Breaking News

လင်းလက်နွေဦး - အာဠာဝက ချွတ်ခန်း

အာဠာဝက ချွတ်ခန်
လင်းလက်နွေဦး
(မိုးမခ) ဇန်နဝါရီ ၁၂၊ ၂၀၂၃
 
ကျနော်က self-confidence ကိုယ့်ကိုယ်ကို သိပ်အထင်ကြီးတဲ့လူမျိုး။ ပရိသတ်ကြောက်ရောဂါရှိပေမယ့်၊ အထက်လူကြီးသော ဘာသော မကြောက်တတ်ဘူး။ ပြောချင်တာ စွတ်ပြောတတ်တယ်။ ဒီ self- confidence ဆိုတဲ့ diagnosis ကိုလည်း ဌာနမှူးတစ်ယောက်က ချပေးခဲ့တာ။ တက္ကသိုလ်နောက်ဆုံးနှစ်၊ စာတမ်းတွေဘာတွေ ပြုစုရတော့၊ ဆရာက အဖွဲ့ခေါင်းဆောင်အနေနဲ့ ဆောင်ရွက်ပေးပါတယ်။ အဲမှာ စာတမ်းနဲ့ပတ်သက်တာတွေ အချက်အလက်တွေ ရှာဖွေ၊ ပြီးတော့ ထည့်သွင်း၊ proof ဖတ်၊ ဆရာကို တင်ပြရမှာလေ။ ဒါကို ကျနော်တို့အဖွဲ့က တစ်ခါနှစ်ခါပဲ တင်ပြဆွေးနွေးပြီး၊ အချောထုတ်၊ data source တွေကို ဖျက်ပစ်လိုက်မိတယ်။ အချောတောင် ထုတ်ပြီးပြီ၊ များပြားလှတဲ့ reference တွေ ထားလည်း အပိုပဲပေါ့။ အဲတင် ဆရာက မင်းတို့က self-confidence သိပ်များတာပဲ၊ ငါက မင်းတို့စာတမ်းမှာ တခုခုသံသယရှိရင် ဒီ reference တွေကို ပြန်လှန်ကြည့်ရမှာလေ၊ ခုလို delete လုပ်လိုက်တော့ ငါက ဘာသွားကြည့်ရမလဲတဲ့။ အဲတုန်းက ဆရာ့ ကွန်ပြူတာကို သုံးရတာပါ။ med-line တို့ CD ချပ်တို့နဲ့ data ရှာ၊ reference လုပ်၊ အပြင်မှာ ဖြစ်ပျက်နေတာနဲ့ နှိုင်းယှဉ်၊ ရှေ့လုပ်ငန်းစဉ်တွေဘာတွေ ချမှတ်၊ ဒီလို လုပ်ရတာကိုး။ ဘွဲ့ရပြီးတော့ ပြီးသွား တာပါပဲ။

အဲလို ဆောင့်ကြွား ဆောင့်ကြွားနိုင်တဲ့ ကောင်လို့ ဆိုလိုချင်တာပါ။ တက်ကျမ်းတွေ အဖတ်များလို့ လား မသိပါဘူး။ ငါ ဖြစ်တယ်၊ ငါ လုပ်နိုင်တယ်။ ဒီကောင်တွေ ငါ့လောက် မသိရှာဘူး။ အတွင်းစိတ်ထဲမှာ အဲ သလို ထင်ပါရဲ့။ ထင်လည်း ထင်ကောင်းပါရဲ့လေ၊ ပတ်ဝန်းကျင်ကလည်း ဘေးတီးပေးနေတာကိုး။ တစ်ယောက်ယောက်များ ဂစ်တာတီးနေရင် ‘ကီးမဝင်ဘူး၊ beat မှားနေတယ်’ဆိုပြီး ဂိုဂိုတို့ ချာချာတို့ ကီးစတိုင်တွေ ပြောပစ်လိုက်တယ်။ တစ်ယောက်ယောက်များ ကဗျာရေးနေရင် ‘အဲဒါ လေးသုံးနှစ် အချိုးကွ၊ မင်းဟာ ဒီနေရာမှာ ကာရန်လွဲနေတယ်’ဆိုပြီး ကြည်အောင်တို့ ကိုလေးတို့ မောင်စွမ်းရည်တို့ မောင်ချောနွယ်တို့နဲ့ ငယ်ပေါင်းကြီးဖော်လုပ် ပစ်လိုက်တယ်။ ဘာတဲ့ကွာ...

‘သားသယ့်အမေ
မိုင်ရှည်တာဝေး
အပြေးသမား။

သားသမီးချစ်
သက်လုံဖြစ်အောင်
ပြောင်းပစ်တာလား’ ....
... ဘာညာနဲ့ ရွတ်ပြလိုက်တာပဲ။ ပရင့်စာမူဆိုတာ ဘယ်နှစ်ပုဒ်၊ ဘယ်ကဗျာက ဘယ်တုန်းက၊ ဘယ်အယ်ဒီတာက ဘယ်လိုပြောထားတာ။ အင်း.. ကိုယ့်ကိုယ်ကိုများ ‘အိုဘယ့်ဘယ် အိုဘယ့် သမီးတော်’စပ်ဆိုဖူးတဲ့ အရှင်မဟာရဋ္ဌသာရ မှတ်နေသလားပဲ။ မော်ဒန်လား၊ မောင်ချောနွယ်ရဲ့ ‘မောင်ချောနွယ် အတု’ကို ဆယ်တန်းအောင်ပြီးစက ဖတ်ခဲ့တာပေါ့။ မော်ဒန်ရည်းစားစာ အရေးကောင်းလို့ ဟောဒီဖေမောင် အသည်းကွဲခဲ့ရတာပေါ့။ ‘ရှင့်စာတွေက ရူးကြောင်ကြောင်ကြီးတွေ.. ဘာ ပန်းနုရောင်ဆံပင်လဲ ဘာလိပ်စာမဲ့ကျွန်းလဲ ဘာတွေလာကြောင်နေတာလဲ’တဲ့။ ဒီလို လယ်ဗယ်နိမ့်တဲ့ မိန်းမတွေနဲ့ ဆက် မကြောင်ချင်တော့လောက်အောင် ဖြစ်ဖူးတယ်။

တစ်ယောက်ယောက်များ သီချင်းတွေ အော်ဆိုနေရင် (၂)နာရီ (၃)နာရီလောက် ဝင်ဆိုပြလိုက်တယ်။ ထီးဆိုင်တွေရော ခင်မောင်တိုးတွေရော ညီထွဋ်တို့ လေးဖြူတို့ မာရဇ္ဇ ရင်ဂိုတို့ ဘယ်နေမတုန်း၊ တက္ကသိုလ် ဒုတိယနှစ်လောက်မှ ပေါ်လာတဲ့ ‘ကျောက်စာ’ကိုလည်း မျိုးကြီးလို လိုက်အော်ခဲ့တာပဲ။ မျိုးကျော့မြိုင်၊ ခရီးသွားငါးယောက်တို့ သီချင်းချိုနွဲ့နွဲ့လေးတွေ ရသားပဲ။ အခွေဆိုင်ကတိတ်ခွေငှားပြီး ခရီးဆောင် ကက်ဆက်လေးနဲ့ နား ကြပ်လေးတပ်ပြီး နားထောင်ခဲ့တာလေ။ အက်ဆစ်တို့လို Rap စာသား အများကြီးနဲ့ လည်း ဆိုခဲ့တာပါပဲ။ Hip hop အရင် Alter ပေါ်ခဲ့တာ ထင်တာပဲ၊ သူငယ်ချင်းတယောက်တောင် fresher welcome စင်ပေါ်မှာ အရိုးများထိအောင် ရူးခဲ့သေးတယ်။ ငါဆို တစ်ခွေလုံး ဆိုနိုင်တယ်။ ... သိပ် ချစ် မိ လို့ များ... ဂျန် ဂျက် ဂျန်... ဘရိတ်ဖမ်း တီးတာလေ။ ဘာ ညာ ပွားတာပေါ့။  

တယောက်ယောက်များ ဝတ္ထု ဆောင်းပါးလေးတစ်ပုဒ်တလေ စာမျက်နှာပေါ် ပါလာရင်၊ ကျနော်က မခို့တရို့ ပြုံးနေတတ်တယ်။ ပျော်ပါစေပေါ့။ ကြွားပါစေပေါ့။ နောက်မှ ကျနော့်စာမူစာရင်းကို ချပြလိုက်တယ်၊ စာနယ် ဇင်းမျိုးစုံပေါ်မှာ စာမူပေါင်း ရာကျော်...( အင်း... တော်တော်လေး ကျော်တယ်)။ ဇာဂနာရဲ့ တစ်ခန်းရပ် လေးတောင် သတိရသွားတယ်။ ကလေးမလေးက မူလတန်းလောက်ပဲ ရှိအုံးမယ်။ နာမည်ကြီး စာရေးဆရာ ဖြစ်နေတော့ စာနယ်ဇင်းတခုက အင်တာလာဗျူးတာ။ ဘယ်တုန်းကတည်းက စာရေးနေပြီလဲဆိုတော့ မူကြိုက တည်းကတဲ့၊ ပြီးတော့မှ ‘ဝလုံးလေးတွေ’တဲ့။ တခုခုမေးလိုက်တိုင်း အခန်းက သူ့အမေဆီ လှမ်းအော် မေးတယ်။ စဖော်ပြခံရတဲ့ ဝတ္တုက ဘာလဲ၊ မေမေရေ ဘာတဲ့လဲ၊ သမီးက များလို့ မေ့နေလို့။ ဘယ်ဝတ္ထုထဲက ဇာတ်ကောင်ရဲ့စရိုက်က ဘယ်လိုလေးနော်၊ မေမေရေ ဘာတဲ့လဲ၊ သမီးက မေ့နေပြီ။ ဒီ ဇာတ်လမ်းကို ဗီဒီယိုရိုက်မှာဆိုတော့ ဘာများထောက်ပြချင်သေးလဲ၊ မေမေရေ ပြောလိုက်ပါဦးမေးနေပြန်ပြီ။ ကျနော်ကတော့ အဲလို ရှဲဒိုးစာရေး ဆရာမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် တကယ်မေ့နေပါပြီ။

တယောက်ယောက်များ ဖေ့ဘုတ်အကောင့်လေး ဖွင့်လို့ ဟိုတင် ဒီတင်ဆိုရင် ကျနော် သိပ်အမြင် ကပ်တာ။ ငါက အင်တာနက်ကဖီးဆိုတဲ့ အင်တာနက်ဆိုင်တွေစပေါ်ကတည်းက အကောင့်ဖွင့်ထားတာ။ ဒါကြောင့် ငါ့ ဖရန့်ထဲမှာ နိုင်ငံခြားသားတွေ များနေတာပေါ့။ အာ့ကြောင့်ထင်တယ်၊ ခဏ ခဏ လော့ကျတာတို့ ဘမ်းခံရတာတို့မရှိဘူး။ ဆူကာဘက်ရဲ့ အမာခံကာစတန်မာကြီးပေါ့ကွာလို ပြောတတ်တယ်။ ချက်ဘောက်မှာ ချက်တာတော့ လာမပြောနဲ့ ဖေ့ဘုတ်မပေါ်ခင် ဂျီတော့ခ်နဲ့တောင် ချက်လာတာကွ၊ ဘာကွ၊ ညာကွ။ အင်တာနက်၊ အီးမေးလ်၊ ဆိုရှယ်မီဒီယာ၊ ဘာညာတွေနဲ့ ယဉ်ပါးလွန်းတဲ့သူပေါ့လို့ အပြောခံချင်တာ အလွန်ပဲ။ ခုဆို N Social ပေါ်မှာ...။

တယောက်ယောက်များ ဟိုကလိ ဒီကလိ ဟိုနှိုက် ဒီနှိုက်ဆိုရင် ကျနော် စွာကျယ်ကျယ် ဝင်လုပ် တတ်တယ်။ မင်းစက်သံကိုက မီးသံတဂတ်ဂတ်ပါကွာ၊ ရှေ့ပိုင်း ဖွင့်ရမှာ၊ ရိန်းချောင်နေတာ မီးခိုးတွေ ကြည့်ပါ့ လား၊ မည်းတူးနေတာပဲ။ အပ်ပင်က စပရိန်ပျော့နေတာကွ။ ကွန်နတင်းသံကြီးပါကွာ။ ချိန်းစပေါ့ကတ်လဲ ရမှာ၊ ဒီမှာကြည့် ချွန်မြိနေတာပဲ။ ဒါပေါ့လေ၊ သူများလုပ်ထားတာ ကြည့်ထားတာကိုး။ အမြင်ကပ်လို့များ၊ ရော့ ဂွနဲ့ ဂွင်း လာမပေးနဲ့၊ နပ်တောင် ဘယ်ရစ်ညာရစ် မသိဘူးရယ်။ ဒါပေမယ့် မီးလိုင်း၊ ဂက်စကတ်လိုင်း၊ ရှေ့ပိုင်း၊ နောက်ပိုင်း ဝေဝေဆာဆာ သိပါတယ်။

ဒီလိုမျိုး ဟိုစပ်စပ် ဒီစပ်စပ် လူတယောက်၊ တစ်နေ့တုန်းက ‘မာမာအေး’ ရဲ့ ‘ပြောပြစရာတွေ တပုံကြီး’ ဖတ်လိုက်ရတယ်။ အဲထဲမှာ ဒေါ်မာမာအေးရဲ့ အသိတယောက်ပဲ၊ သီချင်းတွေ ရတယ်။ ရွှေမန်းတင်မောင့်သီချင်းကို ရွှေမန်းတင်မောင့်အသံနဲ့ ဟန်နဲ့ ဋ္ဌာန်နဲ့ ကျကျနနဆိုပြနိုင်တယ်။ ကိုမြကြီးသီချင်း၊ ကိုမြကြီး ဆိုနေတဲ့အတိုင်း။ ‘အသည်းစွဲတဲ့ နွဲ့ဆိုးပျို...ချစ်အားပိုလို့ နေသူခင့်ကို...မခွဲဘူးကွဲ့ တသက်လုံးကို...’။ ရာဇာဝင်းတင့် လာထား၊ စန္ဒရားချစ်ဆွေ အေးဆေး။ အဆိုတော်တွေ အကုန် ဆိုပြပြီးတော့ အန်တီက တစ်ခု တောင်းဆိုလိုက်တယ်၊ ကိုယ့်အသံနဲ့ကိုယ် ဆိုပြပါ့လားတဲ့။ အဲတင် အဆိုကျော်ကြီး လည်လိမ်သွားတယ်၊ ကိုယ့်အသံကိုယ်မေ့နေပြီလေ။ တသက်လုံး သူများအသံ သူများဟန်နဲ့ ဆိုနေခဲ့တော့ ကိုယ်ပိုင်အသံနဲ့ ကိုယ်ပိုင်ဟန် နဲ့ သီချင်း မဆိုနိုင်တော့ပြီ။

အဲတင် ကျနော်အကျွတ်တရားရသွားတယ်။ ငါဖြင့် ကောင်းနိုးရာရာ ဟိုထဲ ဒီထဲက ထုတ်နှုတ်ပြီး အညွှန်းရေးတတ်တာကို တကယ့်စာရေးဆရာ ဖြစ်ပြီလို့ ထင်မှတ်နေတယ်။ ငါ့ဖြင့် ဟိုစပ်စပ် ဒီစပ်စပ် တီးမိ ခေါက်မိတာနဲ့ စွယ်စုံရ အနုပညာရှင်ကြီးလို့ အောက်မေ့နေတယ်။ ငယ်ငယ်က ဂစ်တာတီးတဲ့အကိုတွေကြားနေခဲ့တော့ ကိုယ့်ကိုယ်ကို ဂီတပညာရှင်ကြီး ယူဆနေတယ်။ သူငယ်ချင်းဝပ်ရှော့ဆရာတွေ ပြောတာ နား ထောင်ပြီး စက်မှုပညာရှင်ယောင်ယောင် ဖြစ်နေတယ်။ အပြာကားကြည့်ချင်လို့ အင်တာနက်ဝင်သုံးတာကို နည်းပညာသမား အထင်ခံချင်နေတယ်။ အဲသလို သံဝေဂတဖွားဖွားပေါ်‌ပေါက်ခိုက်မှာပဲ၊ သိန်းဖေမြင့်ရဲ့ တက်ခေတ်နတ်ဆိုး ဖတ်မိလေပါလေရော။ အားလားလား... ငါရေးခဲ့တဲ့ ကျန်းမာရေးဆောင်း ပါးတွေ အကုန်ပေါင်းရင်တောင် ဒီဝတ္ထုရဲ့ edutainment ကို မမီသေးပါလားလို့ ရှက်မိသွားတယ်။ ဒါကြောင့် သိန်းဖေမြင့် ဖြစ်နေတာပဲ၊ ဒါကြောင့် မာမာအေး ဖြစ်နေတာပဲ၊ ဒါကြောင့် မောင်ချောနွယ် ဖြစ်နေတာပဲ၊ ဒါကြောင့် ဖေမြင့်ဖြစ်နေတာပဲ၊ ဒါကြောင့် ဇော်ဝင်းထွဋ် ဖြစ်နေတာပဲ၊ ဒါကြောင့် ဒိုးလုံး ဖြစ်နေတာပဲ၊ ဒါကြောင့် ဝေလ ဖြစ်နေတာပဲ၊ ဒါကြောင့် အီလွန်မက် ဖြစ်နေတာပဲ၊ ဒါကြောင့် ဂျက်မာ ဖြစ်နေတာပဲ၊ ဒါကြောင့် ချစ်စမ်းမောင် ဖြစ်နေတာပဲ၊ ဒါကြောင့် .....။

တာဝတိံသာကို ဘုရားကြွပြီး တရားဟောတော့၊ နတ်သားကြီးတစ်ပါးက ဘုရားခြေတော်ရင်းနား အရင်ဆုံးနေရာလာယူတယ်။ ဒါပေမယ့် နောက် နတ်တစ်ပါးရောက်လာ၊ အဲနတ်သားကြီး နောက်ဆုတ်ပေးရ တယ်။ နောက်နတ်ရောက်လာ နောက်ဆုတ်ပေး၊ နောက် ရောက်လာ နောက် ဆုတ်ပေးရနဲ့၊ ဘုရားနဲ့ ယူဇနာအတော်ဝေးတဲ့အထိ ရောက်သွားပါတယ်။ ဒီနေ့တော့ အလုပ်မရှိ အလုပ်ရှာ ကျနော်စဉ်ကြည့်တယ်၊ ကဗျာဆရာတွေ စာရေးဆရာတွေ အဆိုတော် ဂစ်တာသမား စက်မှုလက်မှု နည်းပညာရှင် စီးပွားရေးသမား စွန့်ဦးတီထွင် ချရေးလို့တောင် ဆုံးမှာ မဟုတ်ဘူး။ ‘လင်းလက်နွေဦး’ဆိုတာ ဟိုနောက်မှာ မှုန်မှုန်လေး။ ခင်ဗျားတို့ အနုကြည့် မှန် ပြောင်းနဲ့ ကြည့်ယူရမယ်။ ဒီမယ် မိုက်ခရိုစကုတ်မှာ မှန်ဘီလူး သုံးမျိုးပါတယ်ဗျ... အဲလေ.. ဒါလဲ ဓာတ်ခွဲခန်းထဲက Lab boy က ပြောပြထားတာပါ။

လင်းလက်နွေဦး
၁၀.၁.၂၀၂၃ နေ့လည် ၁နာရီတိတိ။
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar