Breaking News

မောင်လင်းရိပ် - လက်မရွေးတဲ့ သက်ကလေး

လက်မရွေးတဲ့ သက်ကလေး
မောင်လင်းရိပ်
(မိုးမခ) ဒီဇင်ဘာ ၁၃၊ ၂၀၂၂

ကိုယ့်ကိုယ့်ကိုယ် ဥယျာဉ်မှူးတဦးလို အထင်ကြီးမိတဲ့အခါ 
ဒီရာသီမတော့ ဟော့ဒီတစ်ဝိုက်လုံး ကျူးလစ်ပန်း
နီနီတွေပဲ စိုက်ပစ်လိုက်မယ် မင်းအတွေးမှားမိနေလား
ပန်းစိုက်အိုးတလုံးရဲ့စိတ်ထားကတော့ ဘယ်ပန်းရယ်မှ ရွေးချယ်ခွင့်မရှိပါ
ရသမျှပန်းတွေနဲ့ လှသမျှလှနိုင်အောင် နေရာတည်ချဖို့ ကမ္မဋ္ဌာန်းပုံမှန်ထိုင်ပါ
ချောင်းကြည့်ပေါက်ကလေးက ချောင်းကြည့်နည်းနဲ့ မမြင်ချင်တဲ့ဘက်ကို မျက်စိမှိတ်တဲ့နည်း
မွှေးကြိုင်တဲ့ သစ်ခက်လေးတွေစုပြီး တံမြက်စည်းလေးကို လုပ်ရုံမျှ
အမှိုက်ကလေးတွေလှည်းကျင်းရင်း ရနံ့ကလေးတွေ ဖြန့်ခင်းရင်း
ဒီအစည်းကလေးထဲက မတူတဲ့ကိုင်းကလေးတွေ တူရာဂိုဏ်းဖွဲ့ ကွဲမသွားစေပါနဲ့
သစ်ရွက်ခြောက်ပုံလေးဘေးမှာ လှည်းကျင်းသူရဲ့ဖိနပ်ကလေးပဲ ကျန်ရစ်ခဲ့ရှာ
တံမြက်စည်းကလေးကို ဘယ်သူ သိမ်းသွားမှန်း မသိတော့ဘူးလား
ရှင်းလင်းသာယာတဲ့ လမ်းကလေးမှာ ပွဲသွား ပွဲလာတွေ တစ်နေ့ လျှောက်ကြတော့မှာတဲ့
ငါတို့ဟာ လူမကွဲစေဖို့ဆိုရင် နီးရာလက်ကလေးကို မြဲမြဲ လှမ်းဆုပ်ထားဖို့ပါပဲ
လက်မရွေးပါနဲ့ ကိုကိုရယ် အသက်ကလေးရယ် ရှည်စေလိုရင်ဖြင့် …
၂၀၂၂၊ ဒီ ၁၁
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar