စစ်ဘေးရှောင်တွေအတွက် ရိက္ခာအခက်အခဲ၊ CDM တွေအတွက် ဘဝရပ်တည်ရေး အခက်အခဲ
မြန်မာနွေဦး ခရိုနီကယ် - ဇန်နဝါရီ ၂၉ မြင်ကွင်း
(မိုးမခ) ဇန်နဝါရီ ၃၀၊ ၂၀၂၃
စစ်ဘေးရှောင်တွေအတွက် ရိက္ခာအခက်အခဲ၊ CDM တွေအတွက် ဘဝရပ်တည်ရေး အခက်အခဲ
စစ်ကိုင်းတိုင်း နဲ့ ချင်းပြည်နယ်၊ မကွေးတိုင်း စတဲ့ တိုက်ပွဲဖြစ်ပွားနေပြီး ပိတ်ဆို့ခံထားရတဲ့ မြန်မာနိုင်ငံရဲ့ဒေသတွေမှာ စစ်ဘေးရှောင်သူတွေရဲ့ အခက်အခဲ ဒုက္ခတွေက ရေးပြရင် ကုန်လောက်စရာ မရှိပါဘူး။ အသက်အန္တရာယ် ဘေးကြောင့် နေအိမ်ကနေ ထွက်ပြေးတိမ်းရှောင်ကြရတဲ့နောက် အကျိုးဆက်တွေက လက်နက်ဘေးတခုထဲတင်မဟုတ်တော့ပဲ အခြားသော စားနပ်ရိက္ခာမလုံလောက်မှု၊ ဆေးဝါးကုသမှုရဖို့ ခက်ခဲတဲ့အခြေအနေတွေကလည်း အသက်အန္တရာယ် ကျရောက်စေနိုင်တာကြောင့် စစ်ဘေးရှောင်တွေရဲ့ အသက်ရှင်သန်ရေးက စိန်ခေါ်မှုတွေ၊ အခက်အခဲတွေ ဒုက္ခတွေ ပြည့်လျှမ်းနေတဲ့ ဖြစ်စဥ်တခုလို ဖြစ်လာပါတယ်။
ဒီနေ့ သတင်းတွေထဲ ဒီပဲယင်းမြို့နယ် ကျေးရွာတွေကနေ မကြာခင်ရက်တွေ၊ သီတင်းပတ်တွေက တိမ်းရှောင်ကြရသူတွေ ရိက္ခာပြတ်လပ်လာတဲ့ သတင်းတပုဒ် ဖတ်ရှုရပါတယ်။ လူဦးရေ ၁ သောင်းခွဲလောက် ရင်ဆိုင်နေရတဲ့ အခြေအနေဖြစ်ပြီး ဆန်ကအစ၊ ဆီနဲ့ အခြားချက်ပြုတ်စရာတွေ ပြတ်လပ်လာတဲ့အခြေအနေမျိုး ရင်ဆိုင်နေကြရတယ်လို့ သတင်းတွေမှာ ဖော်ပြထားကြပါတယ်။
လက်နက်ကိုင် တိုက်ပွဲတွေနဲ့ ရွာတွေကို ဝင်ရောက်ဖမ်းဆီး စစ်ဆေးနှိပ်စက်မှု သတ်ဖြတ်ခံရမှုတွေကနေ လွတ်မြောက်အောင် နွားလှည်းတွေ၊ ဆိုင်ကယ်တွေနဲ့ တိမ်းရှောင်ပြီး ကွင်းတွေ တောစပ်တွေထဲနေကြရာမှာ ရိက္ခာပြတ်လပ်မှု၊ ဆေးဝါးမရှိတာ သဘာဝဘေးဒဏ် ခံစားကြရတာတွေနဲ့ ကြုံတွေ့နေကြရတာ ဖြစ်ပါတယ်။
တဖက်မှာ တိုက်ပွဲတွေ ကျည်ဆန်တွေ၊ လက်နက်ကြီး ကျည်ထိမှန်မှုတွေ၊ ဖမ်းဆီးသတ်ဖြတ်မှုတွေကို ရှောင်ရင်း စားစရာရိက္ခာပြတ်လပ်မှုနဲ့ သဘာဝဘေးဒဏ်တို့ကို ထပ်မံရင်ဆိုင်ကြရပြန်တာ ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းမှာ အခုလို အခြေအနေမျိုး ရင်ဆိုင်နေရချိန်မှာ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာလည်း စစ်ဘေးရှောင်တွေအတွက် ရိက္ခာနဲ့ ဆေးဝါးတွေ စုဆောင်းထားတဲ့ ကျေးရွာကို ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ကောင်စီက လေကြောင်းနဲ့ တိုက်ခိုက်ခံရတာ ဖြစ်ပြီး စုဆောင်းထားတဲ့ ပစ္စည်းတွေ ပျက်စီးရတဲ့ အဖြစ်အပျက်လည်း ခုရက်ပိုင်းမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ လက်နက်ကိုင် ဧရိယာတွေ ကျယ်ပြန့်လာတာနဲ့အမျှ စစ်ဘေးရှောင်တဲ့ အရေအတွက်က တောက်လျှောက်တိုးမြင့်လာနေပြီး နောက်ဆုံး ကောက်ယူထားတဲ့ စာရင်းတွေအရတင် ၁ သန်းခွဲကျော်ရှိနေတာ တွေ့ရမှာပါ။ လူဦးရေ ၅၄ သန်းကျော်ရှိတယ်ဆိုတဲ့ နိုင်ငံမှာ ၁ သန်းခွဲကျော် စစ်ဘေးတိမ်းရှောင်နေရတယ်ဆိုတဲ့ အရေအတွက်က ၃ ရာနှုန်းနီးပါး ရှိတာဖြစ်ပါတယ်။ လူ ၁၀၀ မှာ ၃ ဦးက စစ်ဘေးရှောင် ဖြစ်လာနေတာ ဖြစ်ပါတယ်။ ကာလရှည်ကြာ ပြည်တွင်းစစ် ဖြစ်ပွားနေရာက စစ်အာဏာသိမ်းပြီးနောက် ပိုမိုကျယ်ပြန့်လာ ပြင်းထန်လာနေတဲ့ မြန်မာနိုင်ငံအနေနဲ့ စစ်ဘေးရှောင်ပြဿနာက တိုင်းပြည်ကို ကျရှုံးနိုင်ငံဖြစ်စေဖို့ တွန်းပို့လာတဲ့ အခြေအနေတရပ်လည်း ဖြစ်လာနေတာ ဖြစ်ပါတယ်။
ဒီနေ့အဖို့ အခြားအကြောင်းအရာ တရပ်က စစ်အာဏာသိမ်းမှုနောက်မှာ မြို့ကြီးတွေနဲ့ နယ်တွေက CDM လုပ်ခဲ့ကြတဲ့ သူတွေ သိန်းနဲ့ချီ ရှိခဲ့ပြီး လက်ရှိလည်း သောင်းနဲ့ သိန်းနဲ့ ချီရှိနေဆဲ ဖြစ်ပါတယ်။ ဖမ်းဆီးခံထားရသူ၊ အိမ်နီးချင်းနိုင်ငံကို ထွက်ပြေးတိမ်းရှောင်နေကြရသူ၊ ပြည်တွင်းမှာပဲ မိမိတို့ နဂိုမူလ လိပ်စာမှာမနေထိုင်ရဲဘဲ တနေရာရာမှာ ဇာတ်မြှုပ်ပြီး နေထိုင်ကြရသူတွေ စသဖြင့် အမျိုးမျိုးသော အခြေအနေနဲ့ ရင်ဆိုင်ဖြေရှင်းနေကြရတာ ဖြစ်ပါတယ်။
CDM လှုပ်ရှားမှုကို စတင်စေ့ဆော်ခဲ့တာက ဒေါ်အောင်ဆန်းစုကြည် မှာထားခဲ့တယ်ဆိုတဲ့ အာဏာဖီဆန်ရေး လှုပ်ရှားမှုလုပ်ကြဖို့ နှိုးဆော် ဆိုတဲ့ စာတစောင်က စတင်တယ်လို့ ဆိုနိုင်ပြီး ဆန္ဒပြမှုအရှိန်မြင့်တက်ခဲ့တဲ့ ကာလတွေအတွင်း အစိုးရ ဌာနဆိုင်ရာတွေသာမက ပုဂ္ဂလိကဘဏ်တွေလို လုပ်ငန်းတွေက ဝန်ထမ်းတွေကိုပါ အစိုးရ ယန္တရားမလည်ပတ်နိုင်အောင် ရည်ရွယ်ချက်နဲ့ CDM လုပ်ဖို့ နှိုးဆော်ခဲ့ကြတာ ဖြစ်ပြီး ပုဂ္ဂလိကဘဏ်တွေက ဝန်ထမ်းအချို့ပါ CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြတာ တွေ့ရပါတယ်။
CDM လှုပ်ရှားမှုဟာ အာဏာသိမ်း စစ်ကောင်စီကို ကိုင်လှုပ်နိုင်ခဲ့တာ အမှန်ဖြစ်ပေမယ့် ခုချိန်မှာတော့ အဆုံးအဖြတ်ပေးနိုင်တဲ့ ဗျူဟာမဟုတ်တော့ဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။ လက်နက်ကိုင် လမ်းကြောင်းကို ရွေးချယ်ထားကြပြီး တနှစ်ခွဲလောက် ကြာလာချိန်မှာ CDM လှုပ်ရှားမှုဟာ စစ်အာဏာရှင် ပြုတ်ကျရေးအတွက် အထောက်အကူပြုမှု တခုအနေအထားမျိုးလို့သာ ဆိုရတော့မှာ ဖြစ်ပါတယ်။ တဖက်မှာ CDM လုပ်သူတွေ သိန်းဂဏန်းလောက် ရောက်ရှိခဲ့ရာက ၄င်းတို့ကို ကူညီထောက်ပံ့ရမယ့် ဝတ္တရားလည်းရှိနေတာ ဖြစ်ပါတယ်။
ခုရက်ပိုင်း NUG က ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းမှု နောက်ပိုင်း CDM လှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့ ဝန်ထမ်း ၄ သောင်းကို အကူအညီပေးခဲ့တဲ့ ငွေပမာဏက ကျပ်ငွေ သိန်း ၁ သောင်း ၂ ထောင်ကျော်ရှိပြီလို့ ဖော်ပြထားပါတယ်။ ဝန်ထမ်းအရေအတွက်နဲ့ စားကြည့်ရင် တယောက်ကို ၃ သောင်းကျပ်သာ ထောက်ပံ့နိုင်သေးတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။ လိုအပ်ချက်နဲ့ ပေးနိုင်တဲ့ ရန်ပုံငွေက အဆမတန်နည်းပါးနေသေးတဲ့ သဘောလည်း ဖြစ်ပါတယ်။ NUG ထံက မဟုတ်ဘဲ လူထုတွေ စုပြီးထောက်ပံ့ကြတာ၊ အချို့သော အရပ်ဘက်အဖွဲ့အစည်းတွေကတဆင့် နိုင်ငံတကာအဖွဲ့အစည်းတချို့က ထောက်ပံ့ပေးတာတွေရှိပေမယ့် လိုအပ်ချက်နဲ့ ထောက်ပံ့ပေးနိုင်မှုက အဆများစွာ ကွာဟနေတဲ့ အခြေအနေမျိုးလို့ ဆိုရမယ့် အနေအထားဖြစ်ပါတယ်။
စစ်အာဏာသိမ်း ၂ နှစ်ပြည့်ဖို့ ရက်ပိုင်းအလို CDM လှုပ်ရှားမှုလည်း ၂ နှစ်ပြည့်ဖို့ ရက်အနည်းငယ်သာ လိုတော့တဲ့အချိန်မှာ CDM လှုပ်ရှားမှုနဲ့ပတ်သက်လို့ အကျိုးအမြတ်နဲ့ သက်ရောက်မှု၊ တာဝန်ခံမှု တာဝန်ယူမှု ရှုထောင့်စတာတွေအားလုံးကနေ ပြန်လည်သုံးသပ်ရမယ့် အချိန်တခုလို့ ဆိုရမှာ ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar