Breaking News

စစ်ကောင်စီကို အနိုင်ယူနိုင်ဖို့အတွက် လိုအပ်ချက်တွေက ဘာတွေလဲ


မြန်မာနွေဦး ခရိုနီကယ် - ဇန်နဝါရီ ၂၁ မြင်ကွင်း

(မိုးမခ) ဇန်နဝါရီ ၂၂၊  ၂၀၂၃


စစ်ကောင်စီကို အနိုင်ယူနိုင်ဖို့အတွက် လိုအပ်ချက်တွေက ဘာတွေလဲ 

မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးရပြီးကာလ နိုင်ငံရေး သမိုင်းမှာ စစ်တပ်က တဖြည်းဖြည်းနဲ့ နိုင်ငံရေးအာဏာကို ရယူလာခဲ့တာ စစ်အာဏာသိမ်းဖို့ ကြိုးစားတာကို ကာလအကန့်အသတ်နဲ့ အာဏာလွှဲပြောင်းတာ တကြိမ်၊ စစ်အာဏာသိမ်းတာ ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး နိုင်ငံရဲ့ အာဏာကို စစ်တပ်က ဆယ်စုနှစ်များစွာ ရယူချုပ်ကိုင်ထားခဲ့ပြီး လူမျိုးစု တိုင်းရင်းသားတွေရဲ့ အခွင့်အရေး အတွက် လက်နက်ကိုင် တိုက်ခိုက်မှုနဲ့ နိုင်ငံရေး အယူဝါဒ အပေါ် အခြေခံတဲ့ ပြည်တွင်းစစ်မီးလည်း ဆယ်စုနှစ် ၇ ခုကျော်ကြာ တောက်လောင်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိတဲ့ သမိုင်းနဲ့ အပြိုင် ပြည်တွင်းစစ်မီးလည်း တောက်လောင်ခဲ့တာ ဖြစ်ပြီး အာဏာသိမ်းမှုတကြိမ် ဖြစ်ပွားတိုင်း လက်နက်ကိုင် ပဋိပက္ခတွေကို ပိုမိုအရှိန်ကောင်းအောင် အားဖြည့်ပေးသလို ဖြစ်စေခဲ့ပြီး ဆယ်စုနှစ် ၇ ခုကျော်ကာလအတွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲပေါင်းများစွာ လုပ်ခဲ့ကြပေမယ့် နိုင်ငံရေးပြဿနာမှာ အခြေခံတဲ့ ပြည်တွင်းစစ်ကို အဖြေရှာဖို့ နိုင်ငံရေးဆွေးနွေးမှုတွေ ဆီမရောက်ရှိနိုင်ခဲ့ကြတာ၊ သို့မဟုတ် နိုင်ငံရေးဆွေးနွေးမှု ဖြစ်ပွားတဲ့အချိန်ကာလ အခွင့်အရေးတချို့ ပေါ်ထွက်ခဲ့ချိန်မှာလည်း တိုင်းရင်းသား လူမျိုးစုတွေရဲ့ ကိုယ်ပိုင် ပြဌာန်းခွင့်၊ အုပ်ချုပ်ခွင့် တန်းတူအနေအထားနဲ့ ဆွေးနွေးတာမျိုးတွေ မဟုတ်ခဲ့တာကြောင့် အဖြေကြီးကြီးမားမား မရရှိခဲ့ကြတာကို တွေ့ရမှာ ဖြစ်ပါတယ်။ 

အခုရက်ပိုင်း မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်လို့ နိုင်ငံတကာ ပညာရှင်အများစုနဲ့ မြန်မာလူမျိုး ပညာရှင်တချို့ ပါဝင်တဲ့ အွန်လိုင်း ဆွေးနွေးပွဲတရပ်ကို အမေရိကန် နိုင်ငံ Stimson Centerက ကမကထ လုပ်ကျင်းပခဲ့ပါတယ်။ မြန်မာ့အရေးနဲ့ ပတ်သက်လို့ လေ့လာနေတဲ့ နိုင်ငံတကာ တက္ကသိုလ်က ပါမောက္ခတွေ၊ သုတေသီတွေ ပါဝင်ဆွေးနွေးကြရာမှာ ယုံကြည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှု လိုအပ်နေတယ်ဆိုတဲ့ ခေါင်းစဥ်နဲ့ RFA သတင်းထဲ ဖော်ပြထားတာ တွေ့ရပါတယ်။ ဆွေးနွေးပွဲမှာ ဆွေးနွေးကြတဲ့ အကြောင်းအရာကို အနှစ်ချုပ်ထားတဲ့ ခေါင်းစဥ်က  ဆိုလိုတဲ့ ယုံကြည်မှုဆိုတာက စစ်ကောင်စီဆန့်ကျင်ရေး ဘက်က အဖွဲ့အစည်းတွေ ဖြစ်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ နဲ့ NUG, CRPH, NUCC တို့အကြား ယုံကြည်မှု လိုအပ်နေသေးတယ်လို့ ရည်ညွှန်းပြောဆိုတာ လို့နားလည်ရပြီး ၊ နောက် အဓိက သော့ချက်စကားလုံးဖြစ်တဲ့ ပူးပေါင်းဆောင်ရွက်မှုဆိုတဲ့ အဓိပ္ပါယ်ကတော့ စစ်ကောင်စီဆန့်ကျင်ရေး နိုင်ငံရေး နဲ့ စစ်ရေး အဖွဲ့အစည်းတွေ အကြား ပူးပေါင်းဆောင်ရွက်မှု လိုအပ်နေသေးတယ်ဆိုတဲ့ အဓိပ္ပါယ်လို့ ကောက်ချက်ချရပါတယ်။ 

ယုံကြည်မှု ဆိုတဲ့ သော့ချက်စကားလုံးအတွက် ဘာကြောင့် ယုံကြည်မှု လိုအပ်နေသေးသလဲဆိုတဲ့ အချက်ကလည်း အဓိက ကျတဲ့ မေးခွန်းဖြစ်ပါတယ်။ ယုံကြည်မှု ရှိဖို့အတွက်ဆိုရင် ရည်မှန်းချက် ပန်းတိုင်နဲ့ ပတ်သက်ပြီး တူညီခြင်း၊ တဖွဲ့နဲ့တဖွဲ့အကြား တန်ဖိုးတွေ၊ စံနှုန်းတွေ ပန်းတိုင် စတဲ့ မူဝါဒ ပိုင်းမှာ ပြဒါးတလမ်း သံတလမ်းမဖြစ်ပဲ တူညီမှုရှိခြင်း၊ တဖွဲ့နဲ့တဖွဲ့အကြား တန်းတူအနေအထား နဲ့ ဆက်ဆံခြင်း၊ အဖွဲ့တဖွဲ့နဲ့ တဖွဲ့အကြား အတိတ်ကဖြစ်ရပ်တွေမှာ ပဋိပက္ခဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေ မရှိတာ၊ ရှိခဲ့ရင် ကျူးလွန်တဲ့ဘက်က အတိတ်ကဖြစ်ရပ်တွေအတွက် တောင်းပန်တာ၊ နစ်နာခဲ့မှုအတွက် ကုစားမှုလုပ်ဆောင်တာတွေ လိုအပ်မှာဖြစ်ပါတယ်။ 

စစ်ကောင်စီကို အနိုင်ရရေးက ပထမ၊ အတိတ်က အဖြစ်အပျက်တွေ နဲ့ ဆက်စပ်ပြီး မယုံကြည်မှု သံသယတွေကို ဒုတိယ၊ တတိယ အဖြစ်နဲ့ ထားဖို့ ဆိုလိုခြင်းဟာလည်း သဘာဝမကျပါဘူး။ အတိတ်က အဖြစ်အပျက်တွေအတွက် လုံလောက်တဲ့ ပြန်လည်သုံးသပ်မှု၊ တောင်းပန်မှုတွေက အနာဂတ်ကို ခရီးမဆက်ခင်မှာ မရှိမဖြစ်လိုအပ်တာ ဖြစ်ပါတယ်။ 

ယုံကြည်မှုရှိအောင် လုပ်ဆောင်လို့ ရပြီဆိုတဲ့နောက် ပူးပေါင်းဆောင်ရွက်မှု စုစည်းမှု အင်အားတခုထည်းအနေနဲ့ စုစည်းလုပ်ဆောင်နိုင်မှုကလည်း စစ်ကောင်စီကို စစ်ရေးနည်းနဲ့ အနိုင်ယူမယ် ဖြိုလှဲမယ်ဆိုတဲ့ ရည်ရွယ်ချက်အတွက် အဓိကလိုအပ်ချက် ဖြစ်ပါတယ်။ ပူးပေါင်းဆောင်ရွက်မှု မရှိတဲ့အခါ စစ်ကောင်စီဘက်က အင်အားနဲ့ စစ်ကောင်စီဆန့်ကျင်ရေးဘက်က အင်အားတို့ရဲ့ အချိုးအစားကွာခြားမှုက ကြီးမားနေမှာ ဖြစ်ပြီး စစ်ကောင်စီကို အဆုံးအဖြတ်ကျတဲ့အောင်ပွဲတွေနဲ့ အနိုင်ယူဖို့ ခက်ခဲမှာ ဖြစ်ပါတယ်။ 

စစ်ရေးအင်အားနဲ့ အနိုင်ယူဖို့အတွက် လုံလောက်တဲ့ လက်နက်ရဖို့ ၊ မဟာဗျူဟာ ကျတဲ့ လက်နက်အမျိုးအစားရဖို့ အရာလည်း အဓိကကျတဲ့ အချက်ဖြစ်သလို စစ်ရေးမှာ ပူးပေါင်းဆောင်ရွက်မှုရဲ့ နောက်ခံအကြောင်းရင်းက နိုင်ငံရေးသဘောတူညီမှု၊ လက်နက်ကိုင် အဖွဲ့အစည်းများအကြားမှာ နိုင်ငံရေးအရ တူညီတဲ့ ရည်မှန်းချက် သို့မဟုတ် အကျိုးစီးပွားရှိဖို့ လိုအပ်မှာဖြစ်ပါတယ်။ 

ဒီအချက်တွေကို ဖြေရှင်းနိုင်ဖို့က ပြောတာ လွယ်ကူပေမယ့် လက်တွေ့မှာ နေ့ချင်းညချင်း လုပ်ဆောင်နိုင်တဲ့အရာတွေတော့ မဟုတ်ပေမယ့် အစဥ်တစိုက် ကြိုးပမ်းနေရမယ့် အရာတွေဖြစ်ပြီး ဖြည့်ဆည်းရမယ့် အရေးကြီးတဲ့လိုအပ်ချက်တွေ ဖြစ်တာမို့ စစ်အာဏာသိမ်းမှု ၂ နှစ်ပြည့်လုနီးကာလမှာ ဘယ်လောက်ထိ ခရီးရောက်နေပြီး ဘာတွေဖြည့်ဆည်းရမလဲဆိုတာ ပြန်သုံးသပ် လုပ်ဆောင်ဖို့ သင့်တဲ့ကာလဖြစ်တယ်လို့ ဆိုချင်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar