လွတ်လပ်ရေးနေ့ နဲ့ အကျဥ်းသား လွတ်ငြိမ်းခွင့်၊ ကြာအင်းဆိပ်ကြီး ခလရ တပ်ရင်း ၃၂
မြန်မာနွေဦး ခရိုနီကယ် - ဇန်နဝါရီ ၄ မြင်ကွင်း
(မိုးမခ) ဇန်နဝါရီ ၅၊ ၂၀၂၃
လွတ်လပ်ရေးနေ့ နဲ့ အကျဥ်းသား လွတ်ငြိမ်းခွင့်၊ ကြာအင်းဆိပ်ကြီး ခလရ တပ်ရင်း ၃၂
စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က လွတ်လပ်ရေးနေ့ မတိုင်ခင် ၃ ရက်အလိုကတည်းက စည်သူဘွဲ့၊ သီရိပျံချီ စတဲ့ ဘွဲ့တံဆိပ်တွေပေးတာတွေ ဧည့်ခံဖျော်ဖြေတာတွေ လုပ်ပြီး လွတ်လပ်ရေး နေ့မှာ ဗိုလ်ရှုခံနေရာမှာ လွတ်လပ်ရေးနေ့ အခမ်းအနားကို လုပ်ရင်း၊ ဒီနေ့ ၄ ရက်နေ့ နံနက်မှာအကျဥ်းသား ၇၀၀၀ ကျော်ကို လွတ်ငြိမ်းခွင့်ပေးတာ၊ အချို့သော ပုဒ်မတွေနဲ့ ပြစ်ဒဏ်ကျထားတဲ့သူတွေရဲ့ ပြစ်ဒဏ် ၆ ပုံ ၁ပုံကို သက်သာခွင့်ပြုတယ်ဆိုတဲ့ အမိန့်ကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။
လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ အပြင် ပြည်သူလူထုရဲ့ နှလုံးစိတ်ဝမ်းကို အေးချမ်းစေဖို့ရည်ရွယ်တာ၊ နိုင်ငံတော်ရဲ့ မေတ္တာစေတနာကို သဘောပေါက်နားလည်လာစေဖို့ ဆိုပြီး ပုဒ်မ ၄၀၁ အောက်ကနေ ကျခံရန်ကျန်ရှိတဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးပြီး အလားတူ ထပ်မံကျူးလွန်ရင် ပြန်လည် ကျခံစေရမယ်လို့ ဆိုထားတာတွေ့ရပါတယ်။
လွှတ်ပေးသူ ၇ ထောင် စွန်းစွန်းအရေအတွက် ရှိတဲ့အထဲ နိုင်ငံရေး အကျဥ်းသားအရေအတွက် ဘယ်လောက်ပါတယ်ဆိုတာ လောလောဆယ် တိတိကျကျ မပြောနိုင်သေးပဲ ပြည်နယ် တိုင်းဒေသ တချို့မှာတော့ နိုင်ငံရေးအကျဥ်းသား ဆယ်ဂဏန်းကနေ ရာဂဏန်းလောက်ထိ ပါတာတွေ့ရပါတယ်။ ပုသိမ်မြို့ အကျဥ်းထောင်ကနေ နိုင်ငံရေးကြောင့် ဖမ်းဆီး ပြစ်ဒဏ်ချခံထားရသူ ၃၈ ဦးလောက် လွတ်တယ်လို့ ကြားသိရပါတယ်။
လွတ်မြောက်သူတွေ အနက် ထင်ရှားတဲ့သူတွေ ဆိုရင် ဒေါ်သန်းမြင့်အောင်၊ ဦးထင်လင်းဦး၊ ဝန်ကြီးဟောင်း သူရဦးအောင်ကိုတို့ ရန်ကုန်မြို့ အင်းစိန်ထောင်ကနေ လွတ်မြောက်လာကြပြီး အန်အယ်လ်ဒီပါတီဝင် မဟုတ်တဲ့ တက်ကြွလှုပ်ရှားသူတွေလည်း အတော်များများ လွတ်မြောက်လာကြတယ်လို့ သတင်းတွေ အရသိရပါတယ်။ လက်နက်ကိုင် တိုက်ခိုက်ခဲ့ကြတဲ့ အမှုတွေနဲ့ မြို့ပြပြောက်ကျား လှုပ်ရှားမှုပါဝင်ခဲ့သူတွေတော့ တယောက်မျှ ပါဝင်တာမတွေ့ရပါဘူး။ တနိုင်ငံလုံးအနေနဲ့ သတင်းသမားတွေထဲက ၈ ဦးလောက် လွတ်မြောက်လာတယ်လို့ သတင်းသမား အသိုင်းအဝိုင်းက ဆိုကြပါတယ်။ အလုပ်သမား အရေး လှုပ်ရှားသူ၊ အထွေထွေ သပိတ်ကော်မတီမှာ ပါဝင်ခဲ့သူတွေလည်း လွတ်မြောက်တဲ့အထဲ ပါဝင်တာတွေ့ရပြီး တက္ကသိုလ်ဆရာသမဂ္ဂက ဒေါက်တာ အာကာမိုးသူလည်း လွတ်မြောက်တဲ့အထဲပါဝင်တာ တွေ့ရပါတယ်။ နေပြည်တော်က ကဗျာဆရာ တဦးဖြစ်တဲ့ မျိုးတေဇာမောင် လည်းလွတ်မြောက်တဲ့အထဲပါဝင်ပါတယ်။ သို့သော် အန်အယ်ဒီပါတီဝင် တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်ဟောင်း တဦးမျှ ပါဝင်တာမတွေ့ရပါဘူး။
ဒီနေ့ လွှတ်ပေးလိုက်တဲ့ နိုင်ငံရေး အကျဥ်းသား အရေအတွက် နဲ့ ပါရှိသူတွေ အနေအထား အခင်းအကျင်းကို ကြည့်တဲ့အခါ NLD ပါတီဝင် တက်ကြွစွာလှုပ်ရှားသူတွေကို မပါဝင်တာ၊ လက်နက်ကိုင် တိုက်ခိုက်ဖို့ ကြိုးစားသူတွေနဲ့ တိုက်ခိုက်သူတွေ မပါတာတွေ့ရမှာဖြစ်ပါတယ်။ လက်နက်ကိုင် တိုက်ခိုက်တာ မဟုတ်တဲ့ လမ်းကြောင်းပေါ်က စစ်ကောင်စီဆန့်ကျင်သူတွေကို တနှစ်မှာ အနည်းဆုံး ၂ ကြိမ် ဝန်းကျင် လူအရေအတွက် ချွေတာပြီးလွှတ်ပေးတဲ့ သဘောလို့လည်း အကဲဖြတ်ကြည့်နိုင်တာ ဖြစ်ပါတယ်။
မြေပေါ် လှုပ်ရှားမှု သပ်သပ်လုပ်ဆောင်သူတွေထဲက အထွေထွေ သပိတ်ကော်မတီက လှုပ်ရှားသူတချို့ လည်း လွတ်လပ်ရေးနေ့မှာ လွတ်လာကြတာ ကြားသိရပါတယ်။ ၂၀၂၁ ခုနှစ် မတ်လ တဝိုက်တုန်းက သပိတ်တွေ ဆန့်ကျင်ဆန္ဒပြမှုတွေကို ဝိုင်းဝန်း လုပ်ဆောင်ခဲ့ကြသူတချို့ လွတ်မြောက်လာတဲ့ သဘောဖြစ်ပါတယ်။
အခုလို လွှတ်ပေးခြင်းဟာ လွတ်မြောက်သွားသူတွေ အနေနဲ့ ရွေးကောက်ပွဲလမ်းကြောင်းကို ပါဝင်လာစေဖို့ တဖက်မှာလည်း ရည်ရွယ်တဲ့သဘော ဖြစ်နိုင်ပါတယ်။ စစ်ကောင်စီ ခေါင်းဆောင်က ဒီနေ့ ပြောတဲ့မိန့်ခွန်းထဲမှာလည်း ရွေးကောက်ပွဲကို ဘယ်လို ကျင်းပမယ့်အကြောင်း ကို ရည်ညွှန်းပြောဆိုခဲ့တာ တွေ့ရပါတယ်။
ရွေးကောက်ပွဲဟာ စစ်ကောင်စီရဲ့ နိုင်ငံရေး ထွက်ပေါက်ဆိုတာထက် နိုင်ငံရေးဖိအားတွေကို လျော့ကျအောင် ကြိုးစားမှုတခု စစ်အုပ်ချုပ်ရေးထက် စစ်ဝတ်စုံချွတ်ထားတဲ့ စစ်ဗိုလ်ချုပ်တွေ အုပ်ချုပ်ရေးပုံစံမျိုး အသွင်ဖြစ်အောင် လုပ်ဆောင်တာလည်း ဖြစ်ပါတယ်။
နေပြည်တော်နဲ့ မြို့ကြီးအချို့မှာ လွတ်လပ်ရေး နေ့ကျင်းပနေချိန် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ထဲက စစ်ကောင်စီ တပ်ရင်း အခြေစိုက် နေရာတွေကို ကေအန်ယူတပ်ရင်းနဲ့ ပီဒီအက်ဖ် ပူးပေါင်းတပ်ဖွဲ့တွေက ၃၁ ရက်နေ့ကတည်းက တိုက်ခိုက်နေတဲ့ တိုက်ပွဲတွေက လွတ်လပ်ရေးနေ့အထိ ဖြစ်ပွားနေဆဲ လို့ သတင်းတွေမှာ ဖေါ်ပြထားကြပါတယ်။ တပ်ရင်းကို ဝင်ရောက် စီးနင်းနိုင်တဲ့ သတင်းဓါတ်ပုံတွေ ဆိုရှယ်မီဒီယာတွေမှာ တွေ့ကြရပြီး စစ်ကောင်စီဘက်က လေကြောင်းပစ်ကူ နဲ့ တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။ တပ်မဟာ ၆ နယ်မြေ အတွင်းမှာရှိတဲ့ မုဒုံ၊ ကြာအင်းဆိပ်ကြီး ၊ ဘုရားသုံးဆူသွားကားလမ်း အနီးက အနန်းကွင်း တောင်စွန်းစတဲ့ ကျေးရွာတွေအနီး တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ သဘောလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ လွတ်လပ်ရေး ရတာ ၇၅ နှစ်ရှိပြီ ဖြစ်ပေမယ့် ပြည်တွင်းစစ်က ဆက်လက် အရှိန်ကောင်းကောင်းနဲ့ တောက်လောင်နေဆဲ စစ်ဝါဒ ၊ လက်နက်နဲ့ နိုင်ငံရေးအာဏာကို ထိန်းချုပ်ထားတဲ့ အစဥ်အလာကလည်း ဆက်လက် ရှိနေဆဲပဲဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar