တိုက်ပွဲတွေ ကျယ်ပြန့်လာနေတဲ့ ကရင်ပြည်နယ်
မြန်မာနွေဦး ခရိုနီကယ် - ဇန်နဝါရီ ၂၇ မြင်ကွင်း
(မိုးမခ) ဇန်နဝါရီ ၂၈၊ ၂၀၂၃
တိုက်ပွဲတွေ ကျယ်ပြန့်လာနေတဲ့ ကရင်ပြည်နယ်
စစ်တပ် အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ အချိန်က ကရင်ပြည်နယ်ကို ကြည့်မယ်ဆိုရင် တခါတခါ တိုက်ပွဲတွေဖြစ်ပွားလေ့ရှိတာက ကေအန်ယူရဲ့ နယ်မြေခွဲခြားသတ်မှတ်မှုအရ တပ်မဟာ ၅ ရဲ့ ဧရိယာလို့ ဆိုတဲ့ မူတြော်ဒေသ တနည်းအားဖြင့် ဒီဘက်က နယ်မြေသတ်မှတ်မှုအရ ဖာပွန်ခရိုင်ထဲမှာသာ ဖြစ်ပွားလေ့ရှိတာ တွေ့ရမှာ ဖြစ်ပါတယ်။ ကော့ကရိတ်၊ မြဝတီ၊ ကြာအင်းဆိပ်ကြီး၊ ဘုရားသုံးဆူ၊ သထုံ၊ ဘီးလင်း၊ တနင်္သာရီတိုင်းက ကေအန်ယူရဲ့နယ်မြေတွေ၊ အားလုံးမှာ ဘာတိုက်ပွဲ လက်နက်ကိုင် ပဋိပက္ခမှ မရှိတဲ့ အနေအထားဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီး လအနည်းငယ်အကြာ မြို့ပေါ် ဆန္ဒပြမှုတွေ ပစ်ခတ်ဖြိုခွဲခံရပြီးနောက် ၂၀၂၁ ခုနှစ် ဧပြီ၊ မေလလောက်က စပြီး မူတြော်ဒေသမှာ ခြေကုပ်စခန်းသိမ်းတိုက်ပွဲတွေ ဖြစ်ပျက်ခဲ့တာ ဖြစ်ပါတယ်။ သို့ပေမယ့် အဲဒီ တပ်မဟာ ၅ ဒေသမှာ တိုက်ပွဲကြီးတွေ ရှည်ကြာစွာ ဖြစ်ပွားတဲ့တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားတာမတွေ့ရပါဘူး။ KNU က NUG ကို အဓိကကျတဲ့ အခန်းကဏ္ဍကနေ အကူအညီပေးတာ၊ PDF အဖွဲ့တွေ ဖွဲ့စည်းကြတဲ့အခါမှာ စစ်သင်တန်းပေးတာ၊ တစုံတရာ မြို့ပေါ်မှာနေလို့မရတဲ့ သူတွေ မရတဲ့ အခြေအနေရောက်ကုန်တဲ့ လူတွေ အဖွဲ့အစည်းတွေကို လက်ခံထားပေးပြီး အကာအကွယ်ပေးတာတွေက စစ်ကောင်စီအတွက် KNU ကို မှတ်သားထားရမယ့် အကြိတ်အခဲလို့မြင်ပုံရပါတယ်။
အဲဒီနောက် KNU အနေနဲ့ အသစ်ဖွဲ့စည်းလိုက်တဲ့ NUG အစိုးရကို အကာအကွယ်ပေးထားတာ KNU လွတ်မြောက်နယ်မြေမှာ နေထိုင်အခြေချဖို့ကူညီထားတာတွေ ရှိတာတွေ၊ မြို့ပေါ်မှာ လှုပ်ရှားတဲ့ မြို့ပြပြောက်ကျားတွေကို စစ်သင်တန်းပေးတာ၊ လက်နက် ရရှိဖို့ ကူညီပေးတာတွေကြောင့် ၂၀၂၁ အကုန်မှာတော့ စစ်ကောင်စီက ကေအန်ယူနဲ့ စစ်ကောင်စီအကြားက ကြားခံနယ်မြေ ဖြစ်တဲ့ လေးကေ့ကော် မြို့သစ်ကို ဝင်ရောက်ရှာဖွေကာ လွှတ်တော်ကိုယ်စားလှယ် အပါအဝင်တချို့ကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
၂၀၂၁ နှစ်ကုန်ခါနီး စလိုက်တဲ့ လေးကေ့ကော်၊ ဝေါ်လေ တဝိုက်က တိုက်ပွဲတွေဟာ လွယ်လွယ်နဲ့ မချုပ်ငြိမ်းပဲလနဲ့ချီ တပြန်စီ တိုက်ကြ သိမ်းကြတဲ့ တိုက်ပွဲတွေ ဖြစ်ပြီး ထိုင်း-မြန်မာ ကုန်သွယ်ရေး လမ်းကြောင်းဖြစ်တဲ့ ကော့ကရိတ်၊ မြဝတီ အာရှလမ်းမ တလျှောက် အခါအားလျော်စွာ တိုက်ပွဲဖြစ် ကားလမ်းတွေ ပိတ်၊ ကားတွေမီးရှို့ခံရတာတွေ ဖြစ်ပွားပြီး တိုက်ပွဲတွေက မြဝတီနဲ့ ကော့ကရိတ်အကြား ကားလမ်းတလျှောက် နဲ့ မြဝတီတဝိုက်မှာ ဆက်လက်ဖြစ်ပွားနေခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၁ အကုန်နောက်ပိုင်းမှာတော့ တိုက်ပွဲတွေက သထုံမြို့နယ် တဝိုက်၊ ကျိုက်ထိုမြို့နယ်ထဲက ၊ သိမ်ဇရပ် တို့မှာ ဖြစ်ပွားလာ တာဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် အလယ်ပိုင်းမှာတော့ ကရင်ပြည်နယ်မှာ ကေအန်ယူအဖွဲ့နဲ့ စစ်ကောင်စီတပ်တွေ တိုက်တယ်ဆိုတာထက် DKBA ခွဲထွက်အဖွဲ့၊ ၂၀၂၁ခုနှစ်ထဲ ဒါဇင်နဲ့ချီတဲ့ လမ်းလုပ်သား တံတားဆောက်လုပ်သားတွေကို သတ်ဖြတ်တယ်ဆိုတဲ့ အချက်ကြောင့် KNU က အရေးယူထားတဲ့ KNDO တပ်ရဲ့ ဗိုလ်ချုပ်ဖြစ်သူ ဗိုလ်နယ်ဒါးလ်မြ တို့ရဲ့ ကော်သူးလေ တပ်မတော်၊ ပူးပေါင်းတပ်ဖွဲ့လို့ဆိုတဲ့ ကေအန်ဒီအို လက်အောက်ခံ တပ်ရင်းနဲ့ PDF တွေ အပါအဝင် စစ်ကြောင်းတွေက ပါဝင်ကြတာ ဖြစ်ပါတယ်။ ကော့ကရိတ်မြို့ကို သိမ်းဖို့ ကြိုးစားခဲ့ကြတဲ့ တိုက်ပွဲကလည်း ၂၀၂၂ ခုနှစ်ထဲ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ခု လပိုင်းမှာတော့ ကြာအင်းဆိပ်ကြီး မြို့အနီးတဝိုက်က စစ်ကောင်စီတပ်ရင်းအခြေစိုက် စခန်းတွေကို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်ထဲမှာပဲ အရင်တုန်းက ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ ခုခံခဲ့ကြတဲ့ ဒေသတွေဖြစ်တဲ့ ပဲခူးတိုင်း ကျောက်ကြီး၊ မုန်း စတဲ့ဒေသတွေမှာလည်း ပြင်းထန်တဲ့ တိုက်ပွဲတွေ ဖြစ်ပွားလာခဲ့တာ တွေ့ရပါတယ်။
ခုရက်ပိုင်း ကျုံဒိုးမြို့နယ်တဝိုက်မှာ ကော်သူးလေ တပ်၊ PDF ပူးပေါင်းတပ်တွေနဲ့ ဒီကေဘီအေ တပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ကရင်လက်နက်ကိုင် အပေါင်း PDF တွေနဲ့ စစ်ကောင်စီတပ်တွေ ပြင်းထန်တဲ့ တိုက်ပွဲတွေ နေအိမ်မီးရှို့မှုတွေ ဖြစ်ပွားလာနေတာ ဖြစ်ပါတယ်။ ကရင်ပြည်နယ်မှာ အဓိက ပင်မလက်နက်ကိုင် အဖွဲ့ဖြစ်တဲ့ KNU ရဲ့ မူဝါဒတွေ၊ ဦးဆောင်မှုတွေက အနည်းငယ် နားလည်ရခက်ခဲနေချိန်၊ NUG နဲ့ အကြားက ပူးပေါင်းဆောင်ရွက်မှုတွေ ဘယ်လောက်အထိ နားလည်မှု ရရှိထားကြလဲဆိုတာ မေးခွန်းတွေ ထွက်ပေါ်လာနေချိန်၊ လက်နက်ကိုင် တဖွဲ့ နှစ်ဖွဲ့မက အရေအတွက်ရှိတဲ့ ကရင်ပြည်နယ် အနေနဲ့ လက်နက်ကိုင် တိုက်ပွဲတွေက ပိုမိုကျယ်ပြန့်လာစရာ ရှိနေတာလည်း ဖြစ်ပါတော့တယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar