Breaking News

ကိုသန်းလွင် ▪ နယူးဇီလန် ဝန်ကြီးချုပ်အပြောင်းအလဲ

ကိုသန်းလွင် ▪ နယူးဇီလန် ဝန်ကြီးချုပ်အပြောင်းအလဲ
(မိုးမခ) ဇန်န၀ါရီ ၃၀၊ ၂၀၂၂


(၁)
နယူးဇီလန်ဝန်ကြီးချုပ် ဂျက်စင်ဒါ အာဒင် (Jacinda Ardern) ကသူသည် ဝန်ကြီးချုပ်ရာထူးမှ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် နှုတ်ထွက်ပြီး ပါလီမန်မှလည်း အငြိမ်းစားယူမည်တော့ဟု ယခုလ ၁၉ ရက်နေ့ကကြေညာသောအခါ ကမ္ဘာတဝှမ်းမှ သူ့ကိုချစ်ခင်သူများအဖို့ အံ့အားသင့်စရာ ဖြစ်ခဲ့ပါသည်။ ၃၇ နှစ်က ဝန်ကြီးချုပ်ဖြစ်ခဲ့ပြီး ယခုအခါ အသက် ၄၂ နှစ်ရှိပြီဖြစ်သော ချစ်ခင်သူများက “စင်ဒီ” ဟု ခေါ်ကြသည့် ဝန်ကြီးချုပ်သည် သူ့တွင် ရာထူးကို ဆက်လက်တာဝန်ထမ်းဆောင်ရန် အင်အားမရှိတော့ပါဟု ဆိုသည်။ သူတို့နိုင်ငံ၏ နိုင်ငံ ရေးကို စေ့စေ့စပ်စပ်ကြည့်လိုက်သောအခါ သူသည် အကောင်းဆုံး ဆုံးဖြတ်ချက်ကိုချခဲ့ပြီး ရှေ့သို့ ဆက်လက်ချီတက်ရမည့်အစား သူ့မကိုယုံကြည်၍ မဲပေးသူများက သူမကို မစွန့်ခmါမှီ သူမက အရင်နှုတ်ထွက်ခြင်းသည် အကောင်းဆုံးဖြစ်မည်ဟု ယူဆခဲ့ခြင်းဖြစ်ပါသည်။

(၂)
၂၀၁၇ ခုနှစ်တွင် နိုင်ငံရေးလောကထဲသို့ရောက်ရှိခဲ့ပြီး သူမ၏ လေဘာပါတီခေါင်းဆောင်အဖြစ်ကို ယူသောအချိန်တွင် နိုင်ငံ၏ ရွေးကောက်ပွဲသို့ ဝင်ရမည့်အချိန်ဖြစ်ပါသည်။ လေဘာသည် အုပ်ချုပ်နေသော လက်ျာဘက်ယိမ်းသည့် အမျိုးသာပါတီနောက်တွင် အမှတ် ၂၀ မျှ နောက်ကျနေခဲ့ပါသည်။ သို့သော် သူမ၏ ငယ်ရွယ်ပျိုမြစ်ခြင်းနှင့်အတူ လေးစားချစ်ခင်ဖွယ်ကောင်းမှုက နိုင်ငံကို လွှမ်းမိုးပြီး ဂျက်စင်ဒါကို ချစ်ခင်သောဝါဒ (Jacindamania) အဖြစ်နှင့် ပါတီကိုရှေ့တန်းရောက်အောင် ပို့ဆောင်နိုင်ခဲ့ပါသည်။ လေဘာပါတီသည် ရွေးကောက်ပွဲတွင် ဒုတိယနေရာ ရရှိခဲ့ပါသည်။ အခြား ဂရင်း Green နှင့် ပေါ်ပြူလာ နယူးဇီလန်ပါတီတို့နှင့် ပူးပေါင်း၍ ညွှန့်ပေါင်းအစိုးရဖွဲ့သောအခါ ဂျက်စင်ဒါမှာ ဝန်ကြီးချုပ်ဖြစ်လာခဲ့ပါသည်။

သူမကို ကမ္ဘာက စတင်သတိပြုမိကြသည်မှာ ၂၀၁၉ ခုနှစ်တွင် အကြမ်းဖက်သူများက ခရိုက်ချပ် (Christchurch) တွင် ဗလီနှစ်ခု၌ လူ ၅၁ ဦးသေအောင် ဝင်ရောက်ပစ်ခတ်ကြတုန်းကဖြစ်ပါသည်။ ထို့နောက် မီးတောင်ပေါက်ကွဲ၍ လူအများဒုက္ခရောက်ကြရပါသည်။ ထိုစဉ်က သူမ၏ကိုယ်ချင်းစာစိတ်မှာ ထင်ထင်ရှား ရှား ပေါ်လွင်ခဲ့ပါသည်။ သူမ၏ပေါ်ပြူလာဖြစ်မှုမှာ တရှိန်ထိုးတိုးတက်ခဲ့ပြီး ၂၀၂၀ တွင် ကိုဗစ်ရောဂါပြန့်ပွားလာသောအခါ သူမ၏တုန့်ပြန်ချက်များကြောင့် သူမ၏ပုံရိပ်သည် ထိပ်ဆုံးသို့ရောက် ရှိခဲ့ပါသည်။ သူမအတွက် တိုင်းပြည်၏ Approval Rating မှာ ၈၀ % ဖြစ်ပါသည်။ ထိုနှစ်ဆောင်းရာသီမှာ နယူးဇီလန်သားတို့ မဲပေးကြသောအခါလေဘာမှာ ပါလီမန်တွင် မဲအများဆုံးရသည့် ပါတီဖြစ်လာပါသည်။ လေဘာ၏အောင်ပွဲမှာ ၁၉၉၀ ခုနှစ်တွင် Mix-Member Propotional Voting Scheme စခဲ့သည်မှ ပထမဆုံးအကြိမ်ဖြစ်ပါသည်။

ထိုသို့ဖြစ်ပြီး မကြာမှီမှာပင် သူမ၏ကံကြမ္မာမှာ ဆိုးရွားလာခဲ့ပါသည်။ ကိုရိုနာဗိုင်းရပ် ပိုးသတ်ဆေးကို နယူးဇီလန်အရောက် အချိန်မှီမပို့နိုင်ခဲ့ပါ။ ထို့ကြောင့် အမေရိကန်နှင့်ဥရောပတွင် လော့ဒေါင်းချမှုများမှ ပြန်လည်ဖွင့်လှစ်ချိန်တွင် နယူးဇီလန်၌ ပြန်လည်မဖွင့်ပေးနိုင်ခဲ့ပါ။ အော့ကလန်ဒေသတွင် နယူးဇီလန်လူထု၏ သုံးပုံတစ်ပုံနေထိုင်ကြပြီး ၎င်းတို့ကို ၃ လကျော်ကြာအောင် လော့ဒေါင်းချခဲ့ရပါသည်။ တကယ်တမ်း ပြန်လည်ဖွင့်ပေးချိန်တွင် အာဒင်၏ Rating မှာ ၅၀ % သို့ ကျဆင်းခဲ့ရပါသည်။

ထို့နောက် နိုင်ငံခေါင်းဆောင်အများအပြားကို ဦးနှောက်ချောက်စေခဲ့သော ငွေကြေးဖောင်းပွမှုကို ကြုံခဲ့ရပါသည်။ ငွေမှာ တဖြည်းဖြည်းနှင့် ဖောင်းပွနှုန်းမြင့်တက်ခဲ့ရာ စက်တင်ဘာလတွင် ၇ % သို့ ရောက်ရှိ ခဲ့ပါသည်။ နယူးဇီလန်တွင် ၃ လတစ်ကြိမ် ငွေကြေးဖောင်းပွမှုနှုန်းကို ထုတ်ပြန်ကြေညာခဲ့ရာ ၂၀၂၂ ခုနှစ်အကုန် နောက်ဆုံးအကြိမ် ဖောင်းပွမှုနှုန်းကို မကြေညာနိုင်သေးပါ။ အစားအသောက်ဈေးနှုန်းများမှာ ၁၁ ဒဿမ ၃ ဖြစ်ပါသည်။ ၎င်းသည် နှစ်ပေါင်း ၃၀ တွင် အမြင့်ဆုံးဖြစ်ပါသည်။

ထို့ပြင် လေဘာပါတီက ကြေညာထားသော ကတိကဝတ်များကိုလည်း မဖြည့်ဆည်းနိုင်ခဲ့ပါ။ ၂၀၁၇ ခုနှစ်ကအိမ်အသစ်များကို ၁၀ နှစ်အတွင်းတွင် ၁၀၀,၀၀၀ ကျော်ဆောက်မည်ဟု နိုင်ငံကို ကတိပြုခဲ့ပါသည်။ ကီဝီဘစ် (Kiwibuild) ဟုအမည်ပေးထားသော စီမံကိန်းမှာဘယ်သောအခါမှအပြည့်အ၀ အကောင်အထည် မ ဖော်နိုင်ခဲ့ပါ။ ထို့ကြောင့် စီမံကိန်းကို ၂၀၁၉ ခုနှစ်တွင်ပယ်ဖျက်ခဲ့ပြီး ၂၀၂၂ မေလတွင် အိမ်အလုံး ၁,၃၀၀ သာပြီးစီးခဲ့ပါသည်။ အသေးစားမီးရထားလမ်း (Light Rail) မှာလည်း အော့ကလန်ခရီးသွားလာမှု ရှုတ်ထွေး ခြင်းကိုပြေလျော့ရန် စီမံကိန်းမှာလည်း နှစ်ပေါင်းများစွာ နောက်ကျနေခဲ့ပါသည်။

ထို့ကြောင့် သူမ ပါတီ၏ ပြည်သူများအကြား ရပ်တည်ချက်မှာ ဆိုးရွားခဲ့ပြီး သူမကိုယ်ပိုင် Rating မှာလည်း ကျဆင်းလာခဲ့ပါသည်။ မဲဆန္ဒကောက်ယူကြည့်ရာတွင် အနုတ်လက္ခဏာဘက်သို့ ရွှေ့လျားခဲ့ရသည်။ သူမ ခေါင်းဆောင်ဖြစ်လာကတည်းက ပထမအကြိမ်ဖြစ်ပါသည်။ ဤသည်တို့မှာ အခြားမဲဆန္ဒ စာရင်းကောက်ယူသူများ တွေ့ရှိချက်များကို အတည်ပြုခဲ့ခြင်းဖြစ်ပါသည်။ အမျိုးသားပါတီ ၏နောက်သို့ လေဘာပါတီ ကျရောက်သွားပါသည်။ ထို့ကြောင့် ပါတီ ၂ ခုနှင့် ညွန့်ပေါင်း ဖြစ်နိုင်ဖွယ်ရှိသောပါတီများ စုပေါင်းလိုက်လျင် အမတ်နေရာ ၆၃ - ၅၅  တွင် ရှိပါသည်။ လေဘာမှာ မဲဆန္ဒစစ်တမ်းများတွင် အဆင့် ၃၃ ရရှိပြီး အမျိုးသားပါတီမှာ ၃၈ ဖြစ်ပါသည်။ 

ထို့ကြောင့် အာဒင့်အနေဖြင့် ဆုံးဖြတ်ရမည်မှာ ဤအတိုင်းအရှုံးဖြစ်နေသော ပါတီကိုဦးဆောင်၍ မဲရွေးပွဲဝင်မည်လားဟူ၍ ဖြစ်ပါသည်။ အဖြေမှာ အလွန်ခက်ခဲပါသည်။ အကယ်၍ နိုင်ခဲ့သည့်တိုင် သူမ၏ တစ်ကိုယ်ရေအတွက် အလားအလာမှာမကောင်းပါ။ လေဘာသည် ယခင်ကအတိုင်း ညွှန့်ပေါင်းအစိုးရဖွဲ့နိုင်ရန် အခြားပါတီ Green နှင့် ယခုတစ်ကြိမ် မိုရီ Maori ပါတီတို့နှင့် ပူးပေါင်းရမည်ဖြစ်သည်။ အတိုက်အခံပါတီဖြစ်သည့် အမျိုးသားပါတီမှာယခုအခါ နယူးဇီလန်အဲယားလိုင်း၏ ဥက္ကဌဖြစ်သူ လပ်ဆွန် (Christopher Luxon) ကဦးဆောင်နေသည်။ ထို့ကြောင့် သူမအနေဖြင့် ကျော်ကြားခဲ့သောနေ့များမှာ တဖြည်းဖြည်းကုန် ဆုံးရတော့မည်ဖြစ်သည်။

ယခုအချိန်တွင် ကြို၍ နုတ်ထွက်ထားခြင်းကြောင့် လေဘာပါတီသည် အောက်တိုဘာလ ၁၄ ရက် ရွေးကောက်ပွဲမတိုင်မှီ ခေါင်းဆောင်အသစ်မှာ နေသားတကျဖြစ်နေပေလိမ့်မည်။ သူမသည်သူမ အစီအစဉ်နှင့်သူမ နုတ်ထွက်ခဲ့ခြင်းကြောင့် နိုင်ငံရေးသိက္ခာကို ထိန်းသိမ်းထားနိုင်သည့်အပြင် နိုင်ငံတကာမှ ချစ်ခင်ကြည်ညိုလေးစားမှုကို ရရှိနိုင်သည်။ ဝင်ငွေမြောက်များစွာရရှိသော ဖိတ်ခေါ် ဟောပြောပွဲများလည်း ရှိနိုင် သည့်အပြင်တပါတ်လျှင်နာရီ ၈၀ ကျော်ကြာအလုပ်လုပ်ရသည့်ဝန်ကြီးချုပ်ရာထူး၏ ဝန်ထုတ်ဝန်ပိုးကိုလည်း ထမ်းစရာမလိုတော့ပေ။

ဤအဖြစ်အပျက်မှ သင်ခန်းစာ ၂ ခု ရရှိပါသည်။ နိုင်ငံရေးသမားတို့ အောင်မြင်သည် ရှုံးနိမ့်သည်ဆိုသည်မှာ နိုင်ငံရေးသမားတို့ သူတို့ရုံးတွင်တွေ့ရှိရသော အချက်များတွင်မူတည်ပါသည်။ ခရိုက်ချပ်လူသတ် ပွဲနှင့် ပင်ဒဲမစ်ကို ကိုင်တွယ်ပုံတို့သည် အားဒင့်အတွက် အပေါင်း လက္ခဏာများဖြစ်ပါသည်။ ခေါင်းဆောင်မှုပေးရာတွင် အဆုံးအဖြတ်ခိုင်မြဲခြင်းနှင့် ကိုယ်ချင်းစာစိတ်ထားများပါရှိရမည်။ ပင်ဒဲမစ်ကိုအသေးစိတ် စီမံ ခန့်ခွဲရခြင်း နှင့်ကာလတာရှည်ဆုံးဖြတ်ရတို့မှာခက်ခဲခဲ့ပါသည်။

ဒုတိယအချက်အနေဖြင့် အားဒင့်ပြောသည့်အတိုင်း နိုင်ငံရေးသမားများသည် လူသားများသာဖြစ် ပါသည်။ နိုင်ငံရေးသမားတို့သည် မိသားစုအရေးတို့ကို လစ်လျူရှုနေကြရပါသည်။ နိုင်ငံတာဝန်များအကြား ရုန်းကန်နေရချိန်တွင် မိသားစုအရေးဆောင်ရွက်ရန် တာဝန်များ ပျက်ကွက်ခဲ့ရပါသည်။ ငွေကြေးလည်းများစွာ ကုန်ကျခဲ့ရပါသည်။ တာဝန်မြင့်တက်လာသည်နှင့်အမျှ ပို၍လစ်ဟင်းလာရပါသည်။ ယခုအချိန် သူမတွင် ရရှိပြီးသော အများပြည်သူ ယုံကြည်မှုနှင့် လေးစားကြည်ညိုမှုတို့နှင့်ဆိုလျှင် ယခုအချိန် နှုှုထွက်ခြင်းက သူမအတွက် မိမိဘဝနှင့် ပြန်လည်ညှိနှိုင်းရန် ရနိုင်ပါသေးသည်။ သူမတွင် ၄ နှစ်အရွယ်သမီးငယ်ကလေးကို စာသင်ပေးရန်တာဝန် ကျန်ရှိနေပါသေးသည်။

အားဒင့်ကို ထောက်ခံသူများ ခင်မင်ရင်းနှီးသူများက သူမ၏ တာဝန်ထမ်းဆောင်နေသောအချိန်များကို နယူးဇီလန်သား ကီဝီ (Kiwi) တို့၏ ဂျွန်အက် ကနေဒီ (J.F. Kennedy) အချိန်များဟုသတိရနေကြမည် ဖြစ်ပါသည်။ နယူးဇီလန်သားတို့သည် သူမကို အစဉ်အမြဲ ကျေးဇူး တင်လျက်ရှိနေကြမည်ဖြစ်ပါသည်။ သူမကဲ့သို့ ချစ်ခင်လေးစား ရသောခေါင်းဆောင်များ မပါတော့သော်လည်း ပို၍ ကောင်းမွန်သော စီမံခန့်ခွဲမှုမျိုးကိုတော့ ရရှိနိုင်ကြလိမ့်မည်မျှော်လင့်နိုင်ပါသည်။

(၃)
နိုင်ငံတစ်နိုငငံတွင် မည်သူပင်ခေါင်းဆောင်ဖြစ်စေ ပြဿနာများမှာရှိမြဲရှိနေပေလိမ့်မည်။ နယူးဇီလန်တွင် ခေါင်းဆောင် အ ပြောင်းအလဲ မည်သို့ပင်ရှိစေ နောက်လူက အရင်လူ လက်ထက်ကရှိခဲ့သောပြဿနာများကို ဒိုင်ခံဖြေရှင်းရပေလိမ့်မည်။ ခေါင်းဆောင်ပြောင်းလဲသွားရုံဖြင့် ပြဿနာများသည် ပြေလည်သွားလိမ့်မည်မဟုတ်ပါ။ မိမိရှိနေစဉ်မှာရှိသောပြဿနာများကို မိမိဘာသာတာဝန်ယူ၍ နှုတ်ထွက်သွားခြင်းမှာ ကောင်းပါသည်။ သူမ၏စည်ထဲတွင် ဆီအပြည့်မရှိတော့ပါသဖြင့် (No longer have enough in the tank) သူမ မတတ်နိုင်တော့ပါကြောင်း။ မိမိထက်သာသူ၊ ပြည့်နေသူ၊ မိမိထက်ပို၍စွမ်းဆောင်နိုင်သူတို့နှင့်လွှဲသွားခြင်းမှာ လေးစားစရာပင်ဖြစ်ပါသည်။

ကိုသန်းလွင်
Ref:  Internet.


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar