လတ်တလော စစ်ကောင်စီရဲ့ ထိုးစစ်တွေနဲ့ ရွေးကောက်ပွဲ ဆက်စပ်နေသလား
မြန်မာနွေဦးခရိုနီကယ် - ဇူလိုင် ၄ မြင်ကွင်း
(မိုးမခ) ဇူလိုင် ၅ ၊ ၂၀၂၅
လတ်တလော စစ်ကောင်စီရဲ့ ထိုးစစ်တွေနဲ့ ရွေးကောက်ပွဲ ဆက်စပ်နေသလား
၂၀၂၃ ခုနှစ် အောက်တိုဘာလ မှာ စတင်တဲ့ ၁၀၂၇ စစ်ဆင်ရေးရဲ့ အရှိန်အဟုန် တနည်းစစ်ရေးအရ နယ်မြေ သိမ်းယူနိုင်မှု၊ ရန်သူ စစ်ကောင်စီတပ်က ဗိုလ်မှူးချုပ်အဆင့်တွေအထိ လက်နက်ချတာ သို့မဟုတ် တိုက်ပွဲမှာ ဖမ်းဆီးရမိနိုင်ခဲ့တဲ့အထိ အောင်မြင်မှုတွေ ၂၀၂၃ ခုနှစ် နှောင်းပိုင်းတွေကစလို့ ၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်းအထိ တလျှောက်လုံး တွေ့မြင်ခဲ့ကြရပါတယ်။
သို့ပေမယ့် ၂၀၂၄ ခုနှစ်နှောင်းပိုင်းနဲ့ ၂၀၂၅ ခုနှစ်အစပိုင်းတွေမှာတော့ တော်လှန်ရေးလက်နက်ကိုင် အင်အားစုတွေရဲ့ ထိုးစစ်တွေ အောင်ပွဲတွေက တရုတ်နိုင်ငံရဲ့ ဖိအားပေးမှုအတူ စစ်ကောင်စီ အနေနဲ့ တိုက်ပွဲနယ်မြေ ထိန်းချုပ်နယ်မြေ ကျဥ်းလာတဲ့အနေအထားမှာ အင်အားပြန်လည်စုစည်းနိုင်လာတဲ့ အခြေအနေနဲ့ စစ်မှုမထမ်းမနေရ ဥပဒေ အသက်သွင်းပြီး စုဆောင်းရရှိလာတဲ့ စစ်သားအင်အားနဲ့အတူ နည်းဗျူဟာ အပြောင်းအလဲ၊ ဒရုန်းတွေ များများစားစား အသုံးပြုလာနိုင်ခြင်းနဲ့ လေကြောင်း အကူအညီကို ယခင်ထက်ပိုပြီး အသုံးချလာခြင်းတွေကြောင့် စစ်ကောင်စီ အနေနဲ့ ချိန်ခွင်လျှာ တဖက်စောင်းနင်းအနေအထားကို ပြောင်းလဲအောင် ကြိုးပမ်းလာနိုင်တဲ့ လက္ခဏာတွေတွေ့မြင်လာနေရပြီ ဖြစ်ပါတယ်။
တိုက်ခိုက်ခြင်း မပြုရဘဲ လားရှိုးမြို့ကို ဧပြီလမှာ ပြန်လည်ရရှိခဲ့တယ်၊ လားရှိုးမြို့မှာ စစ်အင်အားစုဆောင်းနေပြီး မန္တလေး-မူဆယ် ပြည်ထောင်စုလမ်း တလျှောက်မှာရှိတဲ့ အချက်အချာကျတဲ့ မြို့တွေအနက်က လအတန်ကြာအောင် ခံစစ်အနေအထားနဲ့ ခုခံနေရတဲ့ နောင်ချို တောင်ခမ်းဒေသက တိုက်ပွဲတွေမှာ အခုဆို စစ်ကောင်စီတပ်တွေ နောင်ချိုမြို့အနီးကို ထိုးစစ်အနေအထားနဲ့ လက်ရှိအချိန်မှာရောက်ရှိလာနေပြီ ဖြစ်ပါတယ်။ ကျောက်မဲမြို့ကို မခြိမ်းခြောက်နိုင်သေးပေမယ့် နောင်ချိုမြို့ လက်လွှတ်ခဲ့ရရင် နောက်စစ်မျက်နှာက ကျောက်မဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ TNLA သိမ်းယူထားတဲ့ သီပေါမြို့လည်း အခြားသောမြို့တွေကို ထိုးစစ်ဆင်ပြီးနောက်မှာ ပြန်လည်သိမ်းယူဖို့ ရည်ရွယ်ထားတဲ့ မြို့ဖြစ်လာနိုင်ပါတယ်။ တဖန် MNDAA သိမ်းယူထားတဲ့ သိန္နီမြို့၊ ကိုးကန့်အဖွဲ့နဲ့ စစ်ကောင်စီအကြားမှာတော့ တိုက်ပွဲဖြစ်ပွားဖို့ထက် တရုတ်နိုင်ငံရဲ့ ဖိအားနဲ့ အပေးအယူ ညှိနှိုင်းမှုတွေအရ ပြန်လွှဲပေးမလားဆိုတဲ့ မှန်းဆချက်တွေ ရှိနေတာ ဖြစ်ပါတယ်။
ရှမ်းမြောက်နဲ့ ထိစပ်နေတဲ့ ကချင်ပြည်နယ် အရှေ့တောင်ဘက်ပိုင်းမှာတော့ ဗန်းမော်မြို့သိမ်းတိုက်ပွဲက ၆ လကျော်လာချိန်မှာ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ) ၂၁ အနေနဲ့ မကျအောင် ထိန်းထားနိုင်ဆဲ အခြေအနေရောက်လာပြီး KIA အနေနဲ့လည်း ဆက်လက်ကြိုးစားနေဆဲ ထိခိုက်သေဆုံးမှုတွေက ၂ ဖက်လုံး အများအပြားရှိနေလိမ့်မယ်ဆိုတာ မှန်းဆလို့ရတဲ့ အနေအထားဖြစ်ပါတယ်။
နောက်ကချင်ပြည်နယ် ဒေသတခုဖြစ်တဲ့ ဖားကန့်မှာ စစ်ကောင်စီက အင်အား ၇၀၀ ကနေ ၁၀၀၀ လောက် ရှိတဲ့ တပ်တွေနဲ့ ပြန်ထိုးဖောက် ဝင်ရောက်လာခဲ့ပြီး ဖားကန့်ထဲမှာ ပြန်လည် လှုပ်ရှားနိုင်တဲ့ အခြေအနေကို ရောက်လာခဲ့ပါတယ်။ ကေအိုင်အေ ထိန်းချုပ်ထားတဲ့ မြစ်ကြီးနားမြောက်ဘက် ချီဖွေလို ဒေသမှာ အချို့သော စခန်းငယ်တွေကို စစ်ကောင်စီတပ်တွေက နယ်မြေပြည်သူ့စစ်တွေ အကူအညီနဲ့ ပြန်လည်သိမ်းယူခဲ့တယ် ဆိုတဲ့ သတင်းတွေလည်း ပေါ်ထွက်လာပါတယ်။ KIA အနေနဲ့ ကချင်ပြည်နယ်မှာ စစ်ကောင်စီတပ်တွေကို ထိုးစစ်ဆင် ဖိထားနိုင်တဲ့ အင်အားက အမြင့်ဆုံးရောက်ခဲ့ပြီလား၊ ဒိထက်ပိုပြီး အင်နဲ့ အားနဲ့ တိုက်ခိုက်ဖို့ အကန့်အသတ်တွေ ရင်ဆိုင်နေရပြီလားဆိုတဲ့ မေးခွန်းတွေ ပေါ်ထွက်လာစေတဲ့ အနေအထားလည်း ဖြစ်ပါတယ်။
လအတန်ကြာ အင်အားထပ်ဖြည့်တာ ထိုးစစ်ဆင်တာတွေ မရှိခဲ့တဲ့ ချင်းပြည်နယ်မှာတော့ ပြီးခဲ့တဲ့ သီတင်းပတ်တွေကစလို့ စစ်ကောင်စီ စစ်ကြောင်းတွေ ချင်းပြည်နယ် မြောက်ပိုင်းနဲ့ အလယ်ပိုင်းကို တက်ဖို့ ချင်းပြည်နယ် ဝင်ပေါက် ကလေးမြို့က တဆင့်တောင်ပေါ်တက်ဖို့ ကြိုးစားနေတာတွေ့ရပါတယ်။ လောလောဆယ် အနေအထားအထိတော့ ချင်းလက်နက်ကိုင်တပ်တွေက လမ်းမှာတားဆီးထားနိုင်ဖို့ ကြိုးစားကာကွယ်နေကြတဲ့ အနေအထားဖြစ်ပါတယ်။
ရခိုင်စစ်မြေပြင်မှာတော့ စစ်တွေ၊ ကျောက်ဖြူ မာန်အောင်တို့ အနက် ကျောက်ဖြူမြို့နယ်မှာ ပြင်းထန်တဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး တရုတ်နိုင်ငံ အကျိုးစီးပွားကိုလည်း ကာကွယ်ရင်း ရေတပ်စခန်း၊ မြေပြင်စခန်းတွေကို အပြင်းအထန် ကာကွယ်နေတာတွေ့ရပါတယ်။ ရခိုင်ပြည်နယ် အစပ် ပဲခူးတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်းတွေမှာတော့ တိုက်ပွဲဖြစ်နေဆဲ ဖြစ်ပေမယ့် AA လက်နက်ကိုင် အဖွဲ့အနေနဲ့ ကြားခံဇုန် အဖြစ်တိုက်ခိုက်နေတဲ့ ရည်ရွယ်ချက်မျိုးဖြစ်နိုင်ပြီး ဒိထက်ပိုဝေးတဲ့ နယ်မြေတွေအထိ ဆက်လက်သိမ်းပိုက်ဖို့ ရည်ရွယ်ချက် ရှိချင်မှ ရှိမယ့်သဘောဖြစ်ပါတယ်။
ကရင်နီ (ကယား) ပြည်မှာတော့ တော်လှန်ရေးအင်အားစုတွေ အနေနဲ့ ခုရက်ပိုင်းအတွင်း မိုးဗြဲကို လက်လွှတ်လိုက်ရပြီး တဖက်မှာ ဖားဆောင်းက စစ်ကောင်စီ တပ်ရင်းတရင်းကို သိမ်းယူနိုင်ခဲ့ပါတယ်။ ၁၀၂၇ အစပိုင်းမှာ လွိုင်ကော်မြို့ရဲ့ ရပ်ကွက်အတော်များများကို သိမ်းယူထိန်းချုပ်နိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ ပြန်လည် ဆုတ်ခွာပေးခဲ့ရပြီး စစ်ကောင်စီက လွိုင်ကော်ကို ပြန်လည်ထိန်းချုပ်ခဲ့ပြီး ဖြစ်ပါတယ်။
ကရင်ပြည်နယ်မှာတော့ KNU/KNLA က ထိုင်း-မြန်မာ နယ်စပ် နဲ့ နီးတဲ့ သီးခြားဖြစ်နေတဲ့ စခန်းတွေထဲက အများအပြား သိမ်းယူခဲ့တာတွေ့ရပေမယ့် ယမန်နှစ် နှစ်ဆန်းပိုင်းက သိမ်းယူဖို့ ကြိုးစားခဲ့တဲ့ မြဝတီက စစ်ကောင်စီ ထိန်းချုပ်မှုအောက် ပြန်ရောက်သွားတဲ့ အနေအထားပါ။ စစ်ကောင်စီ တပ်တွေက မြဝတီ-ကော့ကရိတ် အာရှလမ်းကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတာ ထင်ထင်ရှားရှားတွေ့ရပေမယ့် ခုချိန်ထိ မအောင်မြင်သေးပါဘူး။
တနင်္သာရီတိုင်းမှာ တော်လှန်ရေးအင်အားစုတွေ အနေနဲ့ မြို့သိမ်းတိုက်ပွဲတွေ ထူးထူးခြားခြား မရှိပေမယ့် KNU/KNLA ကတော့ ထီးခီးလို နယ်စပ်ကုန်သွယ်ရေးစခန်းက စစ်ကောင်စီ တပ်စခန်းကို သိမ်းယူခဲ့တာ တွေ့ရပါတယ်။
မြန်မာနိုင်ငံ အလယ်ပိုင်း စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့ ပဲခူးတိုင်းတွေမှာတော့ လှုပ်ရှားနေတဲ့ ဒေသအချို့တွေ့ရပေမယ့် မြို့သိမ်းတိုက်ပွဲ အသစ်လိုမျိုး ခုလပိုင်းတွေမှာ မတွေ့ရပါဘူး။ ကန့်ဒေါင့် ရဲစခန်းလို စခန်းသိမ်းယူတာတော့ တွေ့ရပါတယ်။ ၂၀၂၂/၂၀၂၃ ခုနှစ်တွေတုန်းက လှုပ်လှုပ်ရှားရှားဖြစ်ခဲ့တဲ့ မြိုင်၊ မြောင်၊ ပခုက္ကူတို့လို ဒေသတွေမှာ ပိုနေမြဲကျားနေမြဲ အနေအထားမျိုး လို့ဆိုနိုင်ပါလိမ့်မယ်။ လတ်တလော တိုက်ပွဲတွေ ဖြစ်ပွားလေ့ရှိတဲ့ ဒေသကတော့ မြင်းခြံ၊ ပုလဲ၊ ယင်းမာပင်၊ မတ္တရာတို့လို ဒေသတွေဖြစ်ပါတယ်။
တနိုင်ငံလုံးအနေအထားနဲ့ ခြုံကြည့်ရင် စစ်ကောင်စီ အနေနဲ့ ၂၀၂၅ ခုနှစ်အတွင်း နယ်မြေအရ ထပ်ပြီး လက်လွှတ်ဆုံးရှုံးတာ ကြီးကြီးမားမားမတွေ့ရတဲ့ သဘောပါ။ ဒီအခြေအနေမှာ မြို့အချို့၊ စခန်းအချို့ကို ပြန်လည်သိမ်းယူနိုင်ခြင်းက အာဏာသိမ်းစစ်တပ်ကို စိတ်ဓါတ်အားဖြင့် အတိုင်းအတာတခုထိ တက်ကြွစေနိုင်ပါတယ်။
ရွေးကောက်ပွဲမတိုင်ခင် နယ်မြေတွေ များများသိမ်းပြီး ရွေးကောက်ပွဲကျင်းပနိုင်တဲ့ မြို့အရေအတွက် နဲ့ နယ်မြေ အကျယ်အဝန်းကို သိသိသာသာ တိုးမြှင့်စေဖို့ ရည်ရွယ်တာလားလို့ အချို့ကလည်း ယူဆကြပါတယ်။ စစ်ကောင်စီ အနေနဲ့တော့ ရွေးကောက်ပွဲ အတွက်သပ်သပ် စစ်ဆင်ရေးတွေ လုပ်နေတဲ့ သဘောထက်ကို ၄င်းတို့ စစ်တပ်ရဲ့ အာဏာနဲ့ သေရေးရှင်ရေး အဆုံးအဖြတ် ဖြစ်မယ့် အခြေအနေမျိုးကနေ လွတ်မြောက်အောင် ကြိုးစားနေရတဲ့ သဘောလို့သာ ကောက်ချက်ချချင်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar