Breaking News

စစ်ကောင်စီ ထုတ်ပြန်လိုက်တဲ့ နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်း ဥပဒေသစ်၊ ကရင်ပြည်နယ်က မွန်လူမျိုးတွေ နေထိုင်တဲ့ကျေးရွာ တိုက်ပွဲပြင်းထန်

မြန်မာနွေဦး ခရိုနီကယ် - ဇန်နဝါရီ ၂၆ မြင်ကွင်း

(မိုးမခ) ဇန်နဝါရီ ၂၇၊  ၂၀၂၃


စစ်ကောင်စီ ထုတ်ပြန်လိုက်တဲ့ နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်း ဥပဒေသစ်၊ ကရင်ပြည်နယ်က မွန်လူမျိုးတွေ နေထိုင်တဲ့ကျေးရွာ တိုက်ပွဲပြင်းထန် 

စစ်ကောင်စီက လာမယ့် သြဂုတ်လမှာ ၄င်းတို့ကျင်းပမယ်လို့ ပြောဆိုထားတဲ့ ရွေးကောက်ပွဲ အတွက် ရှိပြီး ၂၀၁၀ ခုနှစ်နိုင်ငံရေးပါတီမှတ်ပုံတင်ဥပဒေကို ပြင်ဆင်ပြီး ပြဌာန်းကြောင်း ဇန်နဝါရီ ၂၆ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။ 

အခုလို နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်း ဥပဒေကို ထုတ်ပြန်လိုက်တာဟာ ရွေးကောက်ပွဲကို လာမယ့် သြဂုတ်လမှာ ကျင်းပမယ်ဆိုတဲ့ ထပ်မံအတည်ပြုလိုက်တယ် ဆိုတာထက် ပြင်ဆင်မှုတခုအဖြစ်သာ ရှုမြင်ရမှာဖြစ်ပါတယ်။ မြေပြင် လူဦးရေသန်းခေါင်စာရင်းကောက်ယူခြင်း၊ နိုင်ငံရေးပါတီမှတ်ပုံတင် ဥပဒေပြင်ဆင်ခြင်းတို့ဟာ ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲအတွက် လိုအပ်တဲ့ ပြင်ဆင်မှုတွေကို လုပ်ဆောင်တာသာ ဖြစ်ပြီး ရွေးကောက်ပွဲကို အရင်ပြောဆိုထားတဲ့အတိုင်း ၂၀၂၃ သြဂုတ်မှာ ကျင်းပမယ် မကျင်းပမယ်ဆိုတာက နိုင်ငံရေးဆိုင်ရာ ဆုံးဖြတ်မှုတရပ် ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ စစ်တပ်အတွက် အသာစီးရမယ့် အခြေအနေ၊ အကျိုးရှိမယ့် အနေအထား၊ လက်နက်ကိုင် တိုက်ပွဲတွေ အရှိန်မြင့်လာမှု၊ ရွေးကောက်ပွဲအပေါ် ပြည်တွင်းနဲ့ နိုင်ငံတကာရဲ့ တုံ့ပြန်မှုတွေ အပေါ်မှာမူတည်ပြီး နိုင်ငံရေးကျားကွက်ကို ရွှေ့ကောင်းရွှေ့နိုင်သေးတာလည်း ဖြစ်ပါတယ်။ 

ဒီလို နိုင်ငံရေးကစားကွက်၊ မဟာဗျူဟာ၊ နည်းဗျူဟာ အပိုင်းကို ခဏဖယ်ထားပြီး အခုစစ်ကောင်စီ ခန့်အပ်ထားတဲ့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်လိုက်တဲ့ နိုင်ငံရေးပါတီ မှတ်ပုံတင် ဥပဒေကို ကြည့်ရင် တနိုင်ငံလုံးအတိုင်းအတာနဲ့ ပါတီကြီးတွေသာ မှတ်ပုံတင်ဥပဒေအရ ဘောင်ဝင်နိုင်ပြီး နယ်မြေအရ တနိုင်ငံလုံးအတိုင်းအတာနဲ့ ယှဥ်ပြိုင်ဖို့ ရည်ရွယ်ထားတဲ့ အင်အားနည်းတဲ့ နိုင်ငံရေးပါတီတွေ မရပ်တည်နိုင်အောင် လုပ်လိုက်တဲ့ အချက်တွေ ပါရှိလာတာ ဖြစ်ပါတယ်။ 

အခုထုတ်ပြန်တဲ့ ဥပဒေသစ်အရ ဆိုတရင် လက်ရှိ နိုင်ငံရေးပါတီတွေအားလုံး ရက် ၆၀ အတွင်း ပြန်လည်မှတ်ပုံတင်ဖို့ လိုအပ်ပြီး မှတ်ပုံတင်ရာမှာ ပါတီဝင် ၁ သိန်း နဲ့ မြန်မာ့စီးပွားရေးဘဏ်မှာ ရံပုံငွေ ကျပ်သိန်း ၁၀၀၀ အပ်ထားရမယ်လို့ သတ်မှတ်ပြဌာန်းလိုက်ပါတယ်။ ပါတီဝင် ၁သိန်းကို ရက် ၉၀ အတွင်းစည်းရုံးပြီး ကော်မရှင်ထံကို စာရင်းပေးအပ်ရမှာဖြစ်ပါတယ်။ 

ပြည်နယ် သိုမဟုတ် တိုင်းဒေသတခုခုအတွင်းမှာသာ စည်းရုံးလှုပ်ရှားမယ့် နိုင်ငံရေးပါတီအနေနဲ့ တော့ ရက် ၉၀ အတွင်း ပါတီဝင် ၁ သောင်းကို စည်းရုံးပြီးစာရင်းပေးအပ်ရမယ်လို့ ရေးသားထားပါတယ်။ ဒါ့အပြင်လည်း တနိုင်ငံလုံး စည်းရုံးလှုပ်ရှားမယ့်နိုင်ငံရေးပါတီအနေနဲ့ လွှတ်တော် ၃ ရပ်၊ လူမျိုးစု ကိုယ်စားလှယ် အစရှိတဲ့ ကိုယ်စားလှယ်လောင်း အရေအတွက်ရဲ့ ထက်ဝက်မျှသောနေရာတွေမှာ အနည်းဆုံး ဝင်ရောက်ယှဥ်ပြိုင်နိုင်ရမှာ ဖြစ်ပြီး ဝင်မပြိုင်နိုင်ခဲ့ရင် ပါတီအနေနဲ့ ဆက်လက် ရပ်တည်ခွင့်မရှိဘဲ ပယ်ဖျက်ခံရမယ့် သဘောဖြစ်ပါတယ်။ ပြည်နယ် သို့မဟုတ် တိုင်းဒေသတခုအတွင်း လှုပ်ရှားမယ့် နိုင်ငံရေးပါတီအနေနဲ့တော့ သက်ဆိုင်ရာ ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီးထဲက အနည်းဆုံး တနယ်မှာ ဝင်ရောက်ယှဥ်ပြိုင်ရမှာဖြစ်တယ်လို့ ဖော်ပြထားသလို၊ နိုင်ငံရေးပါတီတွေ အနေနဲ့ ကြားဖြတ်ရွေးကောက်ပွဲတွေမှာလည်း ဝင်ရောက်ယှဥ်ပြိုင်ရမှာဖြစ်ပြီး ကြားဖြတ်ရွေးကောက်ပွဲကျင်းပတဲ့ သက်ဆိုင်ရာ နယ်မြေတွေမှာ မှတ်ပုံတင်ထားတဲ့ ပြည်နယ်နဲ့ တိုင်းဒေသ တခုထဲ စည်းရုံးတဲ့ ပါတီအနေနဲ့ တဦးတယောက်မျှ မယှဥ်ပြိုင်နိုင်ရင်လည်း ပါတီအဖြစ်ကနေ ပယ်ဖျက်ခံရမှာ ဖြစ်ပါတယ်။ 

ဒီနိုင်ငံရေးပါတီမှတ်ပုံတင်ခြင်း ဥပဒေကိုကြည့်ရင် ပါတီကြီး ၂ ပါတီ ၃ ပါတီထက်ပိုပြီး မရပ်တည်နိုင်အောင် ရည်ရွယ်တာ ဖြစ်ပြီး ပြည်နယ်နဲ့တိုင်းဒေသ တခုတည်းမှာ စည်းရုံးမယ့် တိုင်းရင်းသား ပါတီတွေအနေနဲ့ မိမိတို့ လူမျိုးနွယ်တွေ နေထိုင်ကြတဲ့ ဆက်စပ်နေတဲ့ ပြည်နယ်၊ တိုင်းတွေမှာ သွားရောက်စည်းရုံးဖို့ မလွယ်ကူတဲ့အနေအထားမျိုးလည်း ရောက်ရှိသွားတဲ့ သဘောဖြစ်ပါတယ်။ ဥပမာအားဖြင့် ကရင်တိုင်းရင်းသား ပါတီတွေအနေနဲ့ ကရင်ပြည်နယ် တခုတည်းမှာအတွက် မှတ်ပုံတင်ထားမယ်ဆိုရင် ကရင်လူမျိုးအများအပြားနေထိုင်ကြတဲ့ ဧရာဝတီတိုင်းလိုမျိုး၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းရဲ့ အချို့ဒေသတွေလိုမျိုးမှာ နိုင်ငံရေး လှုပ်ရှားမှု ယှဥ်ပြိုင်မှုတွေ လုပ်ဖို့ အခွင့်အရေးမရှိတဲ့ သဘောလည်း ဖြစ်ပါတယ်။ 

ချုံ့ပြောရရင်တော့ စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲက အယုံအကြည်ရှိဖွယ်ရာ မဟုတ်တဲ့ ရွေးကောက်ပွဲဆိုတဲ့ ရပ်တည်ချက်တွေကို နိုင်ငံရေး အင်အားစုတွေက ချမှတ်ထားကြပြီး ဖြစ်တာ အမှန်ပင် ဖြစ်ပေမယ့် နိုင်ငံရေးနည်းလမ်းနဲ့ ရွေးကောက်ပွဲနဲ့ နည်းလမ်းနဲ့ သွားဖို့ မလွယ်အောင် ရှင်ကျန်ရစ်စေချင်တဲ့ ပါတီတွေပဲ ကျန်နိုင်အောင် လုပ်ဆောင်လိုက်တဲ့ လုပ်ရပ်တခုလည်း ဖြစ်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၃ ရက်လောက်ကတည်းက စတင်ဖြစ်ပွားလာတဲ့ ကရင်ပြည်နယ် ကျုံဒိုးမြို့နယ်ထဲက ကျေးရွာတွေက တိုက်ပွဲတွေက ပိုမိုကျယ်ပြန့်လာပြီး သတင်းတွေအရ ကျုံဒိုးမြို့ မှာပါ ဖြစ်ပွားနေတဲ့ သဘောမျိုးဖေါ်ပြထားကြတာတွေ့ရပါတယ်။ ကမ်းနီ၊ ကော့ဘိန်း၊ မိဂလုံ အစရှိတဲ့ကျေးရွာတွေမှာ ဖြစ်ပွားနေတာ ဖြစ်ပြီး ဆက်စပ်နေတဲ့ ကျေးရွာတွေက အရပ်သားဒေသခံတွေလည်း ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ သတင်းတွေ ဖော်ပြထားကြတာ ဖြစ်ပါတယ်။ ကျေးရွာတွေက နေအိမ်တွေကို မီးရှို့ကြတဲ့ သတင်းတွေက ရှုပ်ထွေးနေပြီး ကရင်လက်နက်ကိုင် အဖွဲ့တွေက ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ပြည်သူ့စစ် ပျူစောထီးခေါင်းဆောင်လို့ ယူဆတဲ့သူတွေရဲ့ နေအိမ်တွေကို ရှို့ခဲ့ကြတယ်ဆိုတဲ့ ပြောဆိုမှုတွေရှိသလို စစ်ကောင်စီနဲ့ တွဲဘက်လှုပ်ရှားတဲ့ ကရင်နယ်ခြားစောင့်တပ် BGF ကလည်း ကျေးရွာတွေက နေအိမ်တွေကို လက်တုံ့ပြန် မီးရှို့ကြတယ်ဆိုတဲ့ သတင်းတွေ ဖော်ပြချက်တွေလည်း တွေ့ရှိရတာ ဖြစ်ပါတယ်။ 

မွန်လူမျိုး အများစု နေထိုင်တဲ့ ကျေးရွာတွေနေရာမှာ စစ်ပွဲတွေဖြစ်ပွားလာတဲ့အပေါ် မွန်ပြည်သစ်ပါတီ၊ မွန်တိုင်းရင်းသားလက်နက်ကိုင်တွေကိုပါ စစ်ပွဲအတွင်း ဆွဲခေါ်လာတာလား၊  မွန် နဲ့ ကရင် လက်နက်ကိုင် တပ်ဖွဲ့တွေအကြား သို့မဟုတ် မွန်လူမျိုးတွေနဲ့ ကရင်လူမျိုးတွေအကြား အထင်အမြင် လွဲမှားစရာတွေ ဖြစ်လာနိုင်သလား ဆိုတဲ့ စိုးရိမ်မှုတွေလည်း ပေါ်ထွက်လာတာ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar