Breaking News

လှကျော်ဇော - တရုတ်ပြည်က ကိုဗစ်လှိုင်း

လှကျော်ဇော - တရုတ်ပြည်က ကိုဗစ်လှိုင်း
(မိုးမခ) ဇန်န၀ါရီ ၂၂၊ ၂၀၂၃

၁၉၆၀ ခုနှစ်လောက်က ဗမာပြည်မှာခေတ်စားတဲ့ ကြော်ငြာတရပ်ရှိပါတယ်။ 
"ခေတ်မီသူတိုင်း ပင်လယ်ငါးစားကြသည် ...'' (ဘာဘာညာညာ) ပေါ့။ အခုလဲ တရုတ်ပြည်မှာ ခေတ်မီသူတိုင်း ကိုဗစ်ဖြစ်သည်လို့ ဆိုရမှာပါ။ တမြို့လုံး၊ တရွာလုံး၊ တရပ်ကွက်လုံး နေရာအနှံ့မှာ အပျော့အပြင်း အမျိုးမျိုးနဲ့ တတိုင်းပြည်လုံးမှာဖြစ်နေပါတယ်။ တချို့ကလည်ချောင်းလေး နည်းနည်းနာ၊ နှာ နည်းနည်းစေး၊ ချောင်းဆိုး ရုံလေးကနေ အပူတက်၊ တကိုယ်လုံးကိုက်ခဲ၊ ချောင်းအဆက်မပြတ်ဆိုး၊ အဆုပ်ရောင်၊ ၄ - ၅ ရက်မှာ တဖြည်းဖြည်းသက်သာလာဆိုတာမျိုးကနေ အသက်ရှူလမ်းကြောင်းစွမ်းအင်ကျ၊ တခြားအင်္ဂါများကိုပါထိခိုက် အသက်ဆုံးရှုံးမှုအထိ အဆင့်အမျိုးမျိုးပါ။ 

တရုတ်အစိုးရအနေနဲ့ ၂၀၁၉၊ဒီဇင်ဘာလ ကစလို့(၃)နှစ်ကျော် ကိုဗစ်လုံးဝ အဆက်ဖြတ်ရေးမူကျင့်သုံးလာတာပါ။ ရောဂါတွေ့လို့ကတော့ တမြို့လုံးပိတ်၊ လူအားလုံး အာခေါင်တို့ပတ်စစ်၊ ရောဂါတွေ့သူအားလုံး ရောဂါအဆင့်လိုက် ခွဲခြားပို့တဲ့ ဆေးရုံတွေအရပ်တွေသွားခွဲနေရ၊ တရုတ်လူမျိုးတွေ သူတို့အစိုးရစကားကို အတော်နားထောင်ကြရှာပါတယ်။ အစိုးရဖက်ကလည်း လိုလေးသေးမရှိ လုပ်ပေးတာပါ။ ဆေးဝါးအခမဲ့ကုသပေး၊ အခမဲ့ကျွေးမွေး၊ အခမဲ့ဆေးစစ်၊ ပြည်သူတွေတင်ပြတဲ့ အခက်အခဲတွေကိုလည်း ချက်ခြင်းဖြေရှင်းပေးနဲ့ အတော်မြိုင်မြိုင်ဆိုင်ဆိုင် လုပ်နိုင်ခဲ့တာပါပဲ။ သေဆုံးနှုန်း၊ ဖြစ်ပွားမှုနှုန်းတွေကိုလည်း အနိမ့်ဆုံးဖြစ်အောင် အတော့်ကိုထိန်းထားနိုင်ခဲ့ပါတယ်။ 

ဒါ့ပေမဲ့ အစိုးရအနေနဲ့ ၂၀၂၂ အလယ်မှာ ရောဂါဖြစ်နှုန်းတွေ၊ သေဆုံးနှုန်းတွေကျလာတော့ တဖြည်းဖြည်းစမ်းစမ်းပြီး ဖွင့်ပေးလာနေပါတယ်။ (စီးပွားရေးအရလည်း ထိလာပြီကိုး) ၈ လပိုင်း လမုန့်စားပွဲတို့၊ ၁၀ လပိုင်း နိုင်ငံတော်နေ့ အားလပ်ရက် စတာတွေမှာ ပြည်တွင်းခရီးသွားလာရေးတွေ စဖွင့်ပေးပါတယ်။ အဲဒီပွဲတော်ရက်တွေအပြီးမှာ ကိုဗစ်လှိုင်းတွေပြန်ထလာတော့၊ လူတွေက (အထူးသဖြင့် သက်ကြီးပိုင်းတွေ) ပဲ အစိုးရကို စီးပွားရေးပဲကြည့်တယ်။ ပြည်သူတွေအသက်ကိုဂရုမစိုက်ဘူးလို့ ဝေဖန်လာကြပြန်ပါတယ်။ နိုဝင်ဘာလကုန်ရက်များမှာတော့ အစိုးရက ရပ်ကွက်အသီးသီးမှာ ကိုဗစ်ကာကွယ်ဆေး အပြည့်မထိုးရသေးသူများ၊ အထူးသဖြင့်အသက် ၆၅ နှစ်အထက်နဲ့ အခြေခံရောဂါများရှိသူ လာဆေးထိုးဖို့ လှုံ့ဆော်ပါတော့တယ်။ တချို့ပြည်နယ်တွေ၊ မြို့တွေမှာ ကန့်သတ်ချက်တွေစမ်းရုပ်သိမ်းကြည့်လိုက်လို့ ကိုဗစ်လှိုင်းတက်လာတဲ့ အတွေ့အကြုံအခြေအနေများကိုလည်း သတင်းကွန်ရက် အများအပြားကနေ မိတ်ဆက်ပေး ပြောပြနေပါတယ်။ နိုင်ငံတွင်းက နာမည်ကြီး ဆရာဝန်ကြီးများက ရောဂါဖြစ်လာရင် သိပ်စိတ်မပူပန်ကြဖို့၊ အခုကတည်းက အပူကျဆေးတွေ၊ ချောင်းဆိုးပျောက်ဆေး၊ အကိုက်အခဲပျောက်ဆေးတွေ၊ တချို့ဗိန္ဒောဆေးတွေ စုဆောင်းထားဖို့ သတိပေးလှုံ့ဆော်ပါတယ်။ ရောဂါဟာ ၃ - ၅ ရက် ထိ အနည်းငယ်ပြင်းထန်နိုင်ပေမယ့်၊ တပတ်လောက်ကြာရင် တဖြည်းဖြည်းသက်သာလာနိုင် ကြောင်း၊ တချို့က၂ ပတ်လောက်တော့ (ဂျွမ် (ကျွမ်း) ပြန်အောင်) ခံရနိုင်ကြောင်း၊ ၃ - ၄ ပတ်လောက်ကြာပြီးမှ ပုံမှန်ပြန်ရောက်နိုင်ကြောင်းစတာတွေလည်း ဟောပြောထားပါတယ်။ တရုတ်ပြည်အစိုးရရဲ့ စမ်းသပ်သုတေသနပြုမှုအရ ကိုဗစ်ရောဂါဟာ သာမန်တုတ်ကွေးအအေးမိရောဂါထက် နည်းနည်းပိုသာမယ့်အဆင့်အထိ လျော့ကျတဲ့အခြေအနေမှာရှိနေလို့ ဖွင့်ပေးဖို့ ဆုံးဖြတ်လိုက်ပုံရပါတယ်။ နေက်ပြီး အနောက်နိုင်ငံတွေကအထင်သေးကြတဲ့ တရုတ်ရဲ့ ကိုဗစ်ကာကွယ်ဆေးဟာ ကိုဗစ်ရောဂါရဲ့အစွမ်းကို သုံးဆလောက် လျော့ချပေးနိုင်တယ်လို့လည်း တရုတ်ပြည်သူတွေက နားလည်ယုံကြည်နေကြပါတယ်။ 

အဲဒီကာလမှာပဲ၊ ထန်းသီးကြွေခိုက် ကျီးနင်းလိုက် အဖြစ်အပျက်တွေပေါ်လာပါတယ်။ ၂၀၂၂ နိုဝင်ဘာလကုန်ပိုင်းကျင်းပတဲ့ ကမ္ဘာဘော လုံးဖလားဖွင့်ပွဲအခမ်းအနားကို တိုက်ရိုက် တရုတ်ပြည်က (အထူးသဖြင့်လူငယ်တွေ) ကြည့်ရတော့ တကွင်းလုံးဘယ်သူမှ နှာခေါင်းစည်း မစည်း၊ တရုန်းရုန်းနဲ့ ပျော်လိုက်ပါးလိုက်တာတွေတွေ့ရတော့ ဘယ်သွားသွား နှာခေါင်းစည်း တပ်ရ၊ ဖုန်းတွေမှာ ၂၄ နာရီအတွင်းပိုးကင်းစင်ကြောင်းစစ်ဆေးထားချက်ပါမှ ဘယ်နေရာမဆိုဝင်ခွင့်ရှိတာတွေအပေါ် အတော်မကျေမနပ်ဖြစ်လာကြပါတယ်။ သတင်းကွန်ရက်တွေမှာ ရေးကြဆော်ကြနဲ့။ အဲဒီအချိန်မှာပဲ ရှင်ကျန်းပြည်နယ်မြို့တော်၊ ဝူးလို့မုချီက လူနေအိမ် တိုက်တတိုက် မီးလောင်ပါတယ်။ အဲဒီရပ်ကွက်က ကိုဗစ်ဖြစ်လို့ ပိတ်ထားရတာ တလကျော်ရှိပါပြီ။ အဲဒီမီးလောင်မှုမှာ လူ (၁၀) ယောက်ကျော် သေပါတယ်။ ဒီတော့ သတင်းကွန်ရက်တွေမှာ ကိုဗစ်ပိတ်ဆို့မှုကြောင့် မီးသတ်ကားတွေအရောက်နောက်ကျလို့ လူတွေသေရတာဆိုတဲ့ သတင်းပွလာပါတယ်။ မီးသတ်အဖွဲ့ကလဲ အခြေအနေတွေကို ချက်ချင်းသတင်းထုတ်ပြန်ပါတယ်။ အလွန်အေးတဲ့ဆီးနှင်းတွေလဲကျနေတဲ့အရပ်ဖြစ်တော့ အဲဒီတိုက်ရှေ့ရပ်ထားတဲ့ လူစီးကားတွေက စက်နှိုးမရဘဲ ပိတ်ဆို့နေလို့ မီးသတ်ကားတွေဝင်မရဖြစ်ရတာတဲ့။ အဲဒီအဖြစ်ကို အကြောင်းပြပြီး ရှံဟဲမှာရှိတဲ့ ဝုလို့မုချီလမ်းမှာ သေဆုံးသွားသူများအတွက် ဆုတောင်းပွဲလုပ်မယ်ဆိုပြီး သတင်းကွန်ရက်မှာ လှုံ့ဆော်ပြီး ပန်းခွေတွေချ၊ ဆုလဲတောင်း၊ ကိုဗစ်ထိန်းချုပ်မှုတွေလျှော့ချပေးဖို့ ဆန္ဒလဲပြဖြစ်လိုက်တာပါ။ ရဲတွေက လူတချို့ကိုဖမ်းပြီး နောက်နေ့ပြန်လွှတ်လိုက်ပါတယ်။ ဒီဇင်ဘာ (၇) ရက်နေ့မှာတော့ ကိုဗစ်ရောဂါထိန်းချုပ်မှုကိုလျှော့ချလိုက်ပြီလို့ ကြေညာလိုက်ပါတယ်။

အဲဒီနေ့အထိတရုတ်ပြည်မှာ ကိုဗစ်ဖြစ်တဲ့သူစာရင်း၊ ကိုဗစ်ကြောင့်သေဆုံးသူစာရင်း နေ့စဉ်ထုတ်ပြန်နေတာပါ။ ဇန်နဝါရီ (၁၅) ရက်မှာတော့ ပီကင်းမှာ တရုတ်ကျန်းမာရေးဌာနတာဝန်ရှိသူများက သတင်းစာရှင်းလင်းပွဲလုပ်ပြီး တရုတ်ပြည်တွင်း ကိုဗစ်ထိန်းချုပ်မှုလျှော့ချပြီးနောက်ပိုင်း အခြေအနေတွေကိုပြောပြပါတယ်။ ဒီဇင်ဘာ (၈) ရက်မှ ဇန်နဝါရီ (၁၄) ရက်နေ့အထိ တရုတ်ပြည်မှာ ကိုဗစ်နဲ့ပတ်သက်ပြီးသေဆုံးသူ (၆သောင်း) နီးပါးရှိကြောင်း၊ သေဆုံးသူများရဲ့ ပျှမ်းမျှအသက် (၈၀.၃) ဖြစ်ကြောင်း၊ (ဒါဟာ ဆေးရုံတွေပေါ်ကစာရင်းသာဖြစ်ကြောင်း) တရုတ်က ကိုဗစ်ကြောင့်သေဆုံးသူ (အသက်ရှူလမ်းကြောင်းစွမ်းအင်ကျသေဆုံးခြင်း) သတ်မှတ်ချက်အရဆိုရင်တော့ သေဆုံးသူ (၅၉၀၀) ကျော်ရှိကြောင်း၊ ကျန်သူများမှာ နှလုံးရောဂါ၊ ဆီးချိုရောဂါအခံရှိသူများ၊ ဆီးရောဂါကြောင့် သွေးသန့်နေရသူများဖြစ်ကြောင်း၊ စသဖြင့် ပြောသွားပါတယ်။ (ဂဏန်းအတိအကျပြောတာပါ။ ပြန်ရှာလို့မတွေ့တော့လို့ပါ။) 

ကျေးလက်ဒေသတွေမှာလည်းအရေးပေါ် ဆေးပေးခန်းတွေ အများအပြားဖွင့်ပေးပြီး ဆေးဝါးတွေမပြတ်အောင်ပေးပို့နေကြောင်းတွေပြောပြသွားပါတယ်။ ဆေးရုံတွေက ဆေးဝန်ထမ်းတွေရော၊ ဆေးဝါးစက်ရုံတွေကအလုပ်သမားတွေရောကိုဗစ် တွေဖြစ်ကုန်လို့လည်ပတ်မှုတွေ တစုံတရာထိခိုက်မှုရှိကြောင်းလည်း ပြောသွားပါတယ်။ အခုအချိန်မှာတော့ ကိုဗစ်လှိုင်းအကျလို့ပြောနိုင်ကြောင်းလို့လဲပြောသွားပါတယ်။ ဒါ့အပြင် အခုတရုတ်နှစ်သစ်ကူးမှာပြည်တွင်းမှာသာမက နိုင်ငံတကာလေ ကြောင်းတွေပါဖွင့်ပေးလိုက်လို့ တရုတ်ပြည်သူတွေ တနိုင်ငံလုံးလမ်းပေါ်ရောက်နေကြသလား အောက်မေ့ရပါတယ်။ ဒီတော့ ပညာရှင်ကြီးများကလည်း ဝတ္တရားကျေပွန်စွာသတိပေးနေကြပြန်ပါပြီ။ 

.... နှစ်သစ်ကူးအားလပ်ရက်အပြီး အနယ်နယ်အရပ်ရပ်ကပြန်ရောက်လာကြမယ့် ခရီးသွားများကသယ်ဆောင်လာနိုင်လို့ ကိုဗစ်လှိုင်းနောက်တကျော့ ဖေဖော်ဝါရီလလယ်မှာ ပြန်လာနိုင်သေးလို့ သတိဝိရိယမပေါ့ကြပါနဲ့ ...တဲ့။ 

လှကျော်ဇော
၂၀-၁-၂၀၂၁။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar