်အမာ ပါဝင်လာသလို  ဆောင်ရွက်မယ့် လုပ်ငန်းစဥ်များပါ အသေးစိတ်ပါဝင်လာတာ တွေ့ရပါတယ်။

ဒီလိုဘဲ ဥရောပသမဂ္ဂအနေနဲ့ စစ်တပ်နဲ့ စစ်ဗိုလ်ချူပ်တွေကို ဆန်ရှင်တွေချတာကနေ NUG အစိုးရ ကိုယ်စားလှယ်ကို တရားဝင်အစိုးရကိုယ်စားလှယ်တဦးအနေနဲ့ အသိအမှတ်ပြု ဆက်ဆံတာတွေ လုပ်ကိုင်လာတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ အာဆီယံလိုအဖွဲ့အစည်းကိုယ်တိုင်တောင် NUG အစိုးရနဲ့ ဆက်ဆံရေးဆိုတာကို ဆုံးဖြတ်ချက်ချနိုင်ခဲ့တာတွေဟာ မြန်မာနိုင်ငံမှာရှိတဲ့ လူမျိုးပေါင်းစုံ တိုင်းရင်းသားအားလုံးရဲ့ မဆုတ်မနစ် အသက်တွေ သွေးတွေ စတေးပြီး စွန့်လွှတ်တိုက်ပွဲဝင်မှုရဲ့ ရလဒ်ပဲ ဖြစ်ပါတယ်။ ဒီရလဒ်ဟာ အောင်ပွဲတခုပဲ ဖြစ်ပါတယ်။ ဒီရလဒ်ကြောင့် အနာဂတ် သံတမန်ရေးတိုက်ပွဲတွေ စစ်အုပ်စုကို စီးပွားရေးအရ ပိတ်ဆို့မှုတွေ၊ လက်နက်ဝယ်ယူမှုကိစ္စကို တားဆီးမှုကိစ္စတွေ၊ လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်ခံရမှုတွေ စစ်တပ်ရဲ့ ရာဇဝတ်မှုတွေကို အရင်ထက်အဆပေါင်းများစွာ တားဆီး ပိတ်ပင် ထိန်းချုပ်တာတွေ ပိုလုပ်လာမှာကတော့ သေချာပါတယ်။

သေချာတာက နိုင်ငံတကာအကူအညီ ထောက်ခံမှုအားလုံးကို ကြိုဆိုရမှာ ဖြစ်ပါတယ်။ ရန်သူ့ကို ဆန့်ကျင်ပြီး ကျနော်တို့ကို ကူညီမယ့် အကူအညီအားလုံးကို ကြိုဆိုရမှာပါ။ ဒါပေမဲ့ နိုင်ငံတကာအကူအညီဆိုတာ အဖိနှိပ်ခံ  တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူများ ညီညွတ်ရေးနဲ့  ရန်သူ့ကို ဘယ်လောက်  ထိထိရောက်ရောက် တိုက်ခိုက်နိုင်သလဲ ဆိုတာပေါ်မှာ မူတည်တယ် ဆိုတာကိုတော့ သတိပြုရမှာ ဖြစ်ပါတယ်။ 

၄။ စစ်ပွဲဆိုင်ရာ အခင်းအကျင်း

နွေဦးတော်လှန်ရေးကို ဒီရေနဲ့ နှိုင်းယှဥ်လိုပါတယ်။ ဒီရေတိုးလာပြီဆိုတာနဲ့ တဖြည်းဖြည်းချင်း တိုးလာရာက ရေအရှိန်မြင့်မြင့်လာကာ နောက်ဆုံး အပြင်းထန်ဆုံး ဒီရေတိုးချိန်မှာတော့ ဘယ်လိုအတားအဆီးကိုမဆို ရိုက်ချိုး ဖြိုဖျက် တိုက်ခိုက်သွားလေ့ရှိပါတယ်။ နွေဦးတော်လှန်ရေးကလဲ ဒီသဘောပါပဲ။ စစ်သဘောတရားအရ ပြောရမယ်ဆိုရင် နွေဥိးတော်လှန်ရေး ပြောက်ကျားစစ်က စခဲ့ကြရတာ ဖြစ်ပါတယ်။ ပြောက်ကျားစစ်ကနေ ချေမှုန်းရေးစစ်တွေ ပြုလုပ်ရင်း လှုပ်ရှားစစ် နေရာယူစစ် ဆိုတဲ့ အခြေခံဒေသတည်ဆောက်ရေးကို ကနေ့ကောင်းမွန်စွာ ရောက်ခဲ့ကြပြီဖြစ်ပါတယ်။ ခြွေစစ်တွေကို တိုက်ခိုက်ရင်း လက်နက်တွေ စုဆောင်းနိုင်ခဲ့ကြသလို ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ရင်း အဆင့်အတန်းမီ လက်နက်ကြီးငယ်ကို တီထွင်ထုတ်လုပ်နိုင်ခဲ့ကြပါတယ်။ ဒရုန်းတို့လို၊ ၈၀မမတို့လို ပြင်းအားပြင်းလက်နက်တွေနဲ့ အဆင့်အတန်းမီ မိုင်းထုတ်လုပ်ရေးကိုလည်း အောင်အောင်မြင်မြင် ပြုလုပ်နိုင်ခဲ့ကြပါတယ်။

နည်းပညာအရ တတ်သိပညာရှင်များ CDM စစ်အရာရှိများ နိုင်ငံတကာရောက် ပညာရှင်များရဲ့  ကနေ့ တီထွင်ဖန်တီးထုတ်လုပ်နိုင်စွမ်းဟာ နိုင်ငံတကာအဆင့်မီတွေဖြစ်ကြောင်း တိုက်ပွဲတွေကို လေ့လာရင်သိရှိနိုင်မှာ ဖြစ်ပါတယ်။ ဆိုလိုချင်တာက ကျနော်တို့ဒီစစ်ပွဲကို နိုင်ကိုနိုင်မှာဆိုတာ မြေကြီးလက်ခတ်မလွဲလို့ ပြောနိုင်ပါတယ်။ ကနေ့ အကန့်အသတ်ဖြစ်တဲ့ လေကြောင်းရန်ကာကွယ်ရေးကိုသာ နည်းပညာအရဖြစ်စေ၊ လက်နက်အရဖြစ်စေ တုံ့ပြန်တိုက်ခိုက်နိုင်မယ်ဆိုရင် အကြမ်းဖက် စစ်တပ် စစ်ရှုံးသွားပြီလို့ ပြောနိုင်မှာဖြစ်ပါတယ်။ ဘာကြောင့်ဒီလို ပြောနိုင်သလဲဆိုရင် ပြည်သူလူထုက မြန်မာနိုင်ငံရဲ့ ၈၀ ရာခိုင်နှုန်းကျော် မြေအနေအထားကို စိုးမိုးထားသလို မြို့ကြီးပြကြီးတွေကိုလည်း ခြိမ်းခြောက်ထားနိုင်တဲ့ အနေအထားကြောင့် ဖြစ်ပါတယ်။

၅။ ကျေးဇူးတရားများ

(  ၁  ) ကျနော်တို့ဟာ ကျေးဇူးတရားကို မေ့လို့မရပါဘူး။ မေ့လည်းမေ့ကြမှာ မဟုတ်ပါဘူး။ အဲဒါတွေက တော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်ကြတဲ့ တိုင်းရင်းသားညီအကိုများရဲ့ ကျေးဇူးတရားပဲ ဖြစ်ပါတယ်။ အရေးကြီးရင် သွေးနီးကြဆိုသလိုပါပဲ နွေးဦးတော်လှန်ရေး ရှင်သန်လာဖို့ ညီအကိုတိုင်းရင်းသားတွေ မကူညီရင် ဘယ်လိုမှ နိုးထနိုင်မှာ မဟုတ်တာ သေချာပါတယ်။ ဒီကျေးဇူးတရားဟာ ထာဝရတည်မြဲနေမဲ့ မြန်မာတိုင်းရင်းသားအပေါင်းရဲ့ ရင်ထဲက မှတ်တမ်းလို့ ကျနော် အခိုင်အမာပြောနိုင်ပါတယ်။

(  ၂ ) ဒုတိယကတော့ CDM လုပ်ငန်းကို ဦးဆောင်ခဲ့သူတွေနဲ့CDM လုပ်ခဲ့တဲ့ အစိုးရဝန်ထမ်းအားလုံးရဲ့  စွန့်လွှတ်အနစ်နာခံ ကိုယ်ကျိုးစွန့် ပေးဆပ်မှုတွေအပေါ် ထားရမယ့် ကျေးဇူးတရားပဲ ဖြစ်ပါတယ်။

( ၃ ) ခေါင်းတွေ သေနတ်မှန်လို့ ချန်ထားခဲကြရပေမဲ့ ကျန်တဲ့သူရဲကောင်းတွေဟာ ကနေ့စစ်မြေပြင် အသီးသီးမှာ စစ်သားကြီးတွေလုံးလုံး ဖြစ်နေကြပြီဖြစ်တဲ့ G Z လို့ခေါ်တဲ့ မျိူးဆက်သစ်လူငယ်တွေ ရဲ့  စွှန့်လွှတ်အနစ်နာခံ ကိုယ်ကျိူးစွန့် ပေးဆပ်မှုတွေအပေါ်ထားရမဲ့ ကျေးဇူးတရားဘဲဖြစ်ပါတယ်။ 

တခုလုံးကို ချုပ်ပြောရရင် နွေဦးတော်လှန်ရေးဟာ ဒီရေမြင့်ကာလကို  ရောက်နေပြီ လို့ဆိုချင်ပါ တယ်။ စစ်အုပ်စုအနေနဲ့ ဘယ်လိုနည်းနဲ့မှ ပြည်သူ့လွတ်မြောက်ရေးအင်အားစုတွေကို မဖြိုဖျက်နိုင်တော့ဘူးဆိုတာ မြေပြင်အခြေအနေတွေက လက်တွေ့ပြနေသလိုဘဲ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုကို တုံ့ပြန်လိုက်နိုင်တာနဲ့ စစ်ပွဲကြီး ပြီးဆုံးသွားနိုင်မယ့် အခင်းအကျင်းတခုကို ရှေးရှုနေပြီလို့ပဲ ပြောရတော့မှာ ဖြစ်ကြောင်းပါဗျာ။

ကိုအောင်မှိုင်း



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar