အိန္ဒိယနယ်စပ် မဏိပူရ်ပြည်နယ်မှာ မြန်မာစစ်ဘေးရှောင်သူတွေ ဆက်တိုက်ဖမ်းခံရ၊ Non-CDM တွေနဲ့ပတ်သက်တဲ့ မူဝါဒ အပေါ် ဗကသရဲ့ အမြင်
မြန်မာနွေဦး ခရိုနီကယ် - ဇန်နဝါရီ ၃၀ မြင်ကွင်း
(မိုးမခ) ဇန်နဝါရီ ၃၁၊ ၂၀၂၃
အိန္ဒိယနယ်စပ် မဏိပူရ်ပြည်နယ်မှာ မြန်မာစစ်ဘေးရှောင်သူတွေ ဆက်တိုက်ဖမ်းခံရ၊ Non-CDM တွေနဲ့ပတ်သက်တဲ့ မူဝါဒအပေါ် ဗကသရဲ့ အမြင်
မြန်မာနိုင်ငံ နဲ့ အိန္ဒိယနိုင်ငံနယ်စပ် ဖြစ်တဲ့ မဏိပူရ်ပြည်နယ် မိုးရေးမြို့ကို မြန်မာနိုင်ငံဘက်မှာ ဖြစ်ပွားနေတဲ့ စစ်ဘေးကနေ ထွက်ပြေးခိုလှုံ နေထိုင်သူတွေကို မဏိပူရ်ပြည်နယ် အစိုးရက ဖမ်းဆီးဖို့အမိန့်ထုတ်ပြန်ထားကာ ခုရက်ပိုင်း ဆက်တိုက်ဆိုသလို ဖမ်းဆီးနေတာကြောင့် ဖမ်းဆီးခံရသူ ၁၃၀ ကျော်ရှိသွားပြီလို့ သတင်းတွေထဲမှာတွေ့ရပါတယ်။ တမူးမြို့ဟာ PDF လှုပ်ရှားမှု အားကောင်းပြီး စစ်ကောင်စီတပ်တွေနဲ့ မကြာခဏ တိုက်ပွဲတွေ ဖြစ်တာ စစ်ကောင်စီ ရဲကင်း၊ ရုံး၊ စတဲ့နေရာတွေကို ဝင်စီးတာတွေ တိုက်ခိုက်တာတွေ ဖြစ်ပွားနေတဲ့ နေရာဖြစ်ပြီး PDF နဲ့ စစ်ကောင်စီတိုက်ပွဲတွေကြောင့် အိမ်နီးချင်း အိန္ဒိယနိုင်ငံ နယ်မြေဖြစ်တဲ့ မိုးရေးဘက် တိမ်းရှောင်နေထိုင်နေကြသူတွေကို အိန္ဒိယဘက်က အခုလိုဖမ်းဆီးပြီး အကျဥ်းထောင်တွေဆီ ပို့ဆောင်ကာ မြန်မာနိုင်ငံဘက် ပြန်ပို့နိုင်တဲ့ အလားအလာလည်းရှိနေတဲ့ သဘောဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံမှာ ပြည်နယ် တပြည်နယ်နဲ့ တပြည်နယ် မူဝါဒချင်း မတူကြတာ တွေ့ရပါတယ်။ ချင်းပြည်နယ်နဲ့ ဆက်စပ်နေတဲ့ မီဇိုရမ်ပြည်နယ်ကတော့ ဒုက္ခသည်တွေကို လက်ခံထားပြီး ကူညီမှုတချို့ ပေးနေတာလည်း ဖြစ်ပါတယ်။ ချင်းပြည်နယ်က ချင်းတိုင်းရင်းသားတွေ နဲ့ မီဇိုရမ်ပြည်နယ်က လူမျိုးစုတွေအကြား ဘာသာစကား၊ ယဥ်ကျေးမှု စတဲ့ နီးစပ်မှု တူညီမှုတွေ ရှိတဲ့အချက်ကလည်း မီဇိုရမ်ပြည်နယ်က ချင်းပြည်နယ်ဘက်က ထွက်ပြေးလာတဲ့ သူတွေကို ကူညီရခြင်းအကြောင်းတချက် ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ တမူးမြို့နဲ့ ထိစပ်နေတဲ့ မဏိပူရ်ပြည်နယ်ကတော့ မီဇိုရမ်ပြည်နယ်နဲ့ မတူတဲ့ မူဝါဒနဲ့ ကိုင်တွယ်နေတာ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံ ဗဟိုအစိုးရအနေနဲ့ လုံခြုံရေး ဆိုင်ရာတွေမှာ မြန်မာစစ်ကောင်စီနဲ့ ဆက်သွယ်ဆောင်ရွက်မှုတွေ ရှိနေတဲ့ သဘောမျိုးတွေ့နေရပြီး အိန္ဒိယနိုင်ငံဟာ မြန်မာစစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေတဲ့ အိမ်နီးချင်း အင်အားကြီးနိုင်ငံတနိုင်ငံလည်း ဖြစ်ပါတယ်။ ပြည်နယ် တခုချင်းစီမှာတော့ ပြည်နယ်အစိုးရတွေရဲ့ ကိုယ်ပိုင် ဆုံးဖြတ်ပိုင်ခွင့် မူဝါဒချမှတ်ခွင့် အတိုင်းအတာတခုထိရှိတာတွေ့ရပါတယ်။
မဏိပူရ်ပြည်နယ်က နကိုကတည်းက အိန္ဒိယအစိုးရကို လက်နက်ကိုင်တိုက်ခိုက်နေတဲ့ သူပုန်အဖွဲ့တွေ ရှိနေတာဖြစ်လို့ မြန်မာနိုင်ငံဘက်ခြမ်းက စစ်ကိုင်းတိုင်း နဲ့ဆက်စပ်နေတဲ့ တမူးမြို့ ကလေးမြို့တို့က တဆင့် စစ်ပွဲအရှိန်ပြင်းထန်တဲ့ စစ်ကိုင်းတိုင်းကို လက်နက်တွေ သယ်ဆောင်တာမျိုးကို စိုးရိမ်မှုလည်း ရှိကောင်းရှိနိုင်ပါတယ်။
လောလောဆယ်မှာတော့ တိုက်ပွဲတွေ၊ စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးမှုတွေကြောင့် တိမ်းရှောင်ကြရတဲ့ တမူးဒေသက စစ်ဘေးရှောင်တွေအဖို့ တဖက်နိုင်ငံရဲ့ ဖမ်းဆီးမှုလည်း ခံရ၊ အကျဥ်းထောင်ထဲလည်း ပို့ဆောင်ခံရတာတွေ ဖြစ်ပွားနေတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။ ယခင်က အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း မှာ အချက်အချာကျတဲ့ မြို့တမြို့အဖြစ်နဲ့ သိရှိကြတဲ့ တမူးမြို့ဟာ စစ်အာဏာသိမ်းပြီးနောက်မှာတော့ စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုတွေ အားကောင်းတဲ့မြို့နယ် အဖြစ် ပိုမိုသိရှိလာကြတာ ဖြစ်ပါတယ်။
မကြာသေးမီက NUCC လို့ အတိုကောက်ခေါ်တဲ့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ က မကြာသေးမီက ထုတ်ပြန်ခဲ့တဲ့ CDM မူဝါဒစာတမ်းအပေါ် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ (ဗကသ) က ဝေဖန်ထောက်ပြတဲ့ ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။ NUCC ရဲ့ CDM မူဝါဒမှာ Non-CDM တွေအပေါ် အရေးယူဆောင်ရွက်မယ်လို့ ဖော်ပြထားတဲ့ မူဝါဒ၊ သို့မဟုတ် သဘောထား စာတမ်းမှာ Non-CDM တွေဟာ တော်လှန်ရေးမှာ အားထားရမယ့် အုပ်စုတွေ အင်အားစုတွေ မဟုတ်သလို ဦးတည်တိုက်ခိုက်ရမယ့် အုပ်စုတွေလည်း မဟုတ်ဘူးလို့ ဗကသ က ပြောဆိုလိုက်ပြီး စည်းရုံးရေးသဘောဆောင်တဲ့ စည်းရုံးမှုမျိုးနဲ့ လုပ်ဆောင်သင့်တဲ့ သဘောထားမျိုး နဲ့ NUCC စာတမ်းကို ဝေဖန်လိုက်တာဖြစ်ပါတယ်။
CDM မူဝါဒ စာတမ်းဟာ CDM လုပ်သူတွေနဲ့ Non-CDM တွေအကြား နှိုင်းယှဥ်စဥ်းစားချက်တွေ နဲ့ မူဝါဒဆိုတာထက်ကို ပုဂ္ဂိုလ်ရေး ခံစားချက်သဘောမျိုးပိုဆန်တဲ့ အရေးအသားတွေလည်း ပါရှိတာတွေ့ရပြီး လက်စားချေရေး အငွေ့အသက်တွေလည်း ပါရှိနေတာကြောင့် မူဝါဒ ဆိုတဲ့သဘောထက် လက်တွေ့ကျင့်သုံးမယ့် လမ်းညွှန်၊ လက်တုံ့ပြန်လုပ်ဆောင်မယ့် လမ်းညွှန်ချက် တခုသဖွယ် ဖြစ်နေတာလည်း ဖြစ်ပါတယ်။
လက်နက်ကိုင် လမ်းကြောင်းကို စွဲကိုင်ထားကြချိန်မှာ အရပ်ဘက်ဆိုင်ရာ ဝန်ထမ်းတွေရဲ့ သစ္စာခံခြင်း မခံခြင်း၊ သို့မဟုတ် အာဏာချုပ်ကိုင်အုပ်ချုပ်နေတဲ့ စစ်အစိုးရ လက်အောက် လုပ်ခြင်းမလုပ်ခြင်းတွေဟာ အနိုင်အရှုံးအဆုံးအဖြတ်တွေ မဟုတ်တော့ပဲ၊ လက်နက်ကိုင် လမ်းကြောင်းကသာ အနိုင်အရှုံးအဆုံးအဖြတ်ပေးနိုင်တယ်ဆိုတာကို ယုံကြည်ပြီး Non-CDM တွေအပေါ် ဦးတည်ပစ်မှတ်ထား မတိုက်ခိုက်သင့်ဘူးလို့ ဗကသက ဆိုလိုခြင်းလည်း ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar