Breaking News

နွေဦးအေ - ရွာပျောက်သူ


နွေဦးအေ - ရွာပျောက်သူ

(မိုးမခ) ဖေဖော်ဝါရီ ၆ ၊ ၂၀၂၃




"အိမ်ကထွက်သွားတုန်းက အရာအားလုံး အကောင်းအတိုင်းပဲ ပြန်ဝင်ကြည့်တော့ ပြာပုံကြီးပဲ မြင်ရတော့ မရူးတမယ်ပါပဲ "


ရွာလုံးကျွတ် မီးလောင်ပြင်ကို ကြည့်ပြီး ဒေါ်သန်းရင်တယောက် ရူးမတက် အော်ငိုမိတယ်။

"ရင်ထဲမှာ ဆို့နေတာပဲ။ "

ဒေါ်သန်းရင်တို့ နေတဲ့ တရွာလုံးကို စစ်ကောင်စီ အကြမ်းဖက်တပ်သားတွေက မနေ့က လာရောက်မီးရှို့ သွားတာ ဖြစ်ပါတယ်။

မီးရှို့ခံရတဲ့အိမ်အများစုက တောင်ယာလုပ်ငန်း၊ နေ့စားကူလီအလုပ်တွေ လုပ်ရင်း နှစ်ပေါင်းများစွာစုဆောင်းချွေတာကာ ဆောက်ထားတဲ့ ချွေးနှဲစာ အိမ်တွေဖြစ်လို့ နောက်ထပ်အိမ်တလုံး ထပ်ဖြစ်ဖို့ မလွယ်တော့တာ ဒေါ်သန်းရင် အပါအဝင် ရွာသူရွာသားတွေ ချုံးပွဲချ ငိုနေကြတာလွဲ ဘာမှမတတ်နိုင်ခဲ့။

ရွာထဲတွင် လူအရိပ်အယောင်တွေ့ပါက စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးသတ်ဖြတ်တာတွေ ရှိနေတဲ့အတွက် ထွက်ပြေးတိမ်းရှောင်ရာ တောထဲ အဝေးကနေသာ မီးလောင်ကျွမ်းနေပုံကို လှမ်းကြည့်နေကြရပါတယ်။

" အခုမီးရှို့ခံရတဲ့အိမ်တွေက တောင်သူနဲ့ ကူလီနေ့စားတွေအိမ် များတယ် ၊ တချို့ဆို အိမ်တစ်လုံးဖြစ်ဖို့ နေ့စားခ လေးထောင်ငါးထောင်လေးကို နှစ်တွေအများကြီး ခြိုးခြံချွေတာပြီး ဆောက်လာကြတာ၊ ၂၀၂၁ ခုနှစ်ကမှ ပြီးထားတာ အခုတော့ ပရိဘောဂပစ္စည်းတွေပါ တစ်ခုမကျန် မီးထဲပါသွားပြီ "လို့ ဒေါ်သန်းရင်က ငိုနေတဲ့မျက်ရည်စတွေနဲ့ ပြောပြတယ်။

အရင်က စည်ကားပြီး အလှူဒါနတွေ အမြဲလုပ်နေတဲ့ ရွာလေးဟာ နှစ်ရက်တာအတွင်း အရာအားလုံး ပြာပုံအဖြစ် ပြောင်းနေတာကို ဒေါ်သန်းရင် နည်းတူ အိမ်မီးရှို့ခံရတဲ့အခြားရွာသူရွာသားတွေလည်း ခံစားနေရတာပါ။

"မိဘက တောင်သူပါ ။ အသက်ကြီးပါပြီ၊ အသက် ၇၀ ရှိပြီ၊ လောလောဆယ် အမ ကျူရှင်လခနဲ့ စားသောက်နေတာ ကိုဗစ်နဲ့ အဏာသိမ်းတာနဲ့ အရင်က စုထားတာလေး စားနေရတာ၊ မီးထဲပါသွားတဲ့ အိမ်ပိုင်ရှင် ကျွန်တော့်အမဆို မုဆိုးမ ယောက်ျားသေပြီးကတည်းက တကိုယ်တည်း ရုန်းကန်ပြီး နှစ်ရှည်လများ မစားရက်မသောက်ရက် စုထားပြီး ဆောက်ထားတာ"လို့ ကျောက်တိုင်ရွာက ကိုအောင်ကြီးက ပြောပါတယ်။

စစ်တပ်က ဘေးချင်းကပ်ရွာတွေကို ဝင်ရောက်နေတာကို သတင်းစကြားတည်းက ရွာလုံးကျွတ်တိမ်းရှောင်နေကြတာ ဖြစ်ပြီး အိမ်မီးလောင်နေတဲ့သတင်းကို အဝေးကနေသာ ကြားရသိရတဲ့ အခြေအနေမျိုးတွေလည်း ရှိနေပါတယ်။

"အမေက အသက်၇၀ဝန်းကျင်ပါ၊ မောင်နှမ ခြောက်ယောက် ရှိပါတယ်၊ တစ်ယောက်က အသတ်ခံထားရတယ်၊ ကျွန်တော်တို့မှာ အိမ်လည်း မီးလောင် မောင်နှမတယောက်လည်း အသတ်ခံရ တော်တော်ကံဆိုးပါတယ်ဗျာ။ ဒီ့ထက်လည်း ဘဝပျက်စရာမရှိတော့ပါဘူး" လို့ ကိုအောင်ကြီးက ပြောပါတယ်။

ကျောက်တိုင်ရွာတရွာလုံး တိမ်းရှောင်နေရပြီး နီးစပ်ရာ ရွာတွေကို ခေတ္တတရက်တာ နားခို နောက်ရက်တွေ ဆက်ပြေးလွှားရင်း မိသားစုလိုက် တောထဲ ယာယီတဲထိုး သွားနေရတာတွေလည်း ရှိပါတယ်။ ထမင်းနဲ့ စားစရာတွေကိုတော့ ဖြတ်သန်းပြေးလွှားရာ လမ်းတလျှောက်က ရွာတွေက လှူတာတွေကို ထုပ်ပိုးသယ်ဆောင်လာကြတာပါ။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ် ကျောက်တိုင်ရွာကို စစ်ကောင်စီတပ်သားတွေက ဇွန် ၁ ရက်နေ့က စဝင်ရောက်လာပြီး နှစ်ရက်တာ မီးရှို့ဖျက်ဆီးရာ အိမ်ခြေ ၁၀၀ ကျော် မီးရှို့ခံရပြီး လေဖြတ်အဘိုးတဦး မီးလောင်ခံရကာ သေဆုံးသွားတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းအတွင်းက ရွာလုံးကျွတ် မီးရှို့ခံရတဲ့အချိန် မီးဘေးထဲ ပါသွားတဲ့ ပြည်သူတွေရဲ့ ရုပ်အလောင်းတချို့ကို သယ်ယူပြီး သေချာသင်္ဂြိုဟ်ပေးခဲ့တာရှိသလို တချို့ရုပ်အလောင်းတွေလည်း ကိုယ်လက်အင်္ဂါ အစုံအလင်မပါတော့တာတွေလည်း ရှိတယ်လို့ သိရပါတယ်။

တိမ်းရှောင်နေရတဲ့ နေစရာအိမ်လည်း မရှိတော့တဲ့ ဒေသခံ ရွာသူရွာသားတွေအတွက် ထမင်း၊သောက်စရာရေ စတာတွေကို နီးစပ်ရာ ရွာတွေက ကျွေးမွေးကြပြီး ရေရှည်အတွက်တော့ စားရေးသောက်ရေး ခက်ခဲလာမှာ ဖြစ်ပါတယ်။

တနေ့လုပ် တနေ့စား တောင်သူလယ်သမားအများစု နေထိုင်တဲ့ ဒီရွာတွေမှာ ရွာလုံးကျွတ် ငှက်ပျော၊ဂျုံ ၊ ကြက်သွန် ၊ စပါးစိုက်ပျိုးခြင်း၊ နေ့စား အလုပ်လုပ်ရင်း အသက်မွေးကြတာပါ။

ယခု စစ်ကောင်စီတပ်သားတွေက မီးတွေလိုက်ရှို့ ဖျက်ဆီးနေတာက နေစရာအိမ်တင်မက အလုပ်အကိုင်တွေပါ လုပ်စရာမရှိတော့အောင် ဘဝတွေပျက်ကြရတဲ့အထိ ဖြစ်သွားကြပြီ ဖြစ်ပါတယ်။

ကျောက်တိုင်ကျေးရွာကဲ့သို့ စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ်ထဲက လည်ငေါက်ကျေးရွာကိုလည်းမေလ၂၈ရက်က အကြမ်းဖက်စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီးပြီး အပြစ်မဲ့ ပြည်သူ (၄)ဦး ကို သတ်ဖြတ်ထားခဲ့တယ်လို့ လည်ငေါက်ရွာမှာလည်း အကြမ်းဖက် စစ်တပ်ဟာ(၃)ရက်ကြာတပ်စွဲနေထိုင်ခဲ့ပြီး အပြစ်မဲ့ပြည်သူအိမ်ထောင်စု စုစုပေါင်း ၂၇ စု၏ နေအိမ်အဆောက်အဦပေါင်း အလုံး ၅၀ ကို မီးရှို့ဖျက်ဆီးသွားခဲ့ပြီးစားသောက်ကုန် ရွှေ ၊ ငွေများကိုလည်း ခိုးယူသွားပြီး မီးရှို့ခံရသော နေအိမ် ၂ လုံးအတွင်းမှာ မီးလောင်ထားသော ရုပ်အလောင်း ၃ လောင်းတို့ကို ကြေးနန်းကြိုးဖြင့် ခြေထောက်နှင့် လက်တို့ကိုတုပ်ထားလျက် တွေ့ရှိခဲ့ရတယ်လို့ ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်ထားတာပါ။

သေဆုံးသူ ၃ ဦးဟာ မည်သူမည်ဝါဖြစ်ကြောင်းကိုတော့ အတည်မပြုနိုင်သေးဘူးလို့ သိရပါတယ်။

ကျေးရွာအတွင်းတွင် အကြမ်းဖက်စစ်တပ်က တပ်စွဲနေထိုင်နေစဥ် သေနတ်နှင့် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့၍ အမျိုးသမီး ၂ ဦး၊ ကျည်ထိမှန်ဒဏ်ရာ ရရှိခဲ့ပြီးနွား (၁) ကောင် သေဆုံးသွားခဲ့ပြီး အကြမ်းဖက်စစ်တပ်ဟာ မီးရှို့ဖျက်ဆီးရာ မြို့နယ်တွေအတွင်းမှာ ဖုန်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ထားတယ်လို့ ယင်းမာပင်မြို့နယ်သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်ထားပါတယ်။

"ရွာနား အခြေအနေကြည့်ရင်းနဲ့ အကြမ်းဖက်စစ်တပ် လက်ချက်မိတာမျိုးတွေပေါ့"လို့ ဒေသခံရွာသားတဦးက ပြောပါတယ်။

စစ်ကောင်စီသည် အာဏာတည်မြဲဖို့ ပြည်သူလူထုတွေကို အရှင်လတ်လတ် မီးရှို့၊ နေအိမ်တွေကိုမီးရှို့နေတာ သူ အာဏာတည်မြဲဖို့ ကြိုးစားနေတာဖြစ်ပြီး အပြစ်မဲ့ပြည်သူတွေရဲ့ နေအိမ်တွေ လူတွေသာ မီးရှို့လို့ရနိုင်ပေမယ့် ပြည်သူတွေရဲ့အကြမ်းမဖက် တော်လှန်စိတ်ကို မီးရှို့လို့မရဘူးလို့ ယင်းမာပင်ကျေးရွ ာသပိတ်ဦးဆောင်သူ ကိုဇေယျာကပြောပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar