သီအိုဇော် - ‘Non-lethal Assistance’တွင် ပါဝင်ခဲ့သည့် အကူအညီများ၏ စာရင်းအကျဉ်း (၁၉၈၀-၂၀၂၂) - အပိုင်း(၂) နိဂုံး
သီအိုဇော် - ‘Non-lethal Assistance’တွင် ပါဝင်ခဲ့သည့် အကူအညီများ၏ စာရင်းအကျဉ်း (၁၉၈၀-၂၀၂၂) - အပိုင်း(၂) နိဂုံး
(မိုးမခ) ဇန်နဝါရီ ၂၉၊ ၂၀၂၃
ပြီးခဲ့တဲ့ ဇန်နဝါရီလ (၁၈)ရက်နေ့မှာ နေတိုးအဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူးချုပ် ’ယန်းစတော့လ်တန်းဘာဂ့်’ (Jens Stoltenberg)က ‘ဒီစစ်ကို‘ပူတင်’နိုင်မသွားဖို့ အလွန်အမင်းအရေးကြီးတယ်၊ နိုင်များသွားခဲ့ရင် ယူကရိန်း ပြည်သူတွေအတွက် ကြေကွဲစရာဖြစ်ရုံသာမက ကျနော်တို့အားလုံးအတွက်လည်း အရမ်းအန္တရာယ် ကြီးပါတယ်’ လို့ ဆိုခဲ့တာကိုထောက်ရင် နေတိုးအဖွဲ့က ယူကရိန်းလိုအပ်တဲ့ အကူအညီများကို အတတ်နိုင်ဆုံး ပံ့ပိုးပေးဖို့ စိတ် ပိုင်းဖြတ်ထားတာ ပိုလို့ပေါ်လွင်စေပါတယ်။ ဒီအကျိုးဆက်တွေကြောင့် အခုနောက်ပိုင်းမှာ NLA ရဲ့ အသွင်သဏ္ဍန် စစ်စစ်ကို မြင်ရဖို့ ပိုခက်လာတယ်လို့ ဆိုရပါမယ်။ဆောင်းပါးရဲ့ လိုအပ်ချက်အရ အနောက်အုပ်စုနိုင်ငံများရဲ့ အကူ အညီတွေနဲ့ ပတ်သက်ပြီး ဖြည့်စွက်ရေးသားဦးမှာ ဖြစ်ပေမယ့် ဒီနေရာမှာ အခြားနိုင်ငံ၊အဖွဲ့အစည်းများရဲ့ NLAကို အရင် ရေးသားလိုပါတယ်။
ဥရောပသမဂ္ဂရဲ့ အင်စတီကျူးရှင်းတခုဖြစ်ပေမယ့် ဥရောပတိုက် ကွက်ကွက်လေးအတွက်သာ မဟုတ်ပဲ တကမ္ဘာ လုံးရဲ့ လုံခြုံရေးနဲ့ ကာကွယ်ရေးအတွက် စစ်ဆင်ရေး၊လေ့ကျင့်ရေး၊လက်နက်တပ်ဆင်ရေးတွေ ကူညီပေးနိုင်စွမ်း ရှိတဲ့ ‘European Peace Facility’ (EPF)ဟာ အီးယူအဖွဲ့ဝင် မဟုတ်တဲ့ နိုင်ငံများကိုလည်း NLA များ ပေးပါတယ်။ ဒီအစီအစဥ်ဟာ ဥရောပနိုင်ငံများမှာသာမက အာဖရိကနိုင်ငံများမှာလည်း စတင်ပြီး ဖြစ်တယ်ဆိုတာကို ‘Council of the European Union’ရဲ့ သတင်းအချက်အလက်များအရ သိရပါတယ်။ ဒီနိုင်ငံတွေကတော့ ဂျော်ဂျီယာ၊ မော်လ် ဒိုဗာ၊ယူကရိန်း၊ဘော့စနီးယားနဲ့ ဟာဇီဂိုဗီးနား၊မိုဇမ်ဘစ်၊မာလီ၊ဆိုမာလီယာတို့ ဖြစ်ကြပါတယ်။ NLAများအဖြစ် ဆေးတပ်ဖွဲ့အတွက် ဆေးဝါးပစ္စည်းကရိယာ၊စစ်မြေပြင်ဆေးရုံ၊ အင်ဂျင်နီယာတပ်ဖွဲ့သုံး ပစ္စည်းများ၊သယ်ယူပို့ ဆောင်ရေးယာဥ်များ၊ မိုင်းရှာကရိယာများ၊စစ်သင်တန်းများ အစသဖြင့် ပါဝင်ပါတယ်။
ဇယား(၂)မှာ အာရှပစိဖိတ်ဒေသနိုင်ငံများက ယူကရိန်းနိုင်ငံကို ပေးခဲ့တဲ့ NLA အကူအညီများကို ဖေါ်ပြထားပါ တယ်။ NUG ကိုယ်စားလှယ်ရုံးများ ထားရှိဆောင်ရွက်နေတဲ့ နိုင်ငံအများစုလည်း ဖြစ်ပါတယ်။ ပေးရိုးပေးစဥ် NLA လို့ ပြောနိုင်ပြီး သူတို့သာဆန္ဒရှိရင် လိုအပ်တဲ့ ဘယ်နိုင်ငံကိုမဆို ဒီလိုအကူအညီပစ္စည်းတွေ ပေးပို့နိုင်မှာ ဖြစ်ပါ တယ်။
ဇယား(၂)။ အာရှပစိဖိတ်ဒေသမှ ယူကရိန်းနိုင်ငံကို ပေးပို့ခဲ့သည့် ‘Non-lethal Assistance’ အမျိုးအစားများ
၂၀၂၂ခုနှစ် မတ်လ(၃၁)ရက်နေ့မှာ ယူကရိန်းသမ္မတ ‘ဇလန်းစကီး’က ဩစတြေးလျပါလီမန်ကို မိန့်ခွန်းပြောကြားခဲ့ စဥ်က ‘Bushmaster’လို့အမည်ရတဲ့ ဘက်စုံသုံး မိုင်းဒဏ်ခံ သံချပ်ကာ (Multi-Role Protected Vehicle) မော်တော် ယာဥ်တွေကို ပို့ပေးဖို့ ရွေးနုတ်တောင်းဆိုခဲ့ပါတယ်။ ကမ္ဘာကျော် ‘Thales Group’ရဲ့ ဩစတြေးလျနိုင်ငံ ထုတ် ‘Bushmaster’တွေဟာ အာဖဂန်နစ္စတန်၊ အီရတ်စစ်ပွဲတွေမှာ နံမည်ရခဲ့တဲ့ယာဥ်တွေဖြစ်ပြီး စစ်သည်(၁၀)ဦးပါ သယ်ယူပို့ဆောင်ရေးယာဥ်ကအစ လူနာတင်ယာဥ်များအပါအဝင် ကွဲပြားတဲ့အမျိုးအစားတွေ ထုတ်လုပ်ထားပါ တယ်။ အချို့ ‘Bushmaster’တွေမှာ စက်သေနတ်တပ်ဆင်နိုင်ပြီး ‘ဇလန်းစကီး’တောင်းဆိုချက်အရ ပေးပို့လိုက်တဲ့ ယာဥ်အချို့က ဘယ်လိုအမျိုးအစားမှန်း အတိအကျ မသိရတဲ့အတွက်၊ သေချာတဲ့Bushmaster လူနာတင်ယာဥ် ကိုပဲ ဇယား(၂)မှာ ထည့်သွင်းထားပါတယ်။ လက်နက် မတပ်ဆင်ထားသရွေ့တော့ NLA အကူအညီလို့ သတ်မှတ် နိုင်မှာ ဖြစ်ပါတယ်။
နေတိုးအဖွဲ့ဝင်နိုင်ငံများရဲ့ NLAများကိုတော့ သိပ်အကျယ်မချဲ့လိုတော့ပါဘူး။ အထက်မှာဆိုခဲ့သလိုပါပဲ၊ ကိုယ်တိုင် ဝင်မတိုက်ရုံလို့သာ ဆိုရမယ့်အနေအထားမှာ ပေးပို့နေတဲ့ NLA စာရင်းထဲ ထည့်နိုင်တဲ့ အကူအညီတွေကလည်း ဆောင်းပါးတိုတပုဒ်ထဲ ချရေးဖို့ မလွယ်ကူအောင် များပြားနေပါတယ်။၂၀၂၁ခုနှစ် ဇွန်လနောက်ဆုံးပတ်အတွင်းက ခြုံငုံပြောကြားချက်အရ ဆိုရင်တော့ “လုံခြုံစိတ်ချရတဲ့ ဆက်သွယ်ရေး ကရိယာပစ္စည်းများ၊လောင်စာ၊ ဆေးဝါး ကရိယာ အထောက်အပံ့၊ကျည်ကာဝတ်စုံများ၊ မိုင်း/ဓါတု/ဇီဝလက်နက်ဆိုင်ရာ ကာကွယ်ရှင်လင်းရေး ပစ္စည်း များ၊ဒရုန်းဖျက်လက်နက်စနစ်များ” ပါဝင်တယ်လို့ သိရှိရပါတယ်။
အမေရိကန်နဲ့ အနောက်အုပ်စုမဟာမိတ်များ ပေးပို့တဲ့ NLAများထဲမှာ မိုင်းဒဏ်ဗုံးဒဏ်၊ ခြုံခိုတိုက်ခိုက်ဒဏ်ခံယာဥ် (Mine-Resistant Ambush Protected Vehicles- MRAP)တွေလည်း ပါဝင်ပါတယ်။ ‘ဥဇ်ဘက်ကစ္စတန်’ကိုပေးပို့ စဥ်က ‘NLA’လို့ ဆိုခဲ့တဲ့အတွက် ဒီစာရင်းထဲပဲ ထည့်လိုက်ပါတယ်။မီးသတ်ကား၊လူနာတင်ယာဥ်၊သယ်ယူပို့ဆောင် ရေးယာဥ်၊မီးစက်၊အပူပေးစနစ်၊ဒရုန်းနဲ့ပတ်သတ်တဲ့ နည်းပညာ/ကရိယာ၊ကွန်ပြူတာတို့ကအစ အာလူးပျိုးပင် ပေါက်လိုမျိုး အထိပါဝင်ကြတာကို တွေ့ရှိရပါတယ်။ ခရီးဆောင် အိပ်ယာ၊တဲစခန်း၊ရာသီဥတုဒဏ်ခံ အဝတ်အ ထည်မျိုးစုံနဲ့ မိုးကာဖျင်စများက တန်ဖိုးကြီးလှတဲ့ ပစ္စည်းများ မဟုတ်ပေမယ့် တကယ့်လက်တွေ့မှာ အလွန်အ သုံးဝင်ပါတယ်။
ဒါတွေဟာ စစ်ဒဏ်သင့် လူမှုအဖွဲ့အစည်းတခုအတွက် အဓိကကျတာတွေကို အတတ်နိုင်ဆုံး ကူညီဖြည့်ဆည်း ပေးထားတဲ့ NLA စာရင်းလို့ပဲ ပြောရမှာပါ။ဒါပေမယ့် ဖျက်အားပြင်း လက်နက်တွေနဲ့ စစ်ရာဇဝတ်မှုမျိုးစုံရဲ့ ဒဏ်ကို ခါးစည်းခံနေရတဲ့ ယူကရိန်းနိုင်ငံအတွက် ဘယ်လိုမှ ပြည့်စုံလုံလောက်မှု မရှိမှာကလည်း သေချာပါတယ်။
ကျန်းမာရေးဆိုင်ရာ အကူအညီများကလည်း မနည်းမနောပါ။ ထောက်ပံ့ရိုး ထောက်ပံ့စဥ် ဆေးဝါးပစ္စည်းတွေ အ ပြင်၊ စစ်မြေပြင်ဆေးရုံ၊ကျည်ကာလူနာတင်ယာဥ်၊ဓါတ်မှန် အာလ်ထရာဆောင်း တပ်ဆင်ထားတဲ့ယာဥ်၊ သွေးလှူ သွေးဖေါက်ယာဥ်တို့ကို ပေးပို့ကြသလို စစ်ရာဇဝတ်သားတွေကို မှတ်တမ်းတင်စစ်ဆေးနိုင်ဖို့ ‘ဒီအန်အေ’ စစ် ဆေးပေးတဲ့ ကရိယာအထိတောင် ပါဝင်ပါတယ်။
ရုပ်ဝတ္ထုပိုင်းဆိုင်ရာ အကူအညီတွေကိုတော့ ဒီလောက်နဲ့ပဲ ရပ်ထားလိုက်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ နောက် ထပ် NLA ခေါင်းစဥ်ဘက်ဆီကို သွားလိုပါတယ်။ဒါကတော့ NLAမှာပါဝင်တဲ့ ‘လေ့ကျင့်သင်တန်းပေးမှု’ ဆိုတဲ့ ကဏ္ဏဖြစ်ပြီး ပထမ ဥပမာအဖြစ် ကောက်နုတ်ပြလိုတာက ၂၀၁၅ခုနှစ်က စတင်ခဲ့ပြီး ’ကနေဒါ’နိုင်ငံက ဦးဆောင် တဲ့ ‘Operation UNIFIER’ အမည်ရှိ လေ့ကျင့်ရေးနဲ့ စစ်ရေးစွမ်းရည်မြှင့်တင်ရေး သင်တန်းအစီအစဥ် ဖြစ်ပါ တယ်။
နည်းဗျူဟာသင်တန်း၊ လက်လုပ်/အိမ်တွင်းလုပ်/စစ်မြေပြင်သုံး ဖေါက်ခွဲရေးပစ္စည်းများ ရှင်းလင်းဖယ်ရှားနည်း များပါတဲ့ စစ်အင်ဂျင်နီယာသင်တန်း၊လက်ဖြောင့် သေနတ်ပစ်ကျွမ်းကျင်ရေးသင်တန်း၊ကင်းထောက်သင်တန်း၊ ပြန်တန်းဝင်မဟုတ်တဲ့ အရာရှိများ ဖွံ့ဖြိုးတိုးတက်ရေးသင်တန်း၊ဆေးဘက်ဆိုင်ရာသင်တန်းများ ပါဝင်ပါတယ်။ စိတ်ဝင်စားစရာလို့ မြင်မိတာက NLA အစီအစဥ်ရဲ့ ‘စနိုက်ပါ’ စွမ်းရည်မြှင့်သင်တန်းပါ။ ကင်းထောက်သင်တန်း ဆို တာကလည်း မည်ကာမတ္တမဟုတ်၊ဒရုန်း အပါအဝင် အဆင့်မြင့်နည်းပညာသုံး ကင်းထောက်နည်းတွေ ဖြစ်ပါလိမ့် မယ်။
အလားတူပါပဲ၊ယူကေအစိုးရက ‘Operation Orbital’ဆိုပြီး ယူကရိန်းတပ်ဖွဲ့တွေကို သင်တန်းပေး ကူညီပါတယ်။ ‘Operation UNIFIER’နဲ့ ဆင်တူတဲ့ သင်ရိုးတွေလို့ ဆိုနိုင်ပါတယ်။ ပါလီမန်စာကြည့်တိုက်မှတ်တမ်းများအရ ထပ် ဖြည့်စွက်လိုတာက မြို့ပြပတ်ဝန်းကျင်အတွက် ခုခံကာကွယ်ရေးသင်တန်း၊စစ်ဆင်ရေးအစီအစဥ် ရေးဆွဲခြင်း၊ စ နိုက်ပါ၊သံချပ်ကာကား၊မော်တာတို့နဲ့ ပစ်ခတ်မှုတို့ကို တုန့်ပြန်တိုက်ခိုက်နည်းသင်တန်းတို့ ဖြစ်ပါတယ်။နောက်ပိုင်း မှာတော့ ‘သင်တန်းနည်းပြများကို သင်တန်းပေးခြင်း’ ဆိုတဲ့ သင်ကြားမှုပုံစံကိုလည်း ဖြည့်စွက်ခဲ့ပါတယ်။
ဒါ့အပြင် ၂၀၁၃ခုနှစ် မတ်လတုန်းက ယူကေအစိုးရအနေနဲ့ NLAအကူအညီတွေ ဆီးရီးယား အတိုက်အခံအင်အား စုတွေကို ပေးနေစဥ်မှာပဲ ရပ်ရွာကို ကာကွယ်နိုင်ရေးအတွက် စစ်ရေးစွမ်းရည်မြှင့်တင်ဖို့နိုင် အကူအညီတွေ ပေးခဲ့ တယ်ဆိုတာကို သတိပြုမိပါတယ်။ဘယ်ပုံဘယ်နည်းဆိုတာ အတိအကျ ဖေါ်ပြမထားပေမယ့် NLAဟာ ဆန္ဒရှိ ရင်ရှိသလို စစ်ရေးလေ့ကျင့်သင်ကြားမှု အကူအညီများ ပေးနိုင်တာကတော့ ထင်ရှားပါတယ်။ အောက်က ဇယား (၃)မှာ ‘ကနေဒါ’နဲ့ ‘ယူကေ’တို့ရဲ့ စစ်ရေးသင်တန်း(၂)ခုအကြောင်းကို အကျဥ်းချုပ် ဖေါ်ပြထားပါတယ်။
ဇယား(၃)။ ကနေဒါနိုင်ငံနှင့် ယူကေနိုင်ငံတို့၏ ယူကရိန်းတပ်ဖွဲ့များအား လေ့ကျင့်သင်ကြားမှုအကျဥ်း
NLA ဘာလဲ ဘယ်လဲ
NLAအကူအညီကို ပေးရခြင်းရဲ့ အကြောင်းပြချက်ကို အစိုးရတွေက များသောအားဖြင့် တိုက်ရိုက်အဖြေပေးလေ့ မရှိကြပဲ စကားလုံးလှလှတွေသုံးပြီး ဖြေလေ့ရှိကြတာ၊ဒါမှမဟုတ် ဒီလိုမေးခွန်းမျိုးကို ထည့်သွင်း ရေးသားမထား တာတို့ကို သတိပြုမိပါတယ်။ အဲဒီအထဲကမှ သဘောအကျမိဆုံး အဖြေကတော့ ဆီးရီးယားစစ်မှာ ‘နယ်သာလန်’ နိုင်ငံအနေနဲ့ အလယ်အလတ် သဘောထားရှိတဲ့ ‘အာဆတ်’အစိုးရဆန့်ကျင်သူ လက်နက်ကိုင်အဖွဲ့ အစည်း တွေကို ဘာ့ကြောင့်NLA ပေးရသလဲလို့ နိုင်ငံခြားရေးရာအမြဲတမ်းကော်မတီရဲ့ မေးမြန်းချက်ကို ၂၀၁၈ခုနှစ် စက်တင်ဘာ လ(၂၆)ရက် နေ့က ပါလီမန်မှာ နိုင်ငံခြားရေးဝန်ကြီးရဲ့ ပြန်လည်ဖြေကြားမှုကိုပါ။
ခြုံ့ပြောရရင်တော့ အစွန်းရောက်သမားတွေကပဲ ထီးထီးကြီး အင်အားကောင်းမနေစေဖို့နဲ့ အလယ်အလတ် အုပ် စုက ‘အာဆတ်’အဖွဲ့နဲ့ အစွန်းရောက်တွေရဲ့ ကြားညှပ်ပြီး သေးငယ်ပြိုကွဲမသွားစေဖို့ ရည်ရွယ်တယ်လို့ ဆိုခဲ့တာ ပါ။ ဒါဟာ အလွန်ရိုးဖြောင့်မှန်ကန်တဲ့ အဖြေလို့ ဆိုရပါမယ်။ ရှင်းပါတယ်၊ NLAအဆင့်နဲ့ အကူအညီပေးတယ် ဆို ခြင်းဟာ မိမိမနိုင်စေချင်တဲ့ဘက်အပေါ် အစိုးရတရပ်အနေနဲ့ မဟာဗျူဟာကျကျ တုံ့ပြန်ခြင်း (သို့မဟုတ်) မိမိနိုင် စေချင်တဲ့ဘက်ကို သိသာမြင်သာစွာ အားပေးကူညီလိုက်ခြင်းပါ။ မဟုတ်လို့ကတော့ လူသားချင်းစာနာ ထောက် ထားမှု အကူအညီ ခေါင်းစဥ်နဲ့သာ ပံ့ပိုးနေရုံပါပဲ။
ဒါကိုဖေါ်ပြရခြင်းဟာ NLA ကိန်းဂဏန်းပမာဏကိုပဲ အာရုံစိုက်မိပြီး NLAရဲ့ ဝိသေသနဲ့ အရေးပါမှုတို့အပေါ် မျက်စိ လျှမ်းမသွားစေချင်ရုံသာမက၊ ရရှိလိုက်တဲ့ NLAအဆင့် အကူအညီဆိုတာ ပေါ့သေးသေး အောင်မြင်မှုမဟုတ်ဘူး ဆိုတာကိုလည်း ပိုမြင်စေလိုတဲ့အတွက် ဖြစ်ပါတယ်။နေ့တဓူဝ မြင်နေကြားနေရတဲ့ ‘ယူကရိန်း’ နိုင်ငံဆီ ပေးပို့ နေတဲ့ ကူညီပံ့ပိုးမှုတွေကြောင့် အခါအားလျော်စွာ ကြားသိလေ့ရှိရတဲ့ ယူကရိန်းနဲ့ မြန်မာရရှိတဲ့ အကူအညီ နှစ်ခု ကြား နှိုင်းယှဥ်ပြောဆိုနေမှုအတွက်လည်း ဒီနေရာမှာ အကိုးအကား(၂)ခုနဲ့ ရှင်းလင်းလိုပါတယ်။
ပထမကိုးကားလိုတာက ‘ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး’ (OHCHR)ရဲ့ အစီရင်ခံစာပါ ရုရှား ကျူးကျော်စစ် (၂၀၁၄)ကစလို့ ရုရှားလက်နက်တပ်ဆင်ပေးခဲ့တဲ့ ယူကရိန်းနိုင်ငံက ခွဲထွက်ရေးသမားများနဲ့ တိုက် ပွဲများအတွင်း သေဆုံးမှုစာရင်း အချက်အလက်များကို ဖြစ်ပါတယ်။၂၀၁၄ခုနှစ် ဧပြီလလယ်မှ ၂၀၁၆ခုနှစ် မေလ (၃၁)ရက်နေ့အထိ အနည်းဆုံး(၉၄၀၄)ဦး သေဆုံးခဲ့ပြီး အဲဒီအထဲမှာ အရပ်သား အရေအတွက်(၂၀၀၀)ဦးအထိ ရှိ နိုင်တယ်လို့ ခန့်မှန်းထားခဲ့ပါတယ်။ ဒီထက် အရေအတွက်များပြားတဲ့ ခန့်မှန်းမှု မှတ်တမ်းတွေလည်းရှိပြီး OHCHR ရဲ့ ထုတ်ပြန်ချက်က အနည်းဆုံးလို့တောင် ဆိုနိုင်ပါတယ်။
အဲဒီလိုကာလမျိုးမှာ ယူကရိန်းရရှိတဲ့ အကူအညီတွေနဲ့ ပတ်သက်ပြီး ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနရဲ့ သ တင်းအချက်အလက်တွေကို ထပ်မံကိုးကားလိုပါတယ်။ ၂၀၁၆ခုနှစ် ဩဂုတ်(၃)ရက်နေ့ထုတ် ‘Апостроф’ အမည် ရှိ ယူကရိန်းသတင်းစာက ‘Denis Popovich’နဲ့ ‘Vladislav Kudryk’ ရေးသားထားတဲ့ ဆောင်းပါးမှာ သူတို့သတင်း စာတိုက်ရဲ့ ယူကရိန်းရရှိခဲ့တဲ့အကူအညီတွေအကြောင်း မေးခွန်းကို ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြန်လည်ဖြေဆို ထားတာကို ထည့်သွင်းဖေါ်ပြထားပါတယ်။ အဲဒီအထဲကမှ ကောက်နုတ်ဖေါ်ပြလိုတာက ၂၀၁၄ခုနှစ် ဇန်နဝါရီလ (၁)ရက်နေ့ကနေ ၂၀၁၆ ခုနှစ် ဇူလိုင်လ(၁၅)ရက်နေ့အထိ အမေရိကန် ပြည်ထောင်စု ပေးခဲ့တဲ့ အကူအညီ စုစု ပေါင်းဟာ ဒေါ်လာ (၁၁၇.၅)သန်းခန့် ရှိတယ်ဆိုတာကိုပါ။ အဲဒီ ကာလက ‘အိုဘားမား’အစိုးရအနေနဲ့ ယူကရိန်းကို NLA အကူအညီသာ ပေးနေတဲ့အချိန် ဖြစ်ပါတယ်။
ဒီလိုဆိုရင် အခုအတည်ပြုလိုက်တဲ့ NDAAအရ မြန်မာနိုင်ငံက ရရှိနိုင်လောက်တယ်လို့ ခန့်မှန်းပြောဆိုနေကြတဲ့ NLA ပမာဏ ဒေါ် လာ(၁၃၆)သန်းဟာ မများပြားလှသည့်တိုင် ပထမခြေလှမ်းအနေနဲ့ဆိုရင် အထက်က သာဓက ပြခဲ့တဲ့ ယူကရိန်း ရရှိခဲ့တဲ့နဲ့ အကူအညီနဲ့ ချိန်ထိုးစဥ်းစားကြည့်လို့ ရနိုင်ပါတယ်။ ကူညီမှုဆိုတာ အခြေအနေ အချိန် အခါပေါ် မူတည်ပြီး အပြောင်းအလဲတွေ ရှိတတ်တာကိုလည်း သတိပြုကြရပါမယ်။ အခုပဲ အမေရိကန် နိုင်ငံခြား ရေးဝန်ကြီးဌာန အတိုင်ပင်ခံ ’ဒဲရက်ရှိုလေး ‘(Derek Chollet)က မြန်မာနိုင်ငံအတွက် အကူအညီတွေကို လိုအပ်ရင် တိုးမြှင့်ပေးနိုင်စရာ ရှိတယ်ဆိုသလိုမျိုး ရုရှားကို သတိပေးရင်း ပြောကြားခဲ့တာကို သတိထားမိကြပါလိမ့်မယ်။
ရုပ်ဝတ္ထုပိုင်းဆိုင်ရာ လိုအပ်ချက်များစွာရှိနေတဲ့ နွေဦးတော်လှန်ရေးမှာ ပံ့ပိုးကူညီမှုမှန်သမျှက အရေးကြီးတဲ့ အ ခန်းကဏ္ဏအဖြစ် ဆက်လက်ရှိနေဦးမှာပါ။တဆက်တည်းမှာပဲ အခုရရှိလာမယ့် NLAဟာ အမေရိကန် နိုင်ငံခြားရေး မူဝါဒ အပြောင်းအလဲကြောင့်မဟုတ်ပဲ အမေရိကန်နိုင်ငံအတွက် အရေးကြီးလှတဲ့ အမျိုးသားကာကွယ်ရေး ဥပ ဒေမျိုးထဲ ‘Burma Act’ကို ပေါင်းစပ်ထည့်သွင်းနိုင်ခဲ့ပြီး ဥပဒေတရပ် အဖြစ် သက်ဝင်လာခဲ့တဲ့ ကြီးမားတဲ့ အောင် မြင်မှုရဲ့ အသီးအပွင့်လို့လည်း လက်ခံထားကြရပါမယ်။
ဒီအတွက် ငွေကြေးကိန်းဂဏန်းပမာဏကို ကျော်လွန်ပြီး ကြည့်ကြရမှာပါ။ ပိုမိုပြင်းထန်လာနိုင်တဲ့ ဒဏ်ခတ်ပိတ် ဆို့မှုများနဲ့အတူ “NUG ၊NUCC ၊CRPH၊EROs၊ PDF၊ CDM” တို့ကို အသိအမှတ်ပြု အားပေးထောက်ခံမှု ရရှိခဲ့ခြင်းဟာ တကယ်တမ်းကတော့ တန်ဖိုးဖြတ်လို့ မရနိုင်ပါဘူး။
NLA အကူအညီပေးဝေမှု အခန်းကဏ္ဏက ယေဘုယျအားဖြင့်တော့ အမေရိကန်နိုင်ငံရဲ့ ဖက်ဒရယ် အေဂျင်စီများနဲ့ ပြည်တွင်းပြည်ပ မိတ်ဖက်အဖွဲ့စည်းတွေ ပါဝင်လုပ်ဆောင်ကြတာမျိုးပါ။ အကူအညီအမျိုးအစား၊အချိုးအစား၊ ပေးဝေပုံပေးဝေနည်း ယန္တရားကို ရှင်းလင်းစွာ မသိရသေးတဲ့ အချိန်လည်းဖြစ်ပါတယ်။လက်ခံနိုင်ငံရဲ့ စစ်ရေး နိုင်ငံ ရေး အနေအထား ပေါ်မူတည်ပြီး လုပ်နည်းလုပ်ဟန်များကို ပုံသေကားချပ် ယူလို့မရတာလည်း တွေ့ရပါတယ်။
ဥပမာအားဖြင့် ကမ္ဘောဒီးယားနိုင်ငံရဲ့ NLA (၁၉၈၆-၉၀)ကိုကြည့်ရင် အမေရိကန်တာဝန်ရှိသူများ ဝင်ရောက် သွား လာခွင့် ကန့်သတ်မှုများရှိတာကိုလည်း ထည့်သွင်းစဥ်းစားခဲ့ရပါတယ်။ ဒီလိုအခြေအနေအရပ်ရပ်ကြောင့် ၁၉၈၈ ခုနှစ် ဇူလိုင်လအထိ ထိုင်းအစိုးရခန့်အပ်တဲ့ ထိုင်းအေဂျင်စီကပဲ ကြီးကြပ်ဆောင်ရွက်ပါတယ်။အဲဒီကာလမှာ ဘယ် အမေရိကန် အေဂျင်စီကမှ ဝင်ရောက်စီမံခန့်ခွဲနိုင်ခြင်း မရှိဘူးလို့ ၁၉၉၀ခုနှစ် စက်တင်ဘာလ (၁၉ )ရက်နေ့က ဆီးနိတ် နိုင်ငံခြားဆက်ဆံရေး ဆပ်ကော်မတီ (အရှေ့အာရှနှင့်ပစိဖိတ်)ရှေ့မှောက်မှာ တင်ပြထွက်ဆိုချက်ခဲ့တာကို သတိပြုမိပါတယ်။
နောက်ပိုင်းမှာတော့ ရန်ပုံငွေတွေကို ‘The Agency for International Development’ (USAID)က စီမံခန့်ခွဲပါတယ်။ NLAမှာပါတဲ့ ဆေးဘက်ဆိုင်ရာ ကရိယာပစ္စည်းများ၊အသုံးအဆောင်များကို ထိုင်းနိုင်ငံမှာ ဝယ်ယူပြီး နယ်စပ် ဖြတ်ကျော် ပို့ဆောင်ပါတယ်။ အချို့စားနပ်ရိက္ခာအတွက်လည်း ဒီလမ်းကြောင်းကပဲ သွားတယ်လို့ ယူဆရပါ တယ်။
’ရော်နယ်ရေဂင်’ လက်ထက် ‘နိုင်ငံခြားရေးဝန်ကြီးဌာနအောက်မှာ ဖွဲ့စည်းထားခဲ့တဲ့ ‘Nicaraguan Humanitarian Assistance Office (NHAO)’က ‘နီကာရာဂွါ’အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အ တွက် ဝယ်ယူမှုများ နဲ့ ပတ်သက်ပြီး ၁၉၈၆ခုနှစ် မတ်လက အထက်ကလိုပဲ ဆီးနိတ် ထွက်ဆိုချက် တခုရှိခဲ့ ပါတယ်။ အဲဒီကာလ ရှင်းတမ်းတခုနဲ့ ပတ်သက်ပြီး တင်ပြရာမှာ စုစုပေါင်းဝယ်ယူမှုတန်ဖိုးရဲ့ (၄၂)ရာခိုင်နှုန်းကို အ မေရိကန်ပြည်တွင်းမှာ ဝယ်ယူခဲ့ပြီး ကျန်(၅၈)ရာခိုင်နှုန်းကတော့ ဒေသတွင်းဝယ်ယူခဲ့မှုလို့ ဆိုပါတယ်။ဆေးဝါး နဲ့ ဆေးဘက်ဆိုင်ရာပစ္စည်းတွေ အများစုကို အမေရိကန်နိုင်ငံထဲကပဲ ဝယ်တဲ့အတွက် ကမ္ဘောဒီးယားအတွက် ဝယ် ယူခဲ့တဲ့ ပုံစံနဲ့ ကွဲလွဲသွားခဲ့ပြန်ပါတယ်။
အကူအညီပေးမှုအစီအစဥ်တိုင်းအတွက် ထိရောက်မှုရှိ/မရှိ၊ကျေနပ်လောက်ဖွယ်ရာ တာဝန်ခံမှု ရှိ/မရှိတို့ကို အေ ဂျင်စီများက စဥ်ဆက်မပြတ် ဆန်းစစ်ပြီး လိုအပ်သလို ပြုပြင်မှုတွေလုပ်ကြပါတယ်။ စွမ်းဆောင်ရည် ပိုကောင်း စေနိုင်ဖို့ U.S. Government Accountability Office (GAO)ဆီကလည်း အချက်အလက် အကြံဥာဏ်တွေ ရရှိတတ် ပါတယ်။အတွေ့အကြုံများစွာရှိကြတဲ့ အေဂျင်စီများဖြစ်ကြပေမယ့် မြန်မာပြည်အခင်းအကျင်းနဲ့ NLA ပုံစံမျိုး အရင်က မကြုံကြိုက်ခဲ့ကြဖို့ များပါတယ်။
စိန်ခေါ်မှုတိုင်းမှာ အခွင့်အလမ်းကောင်းတွေ ရှိစမြဲ ဆိုတဲ့စကားကို မကြာခဏ ကြားတတ်ကြရပါတယ်။ ဒီလိုပါပဲ အခွင့်အလမ်းကောင်းတွေနောက်မှာလည်း စိန်ခေါ်မှုတွေ ကပ်ပါလာနိုင်ပါသေးတယ်။ လက်တွေ့ကျကျ ပြန်စဥ်း စား ကြည့်လိုက်ရင် (၂)နှစ်တာကာလအတွင်း ကြီးမားတဲ့ စိန်ခေါ်မှုများစွာကို ကျော်ဖြတ်ခဲ့ကြပြီး ပြတ်သားတဲ့ နိုင်ငံရေး စစ်ရေး သတင်းစကားများပေးကာ၊ ချိန်ခွင်ညှာ တော်လှန်ပြည်သူတို့ဘက်က သာအောင် လုပ်ဆောင် ပြခဲ့ပြီး ဖြစ်ပါတယ်။ ဒါ့ကြောင့် ဘယ်လိုအခက်အခဲမျိုးကိုမဆို ရင်ဆိုင်ဖြေရှင်းကြဖို့ အသင့်ရှိနေသူများအတွက် ဒီပထမဆုံး NLAဟာ ကောင်းသတင်းများကို ဆောင်ကျဥ်းပေးလာပြီး အားသစ်အင်သစ်များ ဖြစ်စေမယ့်အရာလို့ စိတ်ချယုံကြည်မိပါတယ်။
သီအိုဇော်
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar
