Breaking News

လင်းလက်နွေဦး - မမညို မြောင်ကို မပြန်တော့ဘူးလား

မမညို မြောင်ကို မပြန်တော့ဘူးလား
လင်းလက်နွေဦး
(မိုးမခ) ဖေဖော်ဝါရီ ၂၊ ၂၀၂၃

မမညိုကဆိုတယ်
ဘာရယ်
ကျောက်နဂါးကို ဘုရားလုပ် ကိုးကွယ်သတဲ့လား။

သင်္ဂဇာဆရာတော်ဘုရားကြီးရဲ့ မွေးရပ်မြေပါ မမညို
မင်းဆရာတော်ကြီးက
သက်ဦးဆံပိုင် ဘုရင်တွေကိုတောင်
ပြောင်မြောက်လှတဲ့ပုံပြင်တွေနဲ့
တည့်မတ်ရဲခဲ့သူပါ။

ကျမ်းကြီးကျမ်းခန့်တွေ၊
ကာယပစ္စဝေက္ခဏာတို့
သိင်္ဂါလောဝါဒ ဆုံးမစာတို့
ကျမ်း အဆူဆူသာမက
ကျနော်တို့လိုလူ့ဗာလတွေ နားဝင်စရာ
ပြုံးစရာ ရွှင်စရာတွေပါ
ထည့်ဟောခဲ့တဲ့သူပေါ့။

နိုင်ငံရေး တိုင်းရေးပြည်ရေး
ရာဇဝင်သွေး စမ်းကြည့်ရင်ဖြင့်
ပရိမ္မဆိုတာ
ထီးလှိုင်ရှင် ကျန်စစ်သား
မွေးဖွားခဲ့တဲ့ မဟာမြေမြတ်
အောင်ဓာတ်တွေ ဖူး
သတ္တိဆိုတာ
သွေးကြောထဲ ထုံကူးနေတဲ့အရာ။
 
ပုဂံရာဇဝင် တုတ်ထမ်း
ရမ်းသမ်းလွမ်းဆွတ်မနေတော့ပါဘူး၊

မဝေးလှတဲ့ ကုန်းဘောင်ခေတ်ရဲ့
မင်းမဟော်ဖြစ်ခဲ့တဲ့ ယောအတွင်းဝန်ကြီး
ဟောဒီ မြောင်နယ်သားကြီးပါဗျ။

မမညိုရဲ့
မမညို ဆိုင်ကယ်လဲလို့ ရဲကင်းက ရဲတွေ လာရစ်တဲ့
ကျောက်ရစ်ဆိုတဲ့ ရွာ့တောင်ဘက်
ရွာပုလဲသားလေး
လှံကိုင်ထားတဲ့ ဘုရင်ကိုတောင်
ရင်ကော့ပေးရဲတဲ့သူ
ကျနော်တို့ဆိုတဲ့ ‘တစ် တလီ တစ်’ကအစ
ဥတုဘောဇနသင်္ဂဟဆိုတဲ့ ကျန်းမာရေးကျမ်း
အုပ်ချုပ်ရေးအတွက်
ရာဇဓမ္မသင်္ဂဟကျမ်းဆိုတာမျိုးအပြင်
တီထွင်ဆန်းသစ်မှုတွေ များမှ များ
မြောင်နယ်သား အားကျလောက်ပါရဲ့။

ဟဲ့ မြောင်က
သတ္တိဗျတ္တိနဲ့
သွေးပဲ ရဲတာလားဆိုရင်
‘မြောင်မြို့အုန်းမြင့်’က
...အညိုနဲ့၊ တူတဲ့၊ ဗေဒါပန်းတွေ...
...ဧရာမြစ်ပြေ ဗေဒါချစ်အင် သူ့သဘော...
ရှုမောလို့ ကြည့်လောက်ပါပေ...
တေးနွဲ့ချို ဆိုပြပါလိမ့်မယ်။

ဒါနဲ့ မမညို
သူဆိုတဲ့ ‘အညို’က
ဒီက မမလား၊
... အသည်းအသက်လို့ ခေါ်ခဲ့ကြပေ...
.....
... ဗေဒါပန်းကိုတွေ့ရင် မေ့လို့မရဘူး
ချစ်ဦး အညိုရေ...
ခဏလေး ဝေးနေတာမျိုး ‘ကို’မပြောလိုဘူးလေ ဆိုတဲ့
သစ္စာရှင်ကြီးပါဗျာ
အညာသားတွေဆိုတာ
ညိုမိပြီဆို အမြဲညိုနေမှာပါ။

မမညိုရေ
‘မြောင်’က ချောင်ကျတယ် ဟုတ်လား။
ချောင်ကျနေရင်တောင်
အမှောင်မကျပါဘူးဗျာ၊
၂၁ ဖေဖော်ဝါရီမှာ
ရွေးကောက်ပွဲက ဘာညာ ဘာညာ
ဆန္ဒမဲတွေက ဘလာ ဘလာ
မိုးလုံးပြည့်မုသာဝါဒတွေ တွင်တွင်သုံးပြီး
မတရားအာဏာသိမ်းသွားတော့၊
‘မြောင်’ဟာ
ငန် ငန်မှန်းသိ စပ် စပ်မှန်းသိ
သူ့မယားလိုချင်လို့ သူ့လင် သူခိုးယိုး
လှံနဲ့ထိုးမှန်းလည်း သိခဲ့ပါတယ်။

မမညိုရေ
ဟုပ်ခနဲ တောက် ဟုပ်ခနဲ ပြီး
မြောင်ဟာ ကောက်ရိုးမီး မဟုတ်ပါဘူး၊
တံစဉ်ကိုင်တဲ့ လက်
ကလောင်ကိုင်တဲ့ လက်
ပဲဝယ် နှမ်းဝယ်တဲ့ လက်
ရိုးသားဖြူစင်ကြတဲ့ အဲဒီလက်တွေဟာ
လက်လုပ်သေနတ်တွေ စ ကိုင်တော့တာပဲ။

မမညို ကြက်သီးထလောက်ရဲ့
အမျိုးသမီးစစ်သည်တော်တပ်ရင်း(မြောင်)ရဲ့
သတင်းတွေ ကြားရင်လေ၊
ဒီလို မမရဲ့
ပုခက်လွှဲသောလက်တွေက လက်နက်ကိုင်တိုက်ပွဲဝင်သတဲ့
နိုင်ငံတော်ကို ‘သား’လို ပွေ့ပိုက်
သားလုတဲ့ဘီလူးမကို ဒူးနဲ့ ပြေးတိုက်တဲ့ မိခင်တွေပေါ့။

မမညို တွေ့ဖူးမှာပါ
အလှူတွေ မင်္ဂလာဆောင်တွေမှာ ရိုက်တဲ့ ဒရုန်း
ကျားခင်စိန်တို့မြောင်အမျိုးသမီးတွေက
စစ်လက်နက်အဖြစ်သုံးပြီး
အီနာဂါဗုံးတွေကြဲတာလေ
စစ်ခွေးတွေ
စစ်ခွေးတွေ... အတုံးအရုံးပဲ။

‘အင်အားမမျှလို့ လက်မှိုင်ချ စိတ်ဓာတ်ကျနေမယ့် လူတွေထဲ
မြောင်PDFတွေ မပါဘူး’တဲ့
ဗိုလ်နွေဦးက မိန့်တယ်။

မိုင်းဆွဲတဲ့နေရာကစလို့
ဘယ်နေရာပဲဖြစ်ဖြစ်
ဗိုလ်တိုက်ဂါးတို့က ‘က’ကို ‘က’ဖြစ်တယ်။

ပြည်သူ့ကာကွယ်ရေး အထူးတပ်ဖွဲ့ဆိုတာ
ဗိုလ်တောက်ထွန်းတို့တတွေ
စုစည်းလေ့ကျင့်ထားတဲ့တပ်ဖွဲ့ပေါ့
စစ်အာဏာရှင်စနစ်ကို အမှုန့်ချေပစ်မယ်တဲ့။

တိုက်တဲ့သူတွေက လက်နက်နဲ့ တော်လှန်သလို
လူထုသပိတ်နဲ့ တိုက်ပွဲဝင်နေကြတဲ့
မြောင် YFC လူငယ်တွေ
မြောင်ပြည်သူတွေနဲ့အတူ ချီတက်နေမြဲပါပဲ။

မမညိုရေ
အိမ်တွေ ရွာတွေ
စစ်ခွေးတွေက မီးတင်ရှို့ကြလို့
အိမ်ခြေထောင်ကျော် ပျက်စီးဆုံးရှုံး
လူမမယ်လေးတွေတောင် အသက်ပေးခဲ့ရတဲ့ မြေပါ။

ပြန်လိုက်ပါ မမညို
အခုဆို မြောင်ဟာ
လူငယ်တွေ
သွေးနဲ့ ချွေးနဲ့ တည်ထောင်နေတဲ့
ဖယ်ဒရယ်လူ့ဘောင်စနစ်
ဖူးပရစ်စီရရီ
ရောင်နီခြုံလွှမ်းရင်
ပွင့်အာလန်းဆန်းတော့မယ့် မြေ
မြန်မာတို့ရဲ့ မဟာအောင်မြေပါ မမညို။

လင်းလက်နွေဦး
၂၉.၁.၂၀၂၃ နေ့လည် ၂ နာရီတိတိ။ 
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar