Breaking News

မောင်စွမ်းရည် - ပန်းရည်ဘဏ်တိုက်နှင့် နဂါးလိမ်ချော်ဆစ်


မောင်စွမ်းရည် - ပန်းရည်ဘဏ်တိုက်နှင့် နဂါးလိမ်ချော်ဆစ်

(မိုးမခ) ဇန်နဝါရီ ၂၁၊ ၂၀၂၃


‘ပန်းရည်ဘဏ်တိုက်’ ဆိုတာ လူကြိုက်များ၊ လူသိများတဲ့ သီချင်း ဖြစ်ပါတယ်။ သီချင်းရေးသူ အမည်က ကန်မြဲကိုအေးကျော် ဆိုတာ လူသိများပါတယ်။ သူ့သီချင်းလေးတွေက စာသားရော၊ စိတ်ကူးရေရာ အလွန်လှတဲ့အတွက် သူ့ကို တချို့က စာတတ်ပေတတ်၊ တေးရေးပညာရှင်ကြီးတဦးလို့ ထင်မှတ်ကြပါတယ်။ မဟုတ်ရှာပါ။ စာရေးတယ်ဆိုရုံ ရေးတတ်တာပါ။ ‘ပန်းရည်ဘဏ်တိုက်’ကို ‘ပံးရီဘံတိုက်’ လို့ ရေးသူပါ။ သူ့မှာ ဖောင်တိန် မရှိ၊ မဝယ်နိုင်ပါ။ ခဲတံပဲ ရှိပါတယ်။ စာရေးစက္ကူလည်း မရှိပါ။ မျဉ်းကြောင်းမပါတဲ့ ဗလာစာအုပ်ကြမ်းကြီးကိုပဲ ‘ရိုက်တင်းပက်’လို သုံးရရှာသူပါ။

သူဟာ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်အတွင်းက ရွာကြီးတရွာမှာ မွေးဖွားကြီးပြင်းသူ ဖြစ်ပါတယ်။ ဆင်တဲဝချောင်း ဆိုတဲ့ သဲချောင်းကြီးက ရွာကို ပတ်နေပါတယ်။ အရှေ့ဘက် တောင်သာမြို့ဘက်က လာလည်း ဒီချောင်းကြီးကို ဖြတ်လာရသလို မြင်းခြံမြို့ မြောက်ဘက်က လာရင်လည်း ဒီချောင်းကြီးကို ဖြတ်လာရပါတယ်။ အမေရိကန် စစ်တပ်တွေ မိတ္ထီလာကနေ မြင်းခြံကို လာတော့ ကန်မြဲဇဂျမ်းက ဖြတ်လာရတဲ့အခါ သဲချောင်းကြီးထဲကို ကတ္တရာလိပ်ကြီးတွေ ရှေ့က ဖြန့်ခင်းပြီးမှ ဖြတ်ရတာပါ။ အဲဒီရွာကပဲ ကဗျာဆရာကြီး ဦးတင်မိုးတို့ရွာ ဖြစ်ပါတယ်။ ကျွန်တော်က တင်မိုးရဲ့ သူငယ်ချင်း ဖြစ်လို့ နွေကျောင်းပိတ်ရက်များမှာ တင်မိုး ရွာပြန်ရင် လိုက်သွားလေ့ရှိပါတယ်။ ကျွန်တော်တို့ရွာက မြင်းခြံမြို့ရဲ့ အရှေ့ဘက်မှာ ရှိပြီး တင်မိုး တို့၊ ကိုအေးကျော် တို့ရွာက မြင်းခြံရဲ့တောင်ဘက်မှာ ရှိပါတယ်။

တင်မိုးရဲ့ အဖေနဲ့ တင်မိုးတို့ဟာ ဂီတဝါသနာအိုးတွေ ဖြစ်ပါတယ်။ နွေရာသီ ကျောင်းပိတ်ရက် တင်မိုး အိမ်ပြန်လာရင် သူ့အဖေက တင်မိုးရဲ့ သူငယ်ချင်းတွေကို ခေါ်ပြီး တီးကြ၊ မှုတ်ကြပါတယ်။ တင်မိုးရဲ့အမေက လက်ဖက်နဲ့ လက်ဖက်ရည်အဖန်အိုး ချပြီး ဧည့်ခံပါတယ်။ တင်မိုးရဲ့ အဖေက စည်းနဲ့ ဗြောက်ကို ကိုင်ပြီး တင်မိုးက အများအားဖြင့် ဘင်ဂျိုလောက်ပဲ တီးတတ် ခေါက်တတ်ပါတယ်။ သူ့သူငယ်ချင်း ကျောင်းဆရာတဦးက တယောထိုးပါတယ်။ ကိုအေးကျော်က တင်မိုးနဲ့ အိမ်နီးချင်းပါ။ ဘာမှ မတီး မမှုတ်တတ်ရှာပါ။ တင်မိုး တို့အိမ်မှာ တီးဝိုင်းရှိရင် လာပြီး နားထောင်ပါတယ်။ ထိုင်စရာမရှိရင် မြေကြီးပေါ်မှာ ဆောင့်ကြောင့်ထိုင်ပါတယ်။ သူ့မှာ အင်္ကျီပါလေ့မရှိပါ။ ကျောမှာ ဝဲနှင်းခူလိုဟာမျိုးတွေ ရှိပါတယ်။ အများအားဖြင့် သူ့ကျောကို ရေလဲပုဆိုးစုတ်ကလေးနဲ့ ခြုံထားလေ့ရှိပါတယ်။ ဘယ်သူနဲ့မှ စကားမပြောဘဲ ဝင်ထိုင်နားထောင်နေတာပါ။ ပြီးရင် သူ့ဘာသာ ထပြန်သွားတာပါ။

ကိုအေးကျော်က သူ့အစ်မတွေနဲ့ အတူနေတာပါ။ အလုပ်ကတော့ မည်မည်ရရ မရှိရှာပါ။ ဆေးရွက်ခူး၊ မြေပဲဆွတ်၊ အမှိုက်ကောက် စတဲ့ ပျံကျ တောက်တိုမည်ရ ယာကူလီအလုပ်ပဲ ရှိရှာတာပါ။ အိမ်ထောင်ကျဖူးပေမဲ့ ကလေးတယောက် ရပြီး ကလေးရော မိခင်ပါ ဆုံးသွားခဲ့ပါပြီတဲ့။ နောက်အိမ်ထောင်လည်း မပြုပါ။ သီချင်းရေးတာကိုပဲ မွေ့လျော်ပါတယ်။ နွေရာသီ ကျောင်းပိတ်ရက်တခုမှာ ကျွန်တော်က တင်မိုးတို့ရွာကို ရောက်တော့ တီးဝိုင်းဘေးမှာ ဗလာစာအုပ်အကြမ်းကြီး ပိုက်ပြီး ကိုအေးကျော် သီချင်းနားထောင်ဖို့ လာတာ တွေ့ရပါတယ်။ တင်မိုးက သူ့စာအုပ်ကို ဆွဲကြည့်တော့ ‘ပံးရီဘံတိုက်’ သီချင်းကို တွေ့ပါတယ်။ တင်မိုးက တချို့ ဖတ်မရတာတွေ မေးပြီး အချောကူးပေးလိုက်ပါတယ်။ သတ်ပုံတွေလည်း ပြင်ပေးလိုက်ပါတယ်။ သူ့သီချင်းလေးကို စိတ်ဝင်စားပြီး ရန်ကုန်ကို (လင်းခေးလုလင် ထင်ပါတယ်) ပို့ပေးလိုက်တော့ အောင်မြင်သွားတော့တာပါပဲ။

ကန်မြဲ ကိုအေးကျော်ရဲ့ အကြောင်းကို ကြည်အောင်၊ ချစ်ဦးညို စသူတွေ ရေးထားတာ ရှိပါတယ်။ ကျွန်တော်လည်း မောင်မောင်(ညို) ခေါ် မောင်သစ်ဆင်း မေးလို့ ဖြေရာက ဆောင်းပါးရေးဖြစ်တာပါ။ မောင်သစ်ဆင်းက ကိုအေးကျော်ရဲ့ ပုပ္ပားသီချင်းထဲမှာ နဂါးလိမ်ကျော်ဆစ် ဆိုတဲ့ စကားရဲ့ အဓိပ္ပာယ်ကို မေးတာပါ။ တင်မိုးကို လှမ်းမေးတော့ တင်မိုးက မောင်စွမ်းရည်နဲ့ပတ်သက်တဲ့ မေးခွန်း ဆိုပြီး ကျွန်တော့်ကို ဖြေခိုင်းလို့ ကျွန်တော် ဖြေလိုက်တာပါ။ ခုလည်း ဟိုလူ ဒီလူတွေက ကိုအေးကျော်ရဲ့ သီချင်းထဲက ပြဿနာကို ကိုအေးကျော်ရဲ့ ဆရာ (စာသင်ပေးတဲ့ ဆရာ မဟုတ်ပါ၊ သီချင်းကိစ္စ လမ်းညွှန်ပေးတဲ့ ဆရာ) တင်မိုး မေးစရာမရှိလို့ တင်မိုးနဲ့ အနေနီးတဲ့ မောင်စွမ်းရည်ကို မေးလာကြပါတယ်။ တင်မိုး ရှိနေရင်လည်း သူ့ထုံးစံအတိုင်း ဒီပြဿနာကို မောင်စွမ်းရည်ကိုပဲ လွှဲပေးမှာပါ။ သူက ဒီပြဿနာက မောင်စွမ်းရည်ကြောင့် ဖြစ်ရတဲ့ ပြဿနာတဲ့။

ကိုအေးကျော်ရဲ့ ပုပ္ပားတောင် သီချင်းရေးတုန်းက ကျွန်တော်လည်း ကန်မြဲကို ရောက်နေပါတယ်။ နွေရာသီကျောင်းပိတ်ရက်မို့ ရောက်နေတဲ့ ပုပ္ပားတောင်အကြောင်းကို တင်မိုးနဲ့ ကိုအေးကျော်တို့ နှစ်ကိုယ်ချင်း ပြောနေတာကို ကျွန်တော် မနေတတ်မထိုင်တတ်နဲ့ ဝင်စွက်ခဲ့တာပါ။ ကျွန်တော်က အခြေခံပညာတုန်းက ဇီဝဗေဒ၊ ဓာတုဗေဒ၊ ရူပဗေဒတို့ကို သင်ယူခဲ့ပြီး တက္ကသိုလ်ရောက်တော့ ဘူမိဗေဒကို ပြောင်းယူလိုက်ပါတယ်။ ဒါကြောင့် တောင်တွေအကြောင်းကိုလည်း သင်ယူခဲ့ရတော့ ပုပ္ပားတောင်ဟာ မီးတောင်ဟောင်းကြီး ဖြစ်နေတာကို သင်ခဲ့ရဖူးပါတယ်။ ပုပ္ပားတောင်ကလပ် ဆိုတာ မီးတောင်ထိပ်ဝမှာ ပိတ်ဆို့နေတဲ့ ကျောက်တုံးကြီးကြီး ဖြစ်ကြောင်း ပုပ္ပားတောင်ဝန်းကျင်မှာ မြေကြောတချို့ အမြှောင်းလိုက် ဖြစ်နေတာဟာ မီးတောင်ချော်ရည်တွေ စီးကျထားတာ ဖြစ်ကြောင်း စသည် ရှိပါတယ်။ အဲဒီလို အနုပညာဉာဏ်ကောင်းတဲ့ ကိုအေးကျော်က မှတ်သားပြီး ချော်ရည်အကြောင်းတွေကို ‘နဂါး’အဖြစ် တင်စားလိုက်ရာက ‘နဂါးလိမ်ချော်ဆစ်’ လို့ ကဗျာစကားလုံး ဖြစ်ပေါ်လာခဲ့ကြောင်းကို မောင်သစ်ဆင်းထံ ရှင်းပြလိုက်တော့ ဆောင်းပါးတပုဒ် ဖြစ်သွားခဲ့ပါတဘ်။

အတိုချုပ်ကတော့ နဂါးလိမ်ချော်ဆစ် ဆိုတာ မီးတောင်ချော်ရည်စီးကြောင်းက မြေကြီးအဖြစ် ခဲနေတဲ့ မြေတုံး မြေဘောင်ကြီး ဖြစ်နေကြောင်းပါပဲ။ အဲဒီဆောင်းပါး ရှာမရလို့ အသစ်ရေးလိုက်ရတာပါ။

ကြုံတုန်း ပြောရရင် ကျွန်တော်က ဆယ်တန်းအောင်ပြီး ၄ နှစ်နဲ့ ယူရမယ့် ဘွဲ့ကို ဆယ်နှစ်ကျော်မှ ရခဲ့တာပါ။ ဇီဝ၊ ဓာတု၊ ရူပ၊ ဘူမိ၊ ပထဝီ၊ သမိုင်း စသည် စသည် ဘာသာစုံ ပြောင်းယူနေခဲ့လို့ပါ။ ဘူမိဗေဒဘာသာကို တတိယနှစ်အထိ ယူခဲ့အပြီးမှာ ဝိဇ္ဇာဘာသာတွေ ပြောင်းယူခဲ့တာပါ။ ကျူရှင်ဆရာ လုပ်နေရာက ပြည်သူပိုင်သိမ်းတော့ ဘွဲ့မရရင် အထက်တန်းပြဆရာ မဖြစ်နိုင်တော့လို့ ပြန်ဖြေမှ ဘွဲ့ရပြီး အလယ်တန်းပြကနေ အထက်တန်းပြဆရာ ဖြစ်လာခဲ့ရတာပါ။ ဘူမိဗေဒက အဲဒီလို ကြားဖောက်ယူခဲ့ကြောင်းပါ ခင်ဗျာ။


မောင်စွမ်းရည်

၂၀၂၃၊ ဇန်နဝါရီ ၉။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar