Breaking News

စကောလယ်တော - လေးစားချစ်ခင်အပ်တဲ့ ပရိသတ်


စကောလယ်တော - လေးစားချစ်ခင်အပ်တဲ့ ပရိသတ်

(မိုးမခ) ဖေဖော်ဝါရီ ၁ ၊ ၂၀၂၃

မြန်မာလူမျိုးတွေဟာ ပွဲလမ်းသဘင် ကို နှစ်သက်ကြတယ်။ အငြိမ့်တို့ ဇာတ်တို့ကို မိုးအလင်းထိ ကြည့်တတ်ကြတယ်။ ဇာတ်မှ မဟုတ်ဘူး။ လမ်းဘေးက ဘင် တဒုံးဒုံးထုပြီးပြတဲ့ မျက်လှည့်ဝိုင်းလဲ မချန်ဘူး။ မြွေထုတ်ပြပြီး မြွေဆေးရောင်းလည်း ဝယ်တာပဲ။ ဖဲချပ်တွေ လက်လှည့်ပညာနဲ့ ပြလည်း သဘောကျ တတ်တယ်။

လူမျိုးစုပေါင်းစုံ မှီတင်းနေထိုင်ကြတဲ့ ဒီပြည်ထောင်စုထဲမှာ အလွန်အော့နှလုံးနာစရာကောင်းတဲ့ ပြည်တွင်း စစ်မီးကြီး တောက်လောင်ခဲ့တာ နှစ် ၇၀ ကျော်ခဲ့ပြီ။ အခုထိ မငြိမ်းသေးဘူး။ ဒီပြည်တွင်းစစ် ကြီးကြောင့် စစ်အသုံးစရိတ်၊ ကာကွယ်ရေးစရိတ်တွေ ဒဏ်ကြောင့် သယံဇာတနဲ့ သဘာဝ အရင်း အမြစ်တွေ ပေါကြွယ်ဝတဲ့ တိုင်းပြည်ဟာ ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံ၊ လူမွဲနိုင်ငံစာရင်းဝင်ခဲ့ရပြီ။ စစ်အား ကောင်းမှ ဂျစ်ကားမောင်းရတဲ့ စစ်ဗိုလ်ချူပ် စစ်အာဏာရှင်တွေကတော့ ပြည်တွင်းစစ်ကို စနစ်တကျ  မွေးမြူထားပြီး တိုင်းပြည်ကိုလည်း ဆင်းရဲတွင်းနက်သည်ထက် ပိုနက်အောင် ပြုစုပျိုးထောင် ကြတယ်။ သူတို့ ခံယူချက် က “ပြည်ပျက်မှ စီးပွားတက်သတဲ့” လေ။

တိုင်းပြည်က အကြွေးလည်ပင်းခိုက်နေချိန်မှာ စစ်အာဏာရှင်တွေက ပြည်တွင်းသာမက ပြည်ပမှာ ပါ ရင်းနှီး မြှုပ်နှံနေကြတယ်။ ကမ္ဘာ့အလယ်မှာ ပြည်သူတွေ ပညာမတတ်၊ သူများမလုပ်ချင်တဲ့ အလုပ်၊ ခန္ဓာကိုယ်ကို အရင်းအနှီးလုပ်၊ အိမ်ဖော်အိမ်စေ အလုပ်တွေ ထွက်လုပ်ကြရပြီး အထင်အမြင်သေးစွာ ခွဲခြား ဆက်ဆံခံရတဲ့ လူ့အောက်တန်းစားတွေဘဝ ရောက်ကုန်ကြတယ်။

ကာလသမနိက ရှည်သည်ထက် ရှည်လာတဲ့ ပြည်တွင်းစစ်မီးမှာ စစ်ရဲ့ သက်ဆိုးရှည်မှုနဲ့ အတူ စစ်ရဲ့ အမွေ တွေကို ပြည်သူတွေမှာ ခံလို့ကို မဆုံးနိုင်အောင်ပဲ ကြုံတွေ့နေရတယ်။ လူထုကလူအမဟုတ် ဘူး။ ရှင်ကြီးဝမ်းလည်း ဝင်ခဲ့ဖူးသလို ရှင်ငယ်ဝမ်းလည်း ဝင်ခဲ့ဖူးတယ်။ ဇာတ်မင်းသားတွေရဲ့ အပြော တွေ ၊ အဆိုတွေ၊ သဟောက်သဟဲတွေ ကြားဖူးခဲ့လှပြီ။

၂၀၂၁ ဖေဖော်ဝါရီလ (၁) ရက်မှာတော့ မင်းသားက တောင်ရှည်ပုဆိုး၊ မင်းသားဝတ်မင်းသားစားနဲ့ ထွက်မလာဘဲ ဇာတိမှန်ဘီလူးဆိုင်းနဲ့ ထွက်လာခဲ့တယ်။ ဘီလူးကြိမ်းကြိမ်းတယ်။ ဓားသန်လျက် တဝင့်ဝင့်နဲ့ ပရိတ်သတ်ပြည်သူကို အတင်းအဓမ္မ ဖမ်းဆီးခြိမ်းခြောက် သတ်ဖြတ်တယ်။ အရင်က မင်းသား မဟုတ်တော့ဘူး၊ ကျောချမှ ဓားပြမှန်း သိသူ သိသွားကြပြီ။ စစ်အာဏာရှင်က ရန်ငါ စည်းပြတ် မှတော့ ပြည်သူကလည်း ရန်ငါစည်းပြတ်ဖို့လိုပြီ။ ဒါကြောင့် သွေးကြွေးမှာ ဆွေးနွေး စရာ မရှိလို့ ကြွေးကြော် ခဲ့ကြတယ်။ ရရာလက်နက် စွဲကိုင်ကြတယ်။ အနောက်မြောက်ဒေသ တောင်တန်း မြင့်မြင့်ဆီက တူမီးသေနတ်သံဟာ မြေပြန့်နေပြည်သူတွေ တပ်လှန့်လိုက်တယ်။ ပြည်သူ တွေရဲ့ ရည်မှန်းချက် က စစ်အာဏာရှင် အမြစ်ဖြတ်ရေး ဖြစ်လာတယ်။ တင်ဆက်ခဲ့တဲ့ ပြဇတ်တွေနဲ့ ၁၉၅၈ ခုနှစ်က ဗိုလ်နေဝင်း ကပြတဲ့ ဓာတ်ပြားဟောင်းကို ၂၀၂၁ ခုနှစ်မှာ သမ္မတရူးတစ်ယောက် ဖုတ်သုတ် လိုက်တာပါပဲ။ ဗိုလ်နေဝင်းရဲ့ တီးလုံးဟာ စည်းနှေးဝါးနှေးကို နောက်ပေါက် ဗိုလ်ချုပ် ငမျောက်ငခြောက်က စည်းချက်မြန်မြန်ပြောင်းပြီး ဆိုင်းဝိုင်းနဲ့ နှဲနေရာမှာ အော်ဂင် နဲ့ ဒရမ် ပြောင်းလို့ ရိုက်ချက် ပြင်းပြင်း စီဒီသွင်းပြီး ဖွင့်တာနဲ့ တူတယ်။ စည်းချက်တွေဘယ်လိုပဲ ပြောင်းပါစေ၊ အသံက မျောက်မင်းအူသံပဲ ကြားရတာလေ။

ပြည်သူ့အခွန်ဘဏ္ဍာကိုစားပြီး ပြည်သူကို အလုပ်အကျွေးပြု တိုင်းပြည်ကို ကာကွယ်ရမှာ အခုတော့ ထမင်းကျွေးတဲ့ လက်ကို ပြန်ကိုက်တဲ့ သုနခ ပဲခေါ်ခေါ် သွာနပဲခေါ်ခေါ် ဘလက်ကီ၊ ဂုတ်ကျား ဘယ်လိုပဲခေါ်ခေါ် ချေးစားနေကြ ခွေးဟာ ချေးကို ကြိုက်ကြတာပဲ။ အာဏာလေး ခဏတဖြုတ် ရလိုက်ဖူးတဲ့ ဗိုလ်နေဝင်းရဲ့ အာဏာရှင် အိပ်မက်၊ အာဏာရူးစိတ်ဟာ သူ့သားစဉ် မြေးဆက် အာဏာရူး၊ သမ္မတရူးကြတာ မဆန်းဘူး။ ဒီအာဏာရှင် မျိုးဆက်၊ အာဏာမက်မျိုးဆက်၊ အာဏာရူး မျိူးဆက်၊ တပ်မတော်သာအမိ၊ တပ်မတော်သာအဖ ဆိုတဲ့ မျိုးဆက် မျိုးဖြုတ် ယနေ့အချိန်ဟာ အချိန် ကောင်း အခါကောင်း ဖြစ်တယ်။

ဒီအခွင့်အ​ရေးမျိုး(၂)ခါမရနိုင်ဘူး။ ​နောက်တစ်ကြိမ်မရနိုင်တဲ့ ဒီအခွင့်အ​ရေးကို ပြည်သူ​တွေ လက်လွတ် မခံကြဘူး။​ တော်လှန်​ရေးဆိုတာ ပင်ပန်းမယ်၊ ခက်ခဲမယ်၊ ကြမ်းတမ်းမယ်၊ အသက်​တွေ၊ ခန္ဓာ​တွေ​ ပေးဆပ်မှု​တွေများမယ်ဆိုတာ သိကြ​ပေမယ့် စစ်အာဏာရှင်အပြီးတိုင် ချုပ်ငြိမ်း ဇာတ်သိမ်း ဖို့ ပြည်သူ​တွေကအားတက်သ​ရော ပါဝင်​နေကြတယ်။

စစ်အာဏာရှင် ဘယ်လိုပဲ လျှပ်စစ်ကား​တွေ၊ လျှပ်စစ်ရထား​တွေ မစားရဝခမန်း ​ပြော​နေ​နေ ပြည်သူက​တော့ လမ်း​ဘေးက ဖဲသုံးချပ်သမားမှန်း သိ​နေပြီ။ မူးယစ်​ဆေးဝါးကုန်ကူး၊​ လောင်းကစားဒိုင်ခံ၊ လက်နက် အ​ရောင်းအဝယ်နဲ့ စီးပွားရှာ​​နေကြသူ​တွေဆိုတာ ပြည်သူကသိသွားကြပြီ။

ပရိသတ်က ဆိုင်းဝိုင်းထဲ ဝင်လာတဲ့ ဆိုင်းဆရာကို သြဘာလက်ခုပ်​ပေးကြတယ်။ ဒီဆိုင်းဆရာက  စီဒီအမ်လုပ်ထားတဲ့  "ရွာစားစိန် - ပြည်သူ့၀န်ထမ်း"တဲ့။

သူ တီးတဲ့တီးလုံးကိုကြား​တော့ စင်​ပေါ်က မင်းသားဘီလူးက က​နေရာက ငိုချင်းချရ​တော့တယ်။ ကျက်သ​ရေ မရှိတဲ့ ငိုချင်းရှည်ကိုဆုံး​အောင်​တောင် မချလိုက်ရဘူး။ ဗျိုင်းတောင်တီးလုံးက ဟီးထွက် လာတယ်။ ပွဲကြည့်ပရိသတ်က “ကြင်စိုး - ကြိုးစင် - ကြိုးစင် - ကြင်စိုး” လို့ ဝိုင်းအားပေး ကြတယ်။ စင်​ပေါ်မှာ တိုင်းရင်းသား လက်နက်ကိုင်​တွေ တက်လာကြပြီး မင်းသားကိုကွင်းပြင်ထုတ် သူထုတ်၊ ထုသူထု၊​ ထောင်းသူ​​ထောင်း၊ ပြည်ဖုံးကား ချသူချ။ စစ်အာဏာရှင်ဇာတ်သိမ်း ချုပ်ငြိမ်းပြီ။

ပရိသတ်က ဇာတ်သိမ်းတာကိုပဲ ထမပြန်ကြ​သေးဘူး၊​ နောက်​ကြောင်းပြန်တာကို ကြည့်ကြဦးမှာတဲ့။

အ​ရေး​တော်ပုံ​အောင်ကို​အောင်ရမည်။

Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ် ပေ့ချ်မှ ကူးယူဖော်ပြသည်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar