Breaking News

ကရင်ပြည်နယ် ကျုံဒိုးမြို့နယ်ထဲ ရောက်လာတဲ့ တိုက်ပွဲတွေ၊ စပါးသစ်ပေါ်ချိန် နောက်တရစ် မြင့်တက်လာတဲ့ ဆန်ဈေး


မြန်မာနွေဦး ခရိုနီကယ် - ဇန်နဝါရီ ၂၅ မြင်ကွင်း

(မိုးမခ) ဇန်နဝါရီ ၂၆၊  ၂၀၂၃


ကရင်ပြည်နယ် ကျုံဒိုးမြို့နယ်ထဲ ရောက်လာတဲ့ တိုက်ပွဲတွေ၊ စပါးသစ်ပေါ်ချိန် နောက်တရစ် မြင့်တက်လာတဲ့ ဆန်ဈေး

မကြာခင်က ဗိုလ်ချုပ်နယ်ဒါးမြ ခေါင်းဆောင်ပြီး ကော်သူးလေတပ်မတော် ဆိုတဲ့အမည်နဲ့ ထပ်မံဖွဲ့စည်းခဲ့တဲ့ ကရင်လက်နက်ကိုင် အဖွဲ့က ဦးဆောင်ကာ ကျုံဒိုးမြို့နယ်ထဲက ကျေးရွာတချို့မှာ ခုရက်ပိုင်းအတွင်း တိုက်ပွဲတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ ကမ်းနီ၊ ကော့ဘိန်း စတဲ့ ကျေးရွာကြီးတွေတဝိုက်မှာ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ ကမ်းနီ၊ ကော့ဘိန်းတို့ဟာ ကရင်ပြည်နယ်ရဲ့ အုပ်ချုပ်ရေး နယ်နိမိတ်ထဲ ပါဝင်တဲ့ ကျေးရွာကြီးတွေ ဖြစ်ပြီး လူမျိုးစုအရပြောရင် မွန်လူမျိုးတွေ နေထိုင်ကြတဲ့ ရွာကြီးတွေ ဖြစ်ပါတယ်။ ကျေးရွာဆိုပေမယ်လို့ ဒေသခံတွေက အရင့်အရင် ထိုင်း-မြန်မာနယ်စပ် မှောင်ခိုကုန်သွယ်မှုကာလကတည်းက ထိုင်းနဲ့ မြန်မာအကြား နယ်စပ်ဖြတ်ပြီး ကုန်ရောင်းကုန်ဝယ် လုပ်ကိုင်ကြတဲ့ ကျေးရွာတွေဖြစ်ပြီး အဆောက်အဦ နေအိမ်တွေအရ မြို့တွေနဲ့ မကွာခြားကြပါဘူး။ 

ကော်သူးလေတပ်မတော်က ကြာအင်းဆိပ်ကြီးကနေ ဘုရားသုံးဆူဘက် စစ်ကူသွားတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ပိတ်ဆို့ခဲ့ရာကနေ ဒီဒေသတွေမှာ တိုက်ပွဲဖြစ်ပွားလာတာလို့လည်း သတင်းတွေထဲမှာ ဖော်ပြထားကြပါတယ်။ အုပ်ချုပ်ရေးအရ ကရင်ပြည်နယ် ဖြစ်ပြီး လူမျိုးစုအရ မွန်လူမျိုး အများဆုံး နေထိုင်ကြတဲ့ ကျေးရွာတွေဖြစ်လို့ ဒီကျေးရွာတွေအနေနဲ့ စစ်ကောင်စီနဲ့ ကရင်လက်နက်ကိုင် တပ်ဖွဲ့တွေ အကြားဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအကြား ပါဝင်လာလိမ့်မယ်လို့ မျှော်လင့်ထားကြမှာ မဟုတ်ပါဘူး။ မွန်ပြည်နယ်အနေနဲ့ဆိုရင် ကျိုက်ထို၊ သထုံနဲ့ ရေးမြို့နယ်တို့မှာသာ PDF  လို့ဆိုတဲ့ ကာကွယ်ရေးတပ်ဖွဲ့တချို့ရှိကြပြီး မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ချောင်းဆုံ၊ ကျိုက်မရော၊ ပေါင်တို့လိုမြို့နယ်တွေမှာ PDF လက်နက်ကိုင် အဖွဲ့တွေ မရှိသလောက် နည်းပါးတာ ဖြစ်ပါတယ်။ မွန်တိုင်းရင်းသားတွေကို ကိုယ်စားပြုတယ်လို့ဆိုတဲ့ မွန်ပြည်သစ်ပါတီ MNSP ဟာ NCA ရေးထိုးထားတဲ့ အဖွဲ့တဖွဲ့ဖြစ်ပြီး စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံတဲ့ လမ်းစဥ်ကို ကိုင်စွဲထားတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။ 

အခုလို မွန်လူမျိုးစုတွေ အများစုနေထိုင်ကြတဲ့ ကျုံဒိုးမြို့နယ်ထဲက ကျေးရွာကြီးတွေမှာ တိုက်ပွဲတွေ ဖြစ်လာတာ၊ နေအိမ်တွေ မီးလောင်ကျွမ်းခံရတာ၊ ဒေသခံတွေ ပစ္စည်းတွေ သယ်နိုင်သလောက် ယူဆောင်ပြီး တခြားရွာ၊ ဒေသတွေကို တိမ်းရှောင်ရတဲ့ အနေအထားအပေါ် မွန်ပြည်သစ်ပါတီအနေနဲ့ ဘယ်လို ညှိနိုင်းဆောင်ရွက်ကြမလဲ ဆိုတာ စောင့်ကြည့်ရမယ့် အနေအထားလည်း ဖြစ်ပါတယ်။ မွန်လူမျိုးစုတွေ အများစု နေထိုင်ကြတဲ့ ဒေသတွေမှာ စစ်ပွဲတွေ ပျံ့နှံ့လာတဲ့အဖြစ်က မွန်ပြည်သစ်ပါတီက တာဝန်ရှိသူတွေကို တစုံတရာ ဆောင်ရွက်ဖို့ နှိုးဆော်မှုတခုဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ 

ဒီနေ့အဖို့ အခြားသတင်းတပုဒ်မှာလည်း မြန်မာနိုင်ငံလူဦးရေရဲ့ ၃ ပုံ ၁ ပုံဖြစ်တဲ့ ၁၇ သန်းကျော်ဟာ လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်နေတယ်လို့ ကုလသမဂ္ဂ အဖွဲ့အစည်းဖြစ်တဲ့ HNO နဲ့ HRP တို့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားတာ တွေ့ရပါတယ်။ 

ယခင်နှစ်ကထက် လူဦးရေ  ၁ သန်း ထပ်မံတိုးလာတယ်လို့လည်း ဆိုပါတယ်။ ၂၀၂၂ အစပိုင်းကနဲ့နှိုင်းယှဥ်ရင် တနှစ်တာအတွင်း တိုက်ပွဲဖြစ်ပွားတဲ့ ဒေသတွေ ပိုမိုကျယ်ပြန့်လာတာ၊ တိုက်ပွဲဖြစ်ပွားမှု အရှိန်မြင့်လာတာကြောင့် ဒေသခံလူထုအနေနဲ့ အဓိက အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ ကို မလုပ်ကိုင်နိုင်တော့တဲ့ အခြေအနေ၊ နေအိမ်တွေနဲ့ ပိုင်ဆိုင်မှုတွေ မီးရှို့ဖျက်ဆီးခံရတာ၊ လုယက် ယူဆောင်ခြင်းခံရတာတွေကြောင့် လူသားချင်းစာနာမှု အကူအညီ လိုအပ်မှုတွေ မြင့်တက်လာတာလည်း ဖြစ်ပါတယ်။ 

ဒီသတင်းနဲ့ ဆက်စပ်နေတဲ့ အကြောင်းအရာတခုက ဒီနှစ် စပါးပေါ်ချိန် မှာ ဆန်ဈေးတွေ ရုတ်တရက် မြင့်တက်လာနေတဲ့ သတင်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၁ နှစ်တာအတွင်း မြန်မာကျပ်ငွေ တန်ဖိုးလျော့ကျသွားခဲ့တဲ့ အချက်နဲ့ လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားတဲ့ ဒေသတွေမှာ ဆန်စပါး စိုက်ပျိုးမှု လျော့ကျလာတဲ့ အချက် ၂ ချက် ပေါင်းစုံပြီး စပါးတင်း ၁၀၀ စျေးက အမြင့်ဆုံး ၁၆ သိန်းခန့်ထိ ရောက်ရှိလာတာ ဖြစ်ပါတယ်။ တကြိမ်တခါမျှ မရောက်ရှိဖူးသေးတဲ့ ဈေးနှုန်းဖြစ်ပြီး ပြည်ပပို့ဖို့ ဆန်ဝယ်ယူကြတဲ့ ကုမ္ပဏီကြီးတွေအနေနဲ့ ဒေါ်လာလဲနှုန်းနဲ့ တွက်ချင့်ပြီး ဈေးမြှင့်ပေးဝယ်တာ ဖြစ်သလို၊ နိုင်ငံတကာမှာ စားနပ်ရိက္ခာ ဈေးနှုန်းတွေ မြင့်တက်လာတဲ့ အချက်ကြောင့် ဈေးပိုပေးဝယ်ယူနိုင်တဲ့ သဘောလည်း ဖြစ်ပါတယ်။ သို့ပေမဲ့ တဖက်မှာတော့ မြင့်တက်လာတဲ့ ဆန်ဈေးက လုပ်ခလစာ သိသိသာသာ တိုးတက်မရရှိကြတဲ့ ပြည်တွင်းမှာ နေထိုင်တဲ့ လူအများစုအပေါ် သက်ရောက်မှုတွေ ရှိလာမှာ ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း အထက်ပိုင်းတို့လိုမှာ စိုက်ပျိုးသီးနှံ စိုက်ကြတဲ့ တောင်သူတွေ လယ်သမားတွေ အနေနဲ့ စိုက်သီးနှံပေါ်တာနဲ့ တန်းပြီး အဝယ်လက် ကုန်သည်ကြီးတွေဆီ ထိုးရောင်းကြရတဲ့ အဖြစ်မျိုး ယခင်နှစ် သီးနှံပေါ်ချိန်ကတည်းက ဖြစ်ပွားနေခဲ့တာပါ။ 

အသုံးလိုတဲ့အချိန်မှ ထုတ်ရောင်းမယ် သို့မဟုတ် စျေးကောင်းရတဲ့အချိန် ထုတ်ရောင်းမယ်ဆိုတဲ့ သဘောနဲ့ ရိက္ခာတွေကို ကျည်ထဲ သိုလှောင်ထားဖို့ အခြေအနေမျိုးမဟုတ်တော့ပါဘူး။ နေအိမ်နဲ့အတူ ရိက္ခာတွေပါ မီးရှို့ဖျက်ဆီးခံနေကြရတဲ့ အနေအထားမို့လို့ ရိတ်သိမ်းချိန်ထိ ရိတ်သိမ်းခွင့်ရတဲ့ သီးနှံကို ဝယ်လက်ဆီ ရတဲ့စျေးနဲ့ ထိုးရောင်းကြရတဲ့ အခြေအနေမျိုး အသက်နဲ့ ပိုင်ဆိုင်မှုဟာ နေ့မြင်ညပျောက် ဆိုသလို မသေချာ မရေရာတဲ့ အခြေအနေတွေအာက်မှာ နေထိုင်အသက်ရှင်နေကြရတဲ့ သဘောလည်း ဖြစ်ပါတော့တယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar