ငြိမ်းစု - ရှင်သန်ခြင်း၏ အခြားတဖက်သို့ ခေတ္တခဏ
ရှင်သန်ခြင်း၏ အခြားတဖက်သို့ ခေတ္တခဏ
ငြိမ်းစု
(မိုးမခ) ဇန်နဝါရီ ၂၈၊ ၂၀၂၃
ကျနော့် နားထဲ ကျွီ ဟူသော အသံကြီးတခု ပြင်းထန်စွာ ဖြတ်သန်းသွားတယ်။
ကျနော် နားတွေ ထိုင်းသွားပြီ။
တချိန်တည်းမှာ အပြာရောင် အလင်းတန်းတခုဟာ ကျနော့်မျက်လုံးတွေထဲ လင်းလက်သွားတယ်။
ကျနော် မျက်လုံးတွေ ကန်းကုန်ပြီ။
အဲ့ဒီနောက် ကျနော်ဟာ လောကရဲ့အခြားတဖက်ကို ရောက်သွားတယ်။
အမှောင်လွင်ပြင်ကြီးထဲကိုပေါ့။
အဆုံးအစ မရှိတဲ့ အမှောင်လွင်ပြင်ကြီးထဲ ကျနော်လွင့်မျောရင်း ရေ၊ မြေ၊ လေ၊ တောတောင် သဘာဝကင်းစင်ပြီး ဘာဆိုဘာမှမရှိတဲ့ အမှောင်လွင် ပြင်ကြီးကို မြင်နေကြားနေရတဲ့ စိတ်အာရုံနဲ့ငေးမော ရှာဖွေကြည့်နေမိတယ်။
ကျနော်ရဲ့စိတ်အာရုံဟာ အမှောင်လွင်ပြင်ထဲမှာလွင့်မျောနေတဲ့ ကျနော့်ရဲ့ခန္ဒာကိုယ်ကိုမြင်နေရသလို နှလုံးသားကိုလည်းမြင်နေရတယ်။ ကျနော့်ရဲ့နှလုံးသားဟာ မယုံကြည်နိုင်လောက်အောင် ကြည်လင်ရှင်းသန့်နေတယ်။ နှလုံးသားထဲမှာ လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာန၊ အစွဲအလန်း၊ ဝမ်း နည်း၊ ဝမ်းသာ
အိုဗျာ .... ဘာဆိုဘာမှ မရှိ၊ ပကတိ တည်ညိမ်အေးချမ်းနေတယ်။
နိဗ္ဗာန်ဆိုတာ ဒါများလား။
ဒီလို ချမ်းမြေ့ အေးမြလွန်းတဲ့အရသာကို စက္ကန့်ပိုင်းမျှသာ ခံစားလိုက်ရတယ်။
ကျနော့်ရဲ့စိတ်အာရုံဟာ ကျနော့်ရဲ့ခေါင်းအပေါ်ဖက်ဆီကို ရောက်သွားတယ်။
မုတ်ဆိတ်နဲ့ ဆံပင်တွေ ဖွေးဖွေးဖြူနေပြီး ဝက်ရုံဖြူကိုဝတ်ထားတဲ့ အဘိုးအိုက ကျနော့်ကိုငုံ့ကြည်ရင်း စကားတခွန်းပြောလိုက်တယ်။
သူ့ရဲ့စကားသံကို ကျနော့်နှလုံးသားက ကြည်လင်စွာ ကြားလိုက်ရတယ်။
"မင်း ... မသေဘူး" တဲ့
ကျနော့်နားထဲ အသံတွေ အလုအယက်ပြေးဝင်လာတယ်။
အိပ်တန်းတက်ငှက်တွေရဲ့အလန့်တကြား ပျံသန်းအော်ဟစ်သံတွေ
တောတောင်တွေထဲ ဖြတ်သန်းတိုက်ခတ်လာတဲ့ လေတိုးသံတွေ ...
အသံတွေ ...
နားမဆန့်အောင် ဆူညံနေတယ်။
မျက်စိကိုဖွင့်ကြည့်လိုက်တော့ ဘာမှမမြင်ရ။
ကျနော့် ခန္ဒာကိုယ်ဟာ မြေပြင်ပေါ်မှာ တကိုယ်လုံး သွေးများနဲ့ စေးထန်းနေတယ်။
ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်း လှုပ်ကြည့်လိုက်မိတယ်။
ဟာ ... ကျနော့်လက်တွေ မရှိတော့ဘူး။
ကျနော့်နှလုံးသားထဲက ကြည်လင်ခြင်း အေးမြခြင်းတို့ အလုံးစုံပျက်သုဉ်းသွားပြီ။
သောကတွေ ဖိစီးမှုတွေနဲ့ ပြည့်ကြပ်လာတယ်။
ငရဲဆိုတာ ဒါများလား။
ကျနော့်လက်ထဲက မိုင်း ကွဲသွားခဲ့တာ
အတူပါလာတဲ့ရဲဘော်ကို ကျနော်ထိထားကြောင်း အော်ဟစ် အသိပေးလိုက်တယ်။
မလှုပ်ပဲ ငြိမ်ငြိမ်နေဖို့နဲ့ သူလည်းထိထားကြောင်း အကြောင်းပြန်လာတယ်။
ကျနော့်မျက်လုံးတွေ မမြင်ရတော့ကြောင်း ပြောတော့ ဖွင့်မကြည့်နဲ့ မှိတ်ထား
တောင်ပေါ်က ရဲဘော်တွေလာနေပြီလို့ ပြောတဲ့ သူ့ရဲ့အသံကို ကြားလိုက်ရတယ်။
ကျနော့်ရဲ့ နားထဲမှာ
တောအုပ်ထဲ တိုးဝှေ့ တိုက်ခတ်လာတဲ့ လေတိုးသံတွေ
သစ်ပင်ချင်း ပွတ်တိုက်သံတွေ
တောင်ပေါ်က လှိမ့်ဆင်းလာတဲ့ ခြေသံတွေ
သစ်ရွက်ခြောက်တွေရဲ့ တချွတ်ချွတ်မြည်သံတွေ
အသံတွေ
အသံတွေ ...
ဆူညံ ပွတ်လော။
11:09 PM
Thursday, January 26, 20
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar