Breaking News

ဆယ်ပေါင်တူ - တတိယမြောက် ဓာတ်ကြီးပါတီ


ဆယ်ပေါင်တူ - တတိယမြောက် ဓာတ်ကြီးပါတီ

(မိုးမခ) ဖေဖော်ဝါရီ ၆ ၊ ၂၀၂၃


လက်ဖက်ရည်ဆိုင်ထဲ ဝင်ရုံရှိသေးတယ်။ ဆယ်ပေါင်တူကို လှည့်ကြည့်ကြပြီး ‘ဓာတ်ကြီးတပါး’လာပြီ ဆိုလား ဘာလား မသဲမကွဲ ပြောသံကို ကြားလိုက်ရတယ်။ အဲဒါကလည်း ပြဿနာတခု၊ အခုတလော ဆယ်ပေါင် တူကို မကြားတကြား ပြောနေကြတဲ့ အထဲမှာ အဲဒီ ဓာတ်ကြီးတပါး ဆိုတာက ဘာကြီးမှန်းလည်းမသိ အမြဲလိုလို ပါနေတယ်။

ပြောတဲ့သူတွေက ကိုယ်နဲ့အတူထိုင်နေကျ ကိုယ့်အဖွဲ့တွေပဲဆိုတော့ ဘာမှအားနာစရာမလိုလို့ ဒီနေ့တော့ မေးဖြစ်အောင် မေးမိလိုက်တယ်။

ဒီတော့မှ ရှင်းရှင်းလင်းလင်း သိလိုက်ရတယ်၊ နည်းနည်းတော့ ရှင်းပြရပါဦးမယ်။

ဆယ်ပေါင်တူက ‘ငါက ဘာကြောင့် ဓာတ်ကြီးတပါး ဖြစ်သွားရတာတုံး’လို့ မေးခွန်းထုတ်လိုက်တော့ မေးခွန်းနဲ့ပဲ ပြန်ဖြေကြတယ်။

‘ဓာတ်ကြီးတပါး ခဏထားဦး၊ ဓာတ်ကြီးလေးပါးကို သိလား’ တဲ့။

အဲဒါမှခက်တာ။ လေးပါးမပြောနဲ့၊ တပါးကိုတောင် မသိလို့ သူတို့ကို ပြန်မေးရပါတယ်ဆိုနေမှ၊နောက်ပြီးတော့ ဆယ်ပေါင်တူက ပြောခဲ့ဖူးတဲ့အတိုင်း ထူချင်တဲ့နေရာ ခပ်ထူထူဆိုတော့ ဘယ်လိုလုပ်သိပါ့မလဲ။ ဒါနဲ့ ဘေးနားက ဝင်ထောက်ပေးတယ်။

‘မင်းငယ်ငယ်တုန်းက သင်ဖူးတဲ့ ဘာသာလေကွာ’

ပဟေဠိလုပ် မေးခွန်းထုတ်ရအောင် ဖြစ်နေရင်တော့ အရေးကြီးတဲ့ဘာသာ ဖြစ်ရမယ်ဆိုပြီး စဉ်းစားမိလိုက်တယ်။ ဟုတ်ပြီ၊ ဒါ ပါမောက္ခ ဆရာကြီးတပါး ပြောဖူးတဲ့ဟာ ဖြစ်မယ်၊ကိုယ်တိုင် ဖတ်ဖူး ကြားဖူးတာတော့ မဟုတ်ဘူး၊ ဖတ်ဖူးတဲ့သူတယောက်က ပြောတာကို ကြားဖူးတဲ့ တယောက်က ထပ်ပြောပြတာ၊ ဒါကို ပြန်ကြားဖူးတဲ့ တယောက်က ဆယ်ပေါင်တူကို ဆရာကြီးလုပ် ပြန်ပြောခဲ့ဖူးလို့ အမှတ်ရနေတာ၊ ဒါနဲ့ပဲ ‘သမိုင်း’လို့ ဖြေလိုက်တယ်။ ဟုတ်တယ်လေ ‘မအ’အောင် သင်ရတဲ့ အရေးကြီးဘာသာရပ်မို့ မေးခွန်းကြီးငယ်နဲ့ အရေးတယူ လုပ်မေးတာ ဖြစ်မှာပေါ့လို့ ထင်မိလိုက်တာဆိုတော့။

စိတ်ပျက်သွားတဲ့ မျက်နှာတွေကို မြင်လိုက်ရတယ်။ ပြီးတော့မှ သက်ပြင်း လေးလေးပင်ပင် ချလိုက်ကြပြီး ‘ပထဝီကွ ပထဝီ’ အဲဒါ ပထမဓာတ်ကြီးတပါး၊ ကဲ ဆက်ဖြေ ဒုတိယမြောက် ဓာတ်ကြီးကရော ဘာလဲ’

‘တေဇော’

‘အေး မှန်တယ်’

တကယ်တော့ ကိုယ့်အစွမ်းအစနဲ့မဟုတ်ပါဘူး၊ဘေးကကပ်ပြောပြတာကို နားထောင်ပြီး ခပ်တည်တည်နဲ့ ကိုယ် ဖြေသလို လုပ်ပစ်လိုက်တာ။

‘ဒါဆို တတိယမြောက်ကိုပြော’

‘မိုးမခ’မှာ ဒုတိယ စာဖတ်အား အကောင်းဆုံးလို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ထားတဲ့ ဆယ်ပေါင်တူ ဆိုတော့ ဒီ တကြိမ် သိပ်မစဉ်းစားတော့ပဲ ခပ်မြန်မြန် ဖြေလိုက်တယ်။

‘ဝါ​ယော’ အားလုံးက စိတ်လေသွားကြတဲ့ပုံပဲ၊ နောက်တော့မှ ‘အဲဒါ စတုတ္ထမြောက်ကွ’ ဆိုပြီး ဘယ်လိုမှ ဆက်မဖြေနိုင်မှန်းသိသွားကြလို့ တတိယမြောက် ဓာတ်ကြီးတပါး အမည်ကို ပြောပြပြီး အသေးစိတ် ရှင်းပြပါတယ်။

ဆယ်ပေါင်တူလည်း အဲဒီကျမှ ဇာတ်ရည်လည် ပါတော့တယ်။ ဒီလို ဒီလို၊ ဆယ်ပေါင်တူရဲ့ ဘော်ဒါတွေက နွေဦးတော်လှန်ရေး အတိမ်းအစောင်း ဖြစ်သွားမှာ၊တနည်းနည်းနဲ့ ကြန့်ကြာနေမှာ အလွန်စိုးရိမ်ကြတဲ့သူတွေပါ။ 

အခုလည်း လူရွှင်တော်များ ပြောကြသလို တသက်လုံး ထုတ်မသုံးဖြစ်တဲ့၊ ထုတ်သုံးဖြစ်ရင်တောင်မှ လက်ခံတဲ့သူ ရှိဟန်မတူတဲ့ သူတို့ရဲ့ အသစ်ကျပ်ချွတ် အကြံဉာဏ်တွေကို နွေဦးတော်လှန်ရေးရောက်တော့ ခွင်ဝင်ပြီဟေ့ ဆိုပြီး ဖောဖောသီသီ နေ့နေ့ညည လိုက်ဖ်လွှင့် ပြောကြားနေတာတွေ နားထောင်၊ ပိုစ့်လုပ်တာတွေ ဖတ်ပြီး စိတ်ပူပန်နေမိကြတာပါ။

အဲဒီ လက်ချိုးရေလို့ရတဲ့ သူတွေကိုစုပြီး အစောကပြောခဲ့တဲ့ ‘တတိယမြောက် ဓာတ်ကြီးပါတီ’လို့နာမည်ပေးထားကြသတဲ့။ ဆယ်ပေါင်တူလည်း ဒီနာမည်ကို တော်တော်လေး သဘောကျမိတယ်။

ဟုတ်တယ်လေ ‘တေဇော’ နဲ့ ’ဝါယော’ကြားက ဓာတ်ကြီးတပါးရဲ့ နာမည်နဲ့ လိုက်မှလိုက်၊ ပြီးတော့ တတိယမြောက် ဆိုတော့ ‘သာဒ့်’လို့လည်း ယူလို့ရသေးတာပေါ့။ ဆယ်ပေါင်တူရဲ့ မိတ်ဆွေသူငယ်ချင်းတွေ ဆိုတော့ ဘယ်ခေပါ့မလဲ ဆိုပြီး ကြားကတောင် အမှတ်ဝင်ယူမိသေးတယ်။

ဆယ်ပေါင်တူနဲ့ ဘယ်လို ဆိုင်နေလို့လဲ ဆိုရင်တော့ ထပ်ရှင်းပြရပါဦးမယ်။ ဆယ်ပေါင်တူ ဆိုတာက ဒီလိုအမြင်မတော်စရာတွေတွေ့ရင် သရော်စာ ကောက်ရေးတတ်တဲ့သူလို့ အပေါင်းအသင်းတွေနားလည်ထားကြပါတယ်။ ဖြစ်ချင်တော့ အခုကိစ္စမှာ ဘာမှဝင်မရေးဘဲ အသာလေး ငြိမ်နေသလိုဖြစ်နေတော့ ဆယ်ပေါင်တူဟာ တတိယမြောက်ဓာတ်ကြီး ပါတီဝင်ဖြစ်ရင်ဖြစ်၊ မဖြစ်ရင်တောင်မှ ကျိတ်ပြီး ထောက်ခံနေတဲ့သူ ဖြစ်လိမ့်မယ်ဆိုတဲ့ ထင်ကြေးကြောင့် ‘ဓာတ်ကြီးတပါး’ ဘာညာဆိုပြီး ထေ့ငေါ့နေကြတာပါ။

ဆယ်ပေါင်တူကလည်း မဟုတ်ရကြောင်း အသေအချာ ပြန်ပြီးရှင်းပြလိုက်မှ ကြည်ကြည်လင်လင်ဖြစ်သွားကြပါတယ်။ ပြီးတော့ ဒီအကြောင်းနဲ့ ပတ်သက်ပြီးလည်း ဆက်ပြောလာကြတယ်။

ဒီနာမည်ကို ဒီမိုကရေစီစံနှုန်းစံထားများနဲ့အညီ မဲပေးရွေးချယ်ထားကြသတဲ့၊ ငယ်ငယ်က လျှို့ဝှက်သည်းဖိုဝတ္ထုတွေ စွဲစွဲလမ်းလမ်း ဖတ်လေ့ရှိသူကတော့ သူ ပေးတဲ့နာမည်က မဲကပ်ရှုံးသွားလို့ ဆိုပြီး အခုထက်ထိ တဖျစ်တောက်တောက် ဖြစ်နေတုန်း။

ဘာနာမည်ပေးလိုက်တာလဲ ဆိုတော့ ‘စိတ္တဇလေ သေနတ်သမားများ’တဲ့။ အင်း ဒါလည်း သိပ်မဆိုးဘူး၊ လိုက်ဖက်သားပဲ။ တယောက်က စပြောတယ်။

‘ကတ်သတ်ပြီး ရှာကြံပြောနိုင်လွန်းတယ်ကွာ၊ ဖန်ခွက်ထဲ ပြည့်ဖို့ ရေတစက်တည်း လိုတော့ရင်တောင် အဲဒီရေတစက်အတွက်နဲ့ အပြစ်ဆက်ရှာကြဦးမယ့်သူတွေ’ နောက် ဝင်ပြောတဲ့သူက ‘ပွဲထုတ်ထားတဲ့ တိုက်စစ်မှူး အနီကဒ်နဲ့ စောစောစီးစီး ထွက်သွားရတဲ့ အသင်း ကစားကွက်ပျောက်ပြီး တွေ့ရာ လူချ ကစားတာမျိုး ပြန်အမှတ်ရမိတယ်ကွာ’တဲ့။ 

ပြီးတော့ ‘စဉ်းစားကြည့်လေ ပိုဆိုးတာက ‘သားရီး’ ‘အမောပြေ ရေလေး ခဏသောက်လိုက်ပါဦး’၊ ‘ညလေး’ ‘ခဏလောက် အမောဖြေပြီးမှ ဆက်ဆဲ၊ အဲ ဆက်ပြော ‘ဆိုပြီး သူတို့ပြောသမျှနားထောင်ရင်း ကြင်စိုးက ပြုံးပြုံးကြီးနဲ့ ဝင်ပြောနေတယ်လို့များ မြင်ယောင်ကြည့်လို့ ရတယ် ဆိုရင်တော့ တခုခုမှားနေပြီလို့ အလွယ်တကူ ပြောလို့ရတယ်ကွ’

‘အင်း ဒါလည်း ဟုတ်တုတ်တုတ်ပဲ ‘တတိယမြောက် ဓာတ်ကြီး’တို့ ပြောနေတာတွေက ကြင်စိုးအကြိုက်ပဲလေ၊ ကြင်စိုးတယောက်က ဓာတ်ကြီးတို့ကို ဘာဘွဲ့တွေများ ချီးမြှင့်လိုက်ရရင် ကောင်းမလဲလို့တောင် တွေးနေမလား မသိဘူး’ ဆိုပြီး ဆယ်ပေါင်တူလည်း စဉ်းစားနေမိတယ်။

‘ဒီမှ ာနားထောင်ဦး’ဆိုပြီး ဗိုလ်ချုပ်ဂွမ်မော်ရဲ့ RFA အင်တာဗျူးကို ဖွင့်ပြတဲ့သူလည်း ရှိသေးတယ်။

“တဘက်နဲ့ တဘက်ပေါ့နော်။ တစ်ယောက်နဲ့ တစ်ယောက် ဒီတော်လှန်ရေးကာလမှာ ခွန်အားမဖြစ်စေဘဲနဲ့ အပုပ်ချတဲ့ဟာတွေကို ကျနော်တို့ လျှော့ချဖို့လိုပါတယ်။ တစ်ခါတလေမှာ အားမလိုအားမရဖြစ်ပြီးမှ တဘက်နဲ့ တဘက် အပြစ်တင်တာတို့ အပုပ်ချတာမျိုး မဖြစ်အောင်ကြိုးစားရမယ်” ဆိုတဲ့ အမြော်အမြင်ကြီးမားလှတဲ့ စကားစုတွေ။

‘အားလုံးကြားမှာ နားလည်မှုရအောင် ကြိုးစားတည်ဆောက်နေကြတုန်းမှာ အခုလို မှတ်သားစရာတွေကိုတော့ မလိုက်နာကြဘဲ အတို့အထောင် ရိသဲ့သဲ့စကားတွေကိုကျ မမောတမ်း အထပ်ထပ်ပြောနေကြတာ ကောင်းသလားကွာ’လို့ သူငယ်ချင်းက ခံစားချက်အပြည့်နဲ့ ပြောလိုက်ပါတယ်။

သူတို့ ပြောသမျှ နားထောင်ပြီးတဲ့အခါမှာတော့ သိပ်ပြီးစိတ်မပူကြဖို့ ဝင်ပြောမိတယ်။ ‘မိုးမခ’မှာ ဒုတိယ စာဖတ်အားအကောင်းဆုံးဖြစ်သူပီပီ ဥပမာ ဥပမေယျလေးတွေနဲ့ မှတ်သားလောက်စရာတွေ ထည့်ပြောတော့တာပေါ့။

‘မုန့်ဟင်းခါးတပွဲမှာ ဘာက မရှိမဖြစ် အရေးအကြီးဆုံးလဲ၊ တကယ့်မုန့်ဟင်းခါးကို ပြောတာနော်၊ အတို အရှည် ငရုတ်သီးတွေ ထည့်ဖြေနေမှာစိုးလို့’

ဆယ်ပေါင်တူ မျှော်လင့်ထားတာက ငါးခူ၊ ငါးကျည်း၊ စပါးလင်၊ ပဲမှုန့်စိမ်း၊ ဆန်လှော်မှုန့် အစသဖြင့်ပေါ့ ဖြေကြလိမ့်မယ်လို့။ ဒါပေမဲ့ ဆယ်ပေါင်တူရဲ့ အပေါင်းအသင်းများဆိုတော့ ချော်တောငေါ့ပြီးတလေသံတည်း ဖြေလိုက်ကြပုံက ‘မုန့်ဖတ်’တဲ့ အင်းလေ ဒါလည်း မှားတယ်လို့မှ ပြောမရတာ၊ငြင်းခုံနေရင် လိုရင်းမရောက်ဘဲ နေတော့မယ်။

‘ကဲ ဟုတ်ပြီ ထားလိုက်၊ မုန့်ဟင်းခါးမှာ မရှိမဖြစ်ဆိုတဲ့ မုန့်ဖတ်မပါရင် ဘာဆို ဘာမှ လုပ်လို့မရတော့ဘူး ဟုတ်တယ်မလား၊ ဘယ်နေရာမှာမဆို မရှိမဖြစ် အရေးပါလား မပါလား သိချင်ရင် အဲဒီတခုကို ဖယ်ပြီး စဉ်းစားကြည့်ရတယ်ကွ။ သူမပါရင် ဘာဖြစ်သွားမလဲပေါ့’။

ဒီတော့ အခုလည်း ‘တတိယမြောက် ဓာတ်ကြီး’တို့ကို ဖယ်ပြီး စဉ်းစားကြည့်မယ်ကွာ၊ ဆိုပါတော့သူတို့တတွေ လိုက်ဖ်လွှင့်တာ၊ ပိုစ့်လုပ်တာ တလအပိတ်ခံရတယ်ပဲထား ငါတို့ နွေဦးတော်လှန်ရေးကြီးက ရပ်တန့်သွားမှာလား၊ ‘ဘယ်လိုလုပ်ရပ်သွားရမှာလဲ’ လို့ ခပ်ဆတ်ဆတ် ဝိုင်းဖြေကြတယ်။

‘ဟုတ်ပြီ ဒီလိုဆို သူတို့ ပြန်လိုက်ဖ်လွှင့်ခွင့်ရ၊ ပိုစ့်လုပ်လို့ရပြီဆိုရင်ရော နွေဦးတော်လှန်ရေး ပိုမြန်သွားမလား’

‘ဘာဆိုင်လို့ မြန်သွားရမှာလဲ’လို့ တုံးတိဖြေတဲ့သူဖြေ။ ဘုကြည့်နဲ့ ကြည့်သူကကြည့်။

‘ကဲ အဲဒီတော့ စဉ်းစားကြည့်လိုက် သူတို့တတွေကသာ သူတို့ရဲ့ အသစ်ကျပ်ချွတ် အကြံဉာဏ်တွေမပါရင် နွေဦးတော်လှန်ရေးတော့ ‘လှလှနဲ့ဒုက္ခ’ တွေ့ကြတော့မယ်လို့ ထင်နေကြတာ ၊ သူတို့ထောက်ပြတာတွေ လိုက်မလုပ်ကြရင် နွေဦးတော်လှန်ရေး လမ်းချော်သွားမယ်လို့ ထင်နေကြတာ၊ တကယ်တော့ သူတို့တွေက ‘ရှိလည်း မထူး မရှိလည်းမထူး’တွေကွ။ ဒါတွေကို

ပြည်သူအများစုကလည်း သိပြီးသားပါ၊ နားမယောင်ကြပါဘူး။

ဒါ့ကြောင့် တူရာတူရာစုပြီး ကျီး-ဘုတ် မြှောက် ဘုတ်-ကျီးမြှောက် နေကြနေတဲ့သူတွေကို မရှိသလိုသာ ထားပစ်လိုက်၊ နွေဦးတော်လှန်ရေးအတွက် ကိုယ် လုပ်နေတဲ့အလုပ်ကို အရင်ထက်ပို အားစိုက်ထည့်ကြ၊ ပိုပါဝင်ကြ၊ ဒီနှစ်က သိပ်အရေးကြီးတယ်’ ဆိုပြီး ရှင်းပြအားပေးလိုက်တော့မှ စိတ်သက်သာရာရသွားကြလေရဲ့။ ပြီးတော့ အခုလို ပြောဆိုကြတာလေးကိုလည်း ‘မိုးမခ’မှာ ရေးပေးပါဦးတဲ့။

ဆယ်ပေါင်တူကလည်း နောက်ချင်တာနဲ့ ‘တော်ကြာ မိုးမခ အယ်ဒီတာမင်းတွေက ‘တတိယမြောက် ဓာတ်ကြီးပါတီ’ ဖြစ်နေရင် ငါ့စာမူတွေ နောက်မထည့်တော့ပဲ နေမှာပေါ့’ လို့ ဆိုလိုက်တော့ ‘အဲဒီလိုဆိုရင် ‘တော်လှန်ရေးမီးရှူးတိုင် တတိယမဏ္ဍိုင်’ ဆိုပြီး ပြန်ဖာထေး ရေးပို့လိုက်ပေါ့ကွာ’တဲ့၊

ခေါင်းစဉ်ကိုတောင် ရှာပေးလိုက်ကြသေးတယ်။

ခေါင်းစဉ် ဆိုလို့ ပြောရပါဦးမယ်။ ဒီဆောင်းပါးအတွက် သူတို့တတွေနဲ့ အများသဘောကျ အရင်ရွေးလိုက်ကြတဲ့ ခေါင်းစဉ်က “တသံတည်းညီ တချိန်လုံးဖောင်း ကြင်စိုးဖေးဘရိတ် လေပူဖောင်းများ” ဆိုတဲ့ နာမည်ပါ။ ဖြစ်ချင်တော့ တရုတ် လေပူဖောင်း အမေရိကန်နိုင်ငံပေါ်  ရောက်တာနဲ့တိုက်ဆိုင်သွားတော့ ဟိုဟာလိုလို ဒီဟာလိုလို ရှုပ်ထွေး ရောမသွားရလေအောင် ရိုးရိုးရှင်းရှင်း အခုခေါင်းစဉ်ကိုပဲ ပြန်ပြောင်းလိုက်ရပါတယ်။

‘ဪ လေပူဖောင်းဆိုတာများကလည်း ငါတို့ဆီမှာသာ မဟုတ်၊ ကမ္ဘာအရပ်ရပ် လှည့်ပတ်ရှုပ်ပြီးဒုက္ခပေးနေကြတာပါပဲလားလို့’သာ ဆိုလိုက်မိပါတော့တယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar