လှကျော်ဇော - တရုတ်ပြည်ရဲ့ ခရီးရှည်ချီတက်ပွဲသစ် (၉)
ခရီးရှည် ချီတက်ပွဲသစ်(၉)
တရုတ်ပြည်ရဲ့ ခရီးရှည်ချီတက်ပွဲသစ် (၉)
လှကျော်ဇော
(မိုးမခ) ဇန်နဝါရီ ၂၈၊ ၂၀၂၃
ပါတီရဲ့လုပ်ဟန်ပြုပြင်ရေး (သို့မဟုတ်) စည်းကမ်းကြီး(၈)ချက်။
တရုတ်ကွန်မြူနစ်ပါတီရဲ့(၂၀)ကြိမ်မြောက် ကွန်ဂရက်(၂၀၂၂ အောက် တိုဘာ) မှာ တင်သွင်းတဲ့ ရှီကျင်ပင်ရဲ့နိုင်ငံရေးအစီရင်ခံစာမှာ အဂတိ လိုက် စားမှုတိုက်ဖျက်မှုများနဲ့ ပတ်သက်ပြီးအသေးစိတ်ပြောသွားတာတွေ့ရပါတယ်။ သူပြောတာတွေကတော့ ....
.... အဂတိလိုက်စားမှုဆိုတာပါတီအတွက်တော့ မိမိတို့ရဲ့အစွမ်းအစ လုပ် ဆောင်နိုင်စွမ်းကို ထိခိုက်လှိုက်စားမယ့် ကင်ဆာရောဂါပဲ။ အဂတိလိုက်စားနိုင်တဲ့ အကြောင်းအချက်တွေနဲ့ရေခံမြေခံတွေရှိနေသရွေ့၊ ကျွန်တော်တို့ရဲ့အဂတိလိုက်စားမှုတိုက် ဖျက်ရေး စစ်ပွဲခရာသံကို မရပ်မနားမှုတ်နေရမှာပါ။ .....
..... ကျွန်တော်တို့ရဲ့အရာရှိအရာခံအမှုထမ်းတွေ အကျင့်ပျက်ခြစားနိုင်မှု မရှိအောင် ဘက်စုံကပြည့်စုံတဲ့၊ ဟန်ချက်ညီတဲ့ခြေလှမ်းများကို တပြိုင်နက် အဆက်မပြတ် လုပ်ဆောင်ကြရမှာပါ။ အကျင့်ပျက်ခြစားမှုများကို လုံးဝလက်မခံကြောင်းနဲ့အမှားလုပ်ရပ်တိုင်းအတွက် ပြစ်ဒဏ်ခံရမှာဖြစ် ကြောင်းပြသရမယ်။ အမှုအသစ်တွေထပ်မပေါ်ပေါက်ရေးအတွက်ရော၊ ရှိပြီးသားအမှုတွေ အမြစ်ပြတ်ရေးအတွက်ရော၊ ကျွန်တော်တို့ပြင်းပြင်း ထန်ထန်အရေးယူဆောင်ရွက်ရမယ်။ ...
..... ဒီလိုဆောင်ရွက်ရာမှာ ကျွန်တော်တို့ဟာ ကျားပဲဖြစ်ဖြစ် (အဆင့်မြင့်အရာရှိများကိုဆိုလို)ခြင်ပဲဖြစ်ဖြစ် (အဆင့်နိမ့်အရာရှိ)၊ မြေခွေးပဲဖြစ်ဖြစ်(နိုင်ငံခြားထွက်ပြေးသူများ)၊ အကျင့်ပျက်ခြစားသူမှန်သမျှကို ဘယ်သူမှမကျန်အောင်၊ ပုန်းစရာနေရာ ကိုမရှိအောင် နည်းလမ်းပေါင်းစုံ့နဲ့ ရအောင်ဖမ်းဆီး အပြစ်ပေးနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ သမိုင်းမှာ မကြုံဖူးတဲ့ အောင်ပွဲတွေရခဲ့ပါတယ်။ ဒါတွေအားလုံးကြောင့် ပါတီတွင်း၊ တိုင်းပြည်တွင်း၊ စစ်တပ်တွင်း ငုပ်လျှိုးနေတဲ့ အန္တာရာယ်ကို ဖယ်ရှားလိုက်နိုင်ပြီး၊ ပါတီနဲ့ပြည်သူက ကျွန်တော်တို့ကိုပေးအပ်ထားတဲ့ ပြည်သူ့လူထုအကျိုးဆောင်ရေး ဆိုတဲ့ အာဏာကို ထိန်းသိမ်းလိုက်နိုင်ပါတယ်။ ....
.... ကျွန်တော်တို့ရဲ့နိုင်ငံရေးစနစ် သန့်စင်မှုနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အနှောင့်အယှက်ဖြစ်စေတဲ့ အရာရှိများနဲ့ စီးပွားရေးသမားများအကြား ပူးပေါင်းကြံစည် လုပ်ဆောင်မှု ဟူသမျှကို ဖော်ထုတ်တိုက်ဖျက်ပစ်ရမယ်။ .... တဲ့။
ဒါ့အပြင် အဲဒီကာလများအတွင်းကရရှိချက်တခုကို ဒီလို နိဂုံးချုပ် သုံးသပ် ပြောဆိုသွားပါသေးတယ်။
--- အပြင်းအထန်ကြိုးပန်းဆောင်ရွက်ပြီးနောက် ပါတီအနေနဲ့ သမိုင်းသံသရာလည်မှုများဖြစ်တဲ့ အနိမ့်အမြင့်-အတက်အကျ ဖြစ်စဉ်များကနေ လွတ်မြောက်နိုင်မယ့်လမ်းကိုတွေ့ရှိခဲ့ပါတယ်။ ဒါတွေကတော့-ကိုယ့်ကိုယ်ကိုယ်ပြုပြင်ရေး(self-reform) နဲ့ ကိုယ်ကိုကိုယ်စီမံအုပ်ချုပ်ရေး (self-governance)ပါပဲ။ .... တဲ့။
တကယ်တော့ တရုတ်အစိုးရအနေနဲ့ရော၊ ကွန်မြူနစ်ပါတီအနေနဲ့ရော၊ လာဘ်ယူလာဘ်စားတိုက်ဖျက်ရေးဆိုတာကို တရံမလပ်လုပ်ခဲ့တာပါ။ တော်လှန်ရေး မအောင်ခင် (၁၉၄၉) ယင်အန်းမှာရှိစဉ်ကတည်းကပါ။ အဆက်မပြတ်ပါဘူး။ ဒါပေမဲ့ ၁၉၇၈ ပြုပြင်ပြောင်းလဲရေးနဲ့တံခါးဖွင့်ပေါ်လစီစတင်လိုက်တဲ့အခါ စီးပွားရေးအမြန်ဖွံ့ဖြိုးတိုးတက်ရေးအတွက်နိုင်ငံခြား အရင်းအနှီးအများအပြားဝင်လာရေး (ဒါမှ အလုပ်အကိုင် အခွင့်အလမ်းတွေများမှာ)ကို ဦးစားပေးရတော့ အစိုးရအနေနဲ့ ဥပဒေများကို တင်းတင်း ကြပ်ကြပ်မကိုင်နိုင်ဘဲ၊လိုက်လျောရတာတွေ ရှိလာပါတယ်။ ပါတီထဲကတချို့အရာရှိကြီးများကလည်း (ဥက္ကဋ္ဌမော်-သုံးဖူးတဲ့စကား) သကြားလုံးကျည်ဆန်ဒဏ်ကိုမခံနိုင်ဘဲ ပျက်စီးကုန်ပါတယ်။ ပျက်စီးမှုဟာ စီးပွားရေးနယ်ပယ်မှာသာမက နိုင်ငံရေးနယ်ပယ်အထိပါ ကျယ်ပြန့်လာပါတယ်။
(တကယ်တော့ နိုင်ငံတိုင်း စီးပွားရေးတိုးတက်မှုအတွက် စက်မှုလုပ်ငန်းများ ထူထောင်မှုဖြစ်စဉ်အတွင်း အဂတိလိုက်စားမှုများ အများအပြားပေါ်ပေါက်လာတာ ဓမ္မတာပါ။ အဲဒီနီုင်ငံအနေနဲ့ စီးပွားတိုးတက်လာတာနဲ့အတူ ပြည်သူလူထုအကျိုးကို ဘယ်လောက်လုပ်ဆောင်ပေးနိုင်မလဲဆိုတာ ဒီအဂတိလိုက်စားမှုတွေကို ဘယ်လောက်ပ ပျောက်အောင် ကိုင် တွယ်နိုင်မလဲဆိုတာအပေါ်မူတည်ပါတယ်။
၂၀၀၀ ခုနှစ်နောက်ပိုင်းမှာ ဒီအန္တရာယ်ကို ပါတီရော၊အစိုးရရော၊ ပြည်သူ တွေရောမြင်လာနေပါပြီ။ တိုင်းပြည်စီးပွားရေးအရလည်းအတော်စုမိဆောင်းမိ(နိုင်ငံခြားအရံငွေဒေါ်လာ(၃)ထရီလျံကျော်-ကမ္ဘာမှာအများဆုံး) ဖြစ်လာပြီဖြစ်လို့ (စီးပွားရေးပုံစံလဲ ပြောင်းလို့ရပြီဖြစ်လို့- နိုင်ငံခြားအရင်းအနှီးအပေါ်သိပ်အားကိုးစရာမလိုတော့။)ဒီအဂတိလိုက်စားမှုတွေကို တိုက် ဖျက်ဖို့ တောင်းဆိုသံတွေပေါ်ထွက်လာပါပြီ။
၂၀၁၂ (၁၈) ကြိမ်မြောက်ပါတီကွန်ဂရက်မှာ ရှီကျင်ပင် ပါတီအထွေထွေအတွင်းရေးမှုးအဖြစ်တာဝန်ယူပြီးနောက် ပထမဆုံးကျင်းပတဲ့ နိုင်ငံရေးဦးဆောင်အစည်းအဝေး(၄-၁၂-၂၀၁၂)မှာ ပါတီနဲ့အစိုးရလုပ်ဟန်ပြုပြင်ရေးအတွက် အချက်(၈) ချက်ပါဆုံး ဖြတ်ချက်ကိုချမှတ်လိုက်ပါတယ်။ ဒီလုပ်ဟန်ကို ဗဟိုက (အဆင့်အမြင့် ဆုံး ခေါင်းဆောင်များ) စလုပ်ရမယ် လို့လည်းတောင်းဆိုထားပါတယ်။
အဲဒီစည်းကမ်းကြီး(၈) ချက်ကတော့ ....
၁။ အောက်ခြေအဆင့် အခြေအနေများကိုလေ့လာရာမှာ အခိုင်အမာ မှန်မှန် ကန်ကန်နားလည်နိုင်ရေးအတွက် ပိုမိုကောင်းမွန်တဲ့ သုတေသနလုပ်ငန်းများကို လုပ်ကိုင်ရမှာဖြစ်ပြီး စနစ်တကျ ခွဲခြမ်း စိတ်ဖြာရမယ်။
၂။ အစည်းအဝေးအကြိမ်ရေများလျှော့ချပြီး အစည်းအဝေးလုပ်ဟန်များကို တိုးတက်စေရမယ်
၃။ စာစောင်စာတမ်းများ၊ ထုတ်ပြန်ချက်များပြင်ဆင်ရာမှာ ပိုမိုတိကျပြီး ရေးသား နည်းများကို လည်းတိုးတက်စေရမယ်။
၄။ နိုင်ငံခြားလုပ်ငန်းခရီးစဉ်များကို စနစ်တကျ သတ်မှတ်လုပ်ဆောင်ရမယ်။
၅။ လုံခြုံရေးဆိုင်ရာလုပ်ငန်းများကို ပိုမိုကောင်းမွန်အောင်လုပ်ဆောင်ရမှာဖြစ်ပြီး ပြည်သူလူထုနဲ့ ဆက်ဆန်ရာမှာ ပိုမိုကောင်းမွန်တိုးတက်စေရေးအတွက် လိုက်နာရမယ့် စည်းကမ်းများနဲ့မူများကို အဆက်မပြတ်လုပ်ဆောင်ရမယ်။
၆။ သတင်းပို့ချက်များ၊ အစီရင်ခံစာများကိုတိုးတက်စေရမယ်။
၇။ ဆောင်းပါးများရိုက်နှိပ်ဖော်ပြရာမှာလည်း တင်းတင်းကြပ်ကြပ်စည်းကမ်းများကိုလိုက်နာရမယ်။
၈။ ခြိုးခြံချွေတာရမယ်။ အစိုးရတွင်းအဂတိမလိုက်စားနိုင်ရေးအတွက် ချမှတ်ထားတဲ့ စည်းကမ်းများကို တင်းကြပ်စွာလိုက်နာရမယ်။ ...
ဒါတွေဟာခေါင်းစဉ်တွေသာဖြစ်ပြီး တချက်ချင်းအတွက်ရှင်းလင်းချက်တွေလဲ ပါရှိပါတယ်။ အသေးစိတ်ပါတာပါ။ (ဥပမာအစိုးရပိုင်အိမ်များ၊ ကားများသုံးစွဲခွင့်။
ထမင်းစားပွဲ၊သောက်ပွဲကြီးတွေကျင်းပတာ။ စတဲ့အရာရှိကြီးများရှောင်ရန်၊ ဆောင်ရန်အချက်များ။) ဒါ့အပြင် ဒီအချက်တွေဟာ အဆင့်အမြင့်ဆုံးတောင်းဆိုချက်များမဟုတ်သလို အဆုံးသတ်တောင်းဆိုချက်များလည်းမဟုတ်ပါဘူး။ လိုအပ်တာတွေကိုထပ်ဖြည့်ရမှာပါ။
ပြီးတော့ ရေရှည် အဆက်မပြတ်လုပ်ရမဲ့အလုပ်တွေပါ။ သာမန် ပါတီဝင်တယောက်လိုက်နာရမယ့် အနိမ့်ဆုံးလိုအပ်ချက်များသာဖြစ်တယ် လို့လဲဆိုထားပါတယ်။
အထူးသဖြင့် အဆင့်အသီးသီးက ခေါင်းဆောင်အရာရှိများဟာ စံပြပုဂွိုလ်များ၊ရှေ့ဆောင်လမ်းပြများအဖြစ်အပြောနဲ့လက်တွေ့ကိုက်ညီစွာနေထိုင်ကျင့်ကြံရမယ်။ ... လို့တောင်းဆိုထားပါတယ်။
ပါတီနဲ့ အစိုးရလုပ်ဟန်တိုးတက်ရေးအတွက်ဒီ(၈)ချက်ပါ ဆုံးဖြတ်ချက် ကိုထုတ်ပြန်ပြီးနောက်တဆက်တည်းမှာပဲ လက်တွေ့လုပ်ငန်းများအတွင်းလုပ်ဆောင်ရမယ့်လုပ်နည်းဆောင်တာများကိုလည်း တသီကြီး ထုတ်ပြန်လိုက်ပါတော့တယ်။
အဓိက ကတော့ ပါတီအရာရှိများအနေနဲ့ လူထုနဲ့ ဆက်ဆံရာမှာ ပိုမို ရင်းနှီးဖို့နဲ့လူထုရဲ့လိုအပ်ချက်များကိုသိရှိဖို့၊ အခွင့်ထူးခံစိတ်ဓာတ်များပပျောက်ဖို့ဖြစ်ပြီး တရုတ်ကွန်မြူနစ်ပါတီအနေနဲ့လဲ လူထုအကျိုးစီးပွားကိုသာဦးတည်လုပ်ဆောင်ရန် ရည်ရွယ်တာပါ။
ဒါတွေဟာစည်းကမ်းသတ်မှတ်ချက်များသာဖြစ်ပြီး အပြည့်အဝ အကောင်အထည်ပေါ်လာဖို့ကတော့ကြီးကြပ်ဖို့နောက်ကလိုက်ရမှာပါ။ တရုတ်ကွန်မြူနစ်ပါတီရဲ့ အမျိုးသားကွန်ဂရက်များကပါတီမှာ အဆင့်မြင့်ဗဟို ကော် မတီကိုရွေးချယ်တင်မြှောက်ပေးသလိုပဲ ဗဟိုကော်မတီနဲ့တန်းတူအခွင့်သြဇာရှိတဲ့ဗဟိုစည်းကမ်းစစ်ဆေးရေးကော်မရှင်ကိုလဲ ရွေးကောက်တင်မြှောက်ပေးထားပါတယ်။ ဒီကော်မတီ အဆင့်ဆင့်က အဆင့်အသီးသီးက ပါတီ ကေဒါများရဲ့လုပ်ဟန်များကိုစောင့်ကြပ်စစ်ဆေးပါတယ်။
ဒီကော်မတီအကြောင်းနောက်တပတ်မှာရေးပါဦးမယ်။
လှကျော်ဇော
၂၅-၁-၂၀၂၃
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar