အောင်ဝေး - အရေးတော်ပုံနွေဦး
အောင်ဝေး - အရေးတော်ပုံနွေဦး
(မိုးမခ) ဇန်နဝါရီ ၃၁၊ ၂၀၂၃
(သြော်) မိုးကုပ်စက်ဝိုင်းမှာလည်း
မုန်တိုင်း မိုးတိမ်တွေက ဆင်နေဆဲပါလား
တောရိုင်း တောင်ရိုင်း မြောင်တံတိုင်းမှာ
မြင်းကို ကဆုန်စိုင်းဖို့တောင်
မှုန်မှုန်မှိုင်းမှိုင်း ငါတို့ရဲ့သမိုင်းကို
ဘယ်ပုံနဲ့နှိုင်းရမယ်လဲ့
(ဟယ်) ဘုံရန်သူကို ဘယ်ဓားနဲ့ ဘယ်ဇုန်မှာ ပိုင်းရမယ်လဲ့
ရိုင်းကပြီ တိုင်းပြည်က တမှိုင်းမှိုင်းတဝေဝေ
တဒိုင်းဒိုင်းမြည်နေတဲ့ ကျည်ဆန်တွေ လူသံတွေကြား
(ကိုင်း) ဒီက ပူပန်ပွားရတယ်
(ပုသိမ်အကျဥ်းထောင်ထဲက)
ငါ့ညီ လူဖန်ခါးရေ။
အကျဥ်းထောင်ထဲမှာလည်း
အလင်းရောင်နည်းမှာပဲ
မင်းတို့ အမှောင်ထဲမှာ အောင်အောင်မြင်မြင်နဲ့
နာနာကျင်ကျင် ကြံ့ကြံ့ခံနေကြပါရစ်
သန့်တဲ့လိပ်ပြာကို မိစ္ဆာကလန့်တဲ့ခေတ်
မင်းတို့ ငါတို့ ဆိုတာ
အချစ်ကိုသာ သေသေသပ်သပ် မဖွဲ့တတ်ကြတာ
ခေတ်ကိုတော့ သေနတ်နဲ့ ဖွဲ့ချင်ကြသပေါ့
မင်းတို့ ထောင်ထဲမှာ "ချစ်ရေစင်"သီချင်းနဲ့ လွမ်းရင်
ငါတို့က စစ်မြေပြင်မှာ"ကျေးစေတမန်"နဲ့ လွမ်းရမပေါ့
လမ်းပေါ်မှာကျတဲ့ သွေးနံ့က
နန်းတော်မှာကျတဲ့ သွေးနံ့နဲ့ မတူဘူးကွ
တို့ကေဇဝင်းရနံ့က
နေရခြင်း သေရခြင်းဘဝမှာ
ဘယ်တော့မှမကြွေဘူးဆိုတဲ့ အဓိပ္ပာယ်ကို
ဝေမျှခြင်း ဖြစ်တယ်
ဘယ်သိပ်လွယ်လွယ်နဲ့ အရှုံးပေးပါ့မလဲ
ငါတို့အားလုံး ကေဇဝင်း
ငါတို့အားလုံး ခက်သီ
ငါတို့ဟာ ရက်ရက်စက်စက် နီတဲ့ခေတ်ကြီးတခုလုံး ဖြစ်ရဲ့
(ဟေ့)ဒီမှာကွ မောင်ကာဠုရဲ့
၂၁ ရာစုမှာ အဖြစ်အသီး(သည်း)ဆုံး ကဗျာအမှုဟာ
တစ်- အာဏာလုတဲ့ အမှုနဲ့
နှစ်- အာဏာအလုခံရတဲ့ အမှု
ဒီနိုင်ငံရေးရာသီဥတုမှာ
ငါတို့ဟာ မတရားအာဏာအလုခံရတဲ့ လူထုပဲ
ပူမှုတွေ ကုဋေကဲစေဦးတော့
မလွဲမသွေ မင်းတို့ ငါတို့ဟာ
ပေဖြစ်ခံရဲရုံသာမက
တူဖြစ်အောင်လည်း လုပ်ရဦးမတဲ့
ရုပ်ဘဝက ပုတ်ချလိုက်တဲ့
ဒုက္ခနဲ့တည့်တည့်လမ်းမှာ
အဖမ်းခံရသူ၊ အဖမ်းမခံရသူ
အလွမ်းခံရသူ၊ အလွမ်းမခံရသူ
တစွမ်းတမံခုခံသူမှန်သမျှ
ကျန်းသန်ကြစေ။
ရဲဘော်တို့-
ငါတို့ခေတ်မှာ ငါတို့နိုင်ငံရေးဆိုတာ
နှစ်မျိုးနှစ်စားပဲ ရှိတယ်
နရသိန်နိုင်ငံရေးနဲ့
လက်နက်ကိုင်နိုင်ငံရေး
နွေဦးတော်လှန်ရေးမှာ ကြိုက်တာကိုရွေး
လူထုအရေးတော်ပုံဆိုတာ
ယုံကြည်လို့ အုံကြွတာ
စုံညီလို့ သူပုန်ထတာ
ဂဠုန်တောင်ပံခတ်သံ
ဝသုန်တော်လည်း လေယာဥ်ပေါ်က ဗုံးကြဲတဲ့အသံ
တချို့က ထောင်တွင်းစံ
တချို့က တောတွင်း
ခင်ဝမ်း သီချင်းလိုပေါ့
မင်းလမ်း ငါ ယုံလို့၊ ငါ့လမ်း မင်း ယုံလို့
ရေစုန်မှာ ဆန်ကာပြန်ခဲ့တာပဲ
မုန်တိုင်းက ထန်ပြင်းနေရင်တော့
ငှက်ဆိုတာ ပျံရင်းသေသလို
မပျံဘဲလည်း သေချင်သေမှာပဲ
သေခြင်းဆိုတာ ဆန်းသလား ရာမ
တို့နွေဦးယန္တရားမှာ
အသက်တွေက ပေါပြီး၊ သေနတ်တွေ ရှားသတဲ့
ခုနေများ၊ အခုနေများ မောင်းပြန် တတပ်လုံးစာရရင်
ဒေါင်းမာန် ဒေါင်းဟန်နဲ့ အပေါင်းရန် အပြတ်မှုန်းပြမယ်
ဇာတ်ဆုံးရင် ဖက်ဆစ်တပ်လုံး ပြုတ်မှာပေါ့
လက်လုပ်လေးတွေ၊ တူမီးလေးတွေ ယူယူပစ်နေတဲ့
ဇူဇူခေတ်မှာ လူဖြစ်လာတဲ့ ဂျန်ဇီလေးတွေက
(ဟော)အခုတော့
စစ်သူကြီးတွေ ဖြစ်နေ
(မချစ်သုဝေကြီးရေ)
ဖက်ဆစ်တစ္ဆေနဲ့ စီးချင်းပွဲ။
(သြော်)လရောင်ကို စစ်ဖိနပ်နဲ့နင်း
ညအမှောင်မှာ စစ်တပ်ရဲ့ အကျဥ်းသားဖြစ်နေရ
စစ်တိုက်တယ်ဆိုတာ
နိုင်ငံရေးကို ကျည်ဆန်ထဲ ထည့်တိုက်တာပဲ
လက်နက်ကိုင်တိုက်ပွဲမှာ အသက်တွေပေးနေရ
ဒါတွေဟာ မုချရာဇဝင်ပါပဲ
ဒါတွေဟာ မုချသမိုင်းပါပဲ
ကောလင်းမှာ ကျသွားတဲ့ နှမဒေါ်စုစုရည်လည်း
သူ့ရာဇဝင်သူ ရေးတာပဲ
မုံရွာအကျဥ်းထောင်ထဲက ညီလေး ကိုဝေမိုးနိုင်လည်း
သူ့သမိုင်းသူ ရေးတာပဲ
မိုင်းကွင်းထဲ၊ ကတုတ်ကျင်းထဲနေနေ
ကြိုးတိုက်အခန်းကျဥ်းကလေးထဲနေနေ
တိုက်ပွဲဆိုတာ
ဘယ်လိုနေရာ၊ ဘယ်လိုအချိန်မှာ
ဘယ်လိုပုံသဏ္ဌာန်နဲ့ပဲ တိုက်တိုက်
ဘုံရန်သူကို တိုက်နေတာဆိုရင်
ငါတို့ဟာ သွေးသောက်၊ ငါတို့ဟာ ညီနောင်
သူများမောင်မှာ၊ စစ်သံကြားလျှင်
နာဖျားဥပါယ်ခိုကြတယ်
နှမထွေး ပျိုတို့မောင်မှာ၊ စစ်သံကြားလျှင်
ရွှေဓားပိုက်ကာ၊ အိုးစားဖက်ကို လိုက်လို့ရှာသတဲ့
ငါတို့ဟာ အိုးစားဖက်တွေပဲ
ငါတို့ဟာ ရဲဘော်ရဲဘက်တွေပဲ
ရဲဘော်အောင်ဆန်းစုကြည်
ရဲဘော်မင်းကိုနိုင်
ရဲဘော်တေဇာဆန်း
ရဲဘော်ဒေါင်း
ရဲဘော်စောဖိုးခွား
ရဲဘော်ရွှန်းစိမ့်စိမ့်
ရဲဘော်ကိုပေါက်
ရဲဘော်မြနှင်း
ရဲဘော်ကျော်သက်လင်း
............................
........................
တစ်ယောက်ချင်း တစ်ယောက်ချင်း
ကောက်သစ်စားပွဲ မရောက်မချင်း
အသက်ချင်းထပ်၊ သေနတ်ချင်းထပ်
ယုံကြည်ချက်ချင်းထပ်၊ အဓိဋ္ဌာန်ချင်းထပ်
ဒဏ်ရာချင်းထပ်၊ မျှော်လင့်ချက်ချင်းထပ်
အနာဂတ်ကို အနာဂတ်နဲ့ထပ်တူပြု
တပ်ဦးမှာ တပ်ပေါင်းစုတော့
လူထုက၊ ပြည်သူက နိုင်နေတဲ့စစ်
ဘယ်ခေတ်မှာဖြစ်ဖြစ်
တရားတဲ့စစ်သာ နိုင်စတမ်းတဲ့
(မြိုင်ရေ)လွမ်းလိုက်တော့ကြမ်းလိုက်တော့
တစ်ခန်းနဲ့ရပ်ရမဲ့နွေဦးအလွမ်းဇာတ်ကို
နောက်တစ်ခန်းထပ်မဆက်ရအောင်
(အိုကွယ်)ဂန်း*တစ်ဖက်နဲ့
ကမ်းလက်ဆင့်နွှဲ
(သြော်)ဖက်ဆစ်ကျဆုံး၊ နှစ်ဆယ့်သုံး
တသံတည်းညီ၊ တချီတည်းရုန်း
တောင်ကုန်းကိုလှမ်းတက်ကြစို့
ကြမ်းခက်တဲ့ ကျောက်သားမှာလည်း
စမ်းတစက်နဲ့
ပန်း ဆက်ပွင့်ဆဲ။ ။
အောင်ဝေး
(၁၊ ၃၀၊ ၂၀၂၃)