Breaking News

နှစ်နှစ်နီးပါးအတွင်း ပထမဆုံး ဖြစ်ပွားလာတဲ့ TNLA နဲ့ စစ်ကောင်စီတိုက်ပွဲများ


မြန်မာနွေဦး ခရိုနီကယ် - ဒီဇင်ဘာ ၁၁ မြင်ကွင်း

(မိုးမခ) ဒီဇင်ဘာ ၁၂၊ ၂၀၂၂


နှစ်နှစ်နီးပါးအတွင်း ပထမဆုံး ဖြစ်ပွားလာတဲ့ TNLA နဲ့ စစ်ကောင်စီတိုက်ပွဲများ 

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်ထဲက TNLA တပ်တွေ အခြေစိုက်ထားတဲ့ စခန်းတွေကို စစ်ကောင်စီဘက်က ပြီးခဲ့တဲ့ သီတင်းပတ်က စလို့ အပြင်းအထန် တိုက်ခိုက်နေတာကြောင့် ကျေးရွာတွေက ဒေသခံတွေ တိုက်ပွဲဧရိယာတွေကနေ အခြားရွာတွေကို တိမ်းရှောင်နေကြရတဲ့ သတင်းတွေ ဖော်ပြထားကြပါတယ်။ 

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီနဲ့ TNLA တပ်တွေ အကြားအခုလောက် ပြင်းထန်တဲ့ တိုက်ပွဲတွေ ဖြစ်ပွားတာ မရှိခဲ့ဘဲ ၂နှစ်နီးပါးအကြာမှာ ပထမဆုံးအကြိမ် အနေနဲ့ ပြင်းပြင်းထန်ထန် ဖြစ်ပွားလာတာပါ။ စစ်ကောင်စီအနေနဲ့ မြောက်ပိုင်း ၃ ဖွဲ့လို့ ခေါ်တဲ့ AA ၊ MNDAA နဲ့ TNLA အဖွဲ့တွေဟာ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ဖိတ်ခေါ်မှုတွေကို လက်မခံကြတဲ့ အဖွဲ့တွေ ဖြစ်တာကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို တက်ရောက်တဲ့ အချို့သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေထက်ကို သတိထားရမယ့်အဖွဲ့တွေ အဖြစ်သော်လည်းကောင်း အခွင့်သာတဲ့အခါမှာ အားနည်းအောင် လုပ်ရမယ့် လက်နက်ကိုင် အဖွဲ့တွေ အဖြစ်နဲ့ စာရင်းတို့ထားတဲ့ သဘောလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ လတ်တလော MNDAA နဲ့လည်း ရှမ်းမြောက်ပိုင်းမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာ ဖြစ်ပြီး AA နဲ့တော့ ၄ လကြာ အပြင်းအထန် တိုက်ခိုက်ပြီးနောက် တကျော့ အပစ်ရပ်စဲထားတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ 

TNLA အနေနဲ့ မန္တလေးတိုင်းရဲ့ ဒေသအချို့,၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းက PDF  အဖွဲ့အချို့ကို လက်နက်ကူညီတယ်၊ စစ်သင်တန်းတချို့ပေးတယ်ဆိုတဲ့ သံသယနဲ့ စစ်ကောင်စီက စောင့်ကြည့်နေတဲ့ သဘောလည်း တွေ့ရသလို အခုအဖြစ်အပျက်က စစ်အာဏာသိမ်းပြီးနောက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအနေနဲ့ လူအင်အားစုဆောင်းမှုအတွက် အသာစီးရတဲ့အခြေအနေမျိုးဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေအနေနဲ့ လက်နက်အင်အား ရိက္ခာအင်အားရှိသလောက် တပ်ဖွဲ့တွေကို တိုးချဲ့နိုင်တဲ့အနေအထားဖြစ်လာစေတဲ့ အချက်ကို စစ်ကောင်စီဘက်က သတိပြုမိမှာ သေချာတဲ့အချက်ဖြစ်ပြီး အခွင့်သာတဲ့အခါ အင်အားဆက်လက်မကြီးထွားအောင် လုပ်ထားခြင်းဟာ မဟာဗျူဟာ ဆိုင်ရာ အချက်တချက်ဖြစ်နိုင်ပါတယ်။ 

အခုလတ်တလောဖြစ်တဲ့ နမ့်ဆန် မြို့နယ်ထဲက TNLA အခြေစိုက် စခန်းတွေကို တိုက်ခိုက်မှုမတိုင်ခင်မှာ TNLA ရဲ့ စစ်ရေး နဲ့ နိုင်ငံရေးဆိုင်ရာ ခေါင်းဆောင် ၃/၄ ဦးကို လားရှိုးမြို့မှာဖမ်းဆီးခံလိုက်ရပြီးနောက်မှာ အခုလို တိုက်ပွဲတွေ ဖြစ်ပွားလာတာလို့ သတင်းရပ်ကွက်တချို့က ဆိုကြပါတယ်။ ဖမ်းဆီးခံလိုက်ရတဲ့ TNLA ခေါင်းဆောင်တချို့ထံက TNLA နဲ့ပတ်သက်တဲ့ စစ်ရေးနေရာ၊ နိုင်ငံရေး ရည်ရွယ်ချက် အချက်အလက်တွေကို စစ်ကောင်စီဘက်က ရသွားတဲ့နောက် အခုလို မျှော်လင့်မထားတဲ့ စစ်ကောင်စီရဲ့ ရုတ်တရက် တိုက်ခိုက်မှုတွေ ဖြစ်ပွားလာတာလို့ ဆိုကြပါတယ်။ 

TNLA အနေနဲ့ သူတို့ စိုးမိုးလှုပ်ရှားတဲ့ ဒေသတွေနဲ့ ဆက်စပ်တဲ့ ရှမ်းမြောက်နဲ့ မန္တလေးတိုင်းထဲက မိုးကုတ်လို ဒေသတချို့မှာ PDF တွေကို လက်နက်နဲ့ စစ်ရေးသင်တန်းပေးတာမျိုးတွေ မလုပ်အောင် သတိပေးတဲ့ သဘောနဲ့ အခွင့်အရေးရတုန်း လက်ဦးမှုယူပြီး တိုက်ခိုက်တဲ့ သဘောလို့လည်း ကောက်ချက်ချရမှာပါ။ မြောက်ပိုင်း ၃ ဖွဲ့ထဲက TNLA အနေနဲ့ စစ်အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီနဲ့ တိုက်ခိုက်မှုကြီးကြီးမားမား မရှိခဲ့ရာက အခုတော့ စစ်ကောင်စီရဲ့ ရုတ်တရက် တိုက်ခိုက်မှုကို ခံခဲ့ရတာကို ကြည့်ရင် စစ်ကောင်စီဘက်ကတော့ ဘယ်လို ငဲ့ကွက်မှုမျိုးမှ မရှိပဲ အသာစီးရချိန်မှာ ရန်သူကို ဦးကျိုးအောင် ချည့်နဲ့အောင် တိုက်ခိုက်ဖို့ ဝန်မလေးတာကို ထင်ထင်ရှားရှားပြသနေတဲ့ သဘောလည်း ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar