Breaking News

စကောလယ်တော - တပ်မတော်ဆိုတာ ပစ်ရင် မိုးပေါ်ထောင်မပစ်ဘူး

စကောလယ်တော - တပ်မတော်ဆိုတာ ပစ်ရင် မိုးပေါ်ထောင်မပစ်ဘူး
(မိုးမခ) ဖေဖော်၀ါရီ ၃၊ ၂၀၂၂

ဟေ့
ဟောဒီပြည်ထောင်ဆိုတာ
ပြည်ထောင်တွေစုထားတဲ့
"ပြည်ထောင်စု"
ရိုးသားနိုးကြားကြိုးစားတဲ့ညီအကိုတွေ
သဘောဖြူမနောတူတဲ့
မောင်နှမတွေ နေကြတယ်။

ပြည်သူသာအမိ ပြည်သူသာအဖ
မိသားဖသားပီပီ
ချစ်ကြည်စွာ ကြီးပြင်းခဲ့တဲ့
ဒီမိသားစုကို

သမ္မတရူး၊အာဏာရူးတစ်စု
ဓားမိုး၊လှံထိုးလက်နက်အားကိုး
ပြည်သူ့အာဏာကို
အဓမ္မလုယက်တိုက်ခိုက်ပြီး

အကြမ်းမဖက်တဲ့ပြည်သူကို
အကြမ်းဖက်စစ်တပ်က
အကြမ်းဖက်ပစ်ခတ်နှိမ်နင်း
မုဒိမ်း ဓားပြ သူခိုးက
လူ....လူ.....ဟစ်နေသေးတယ်။

တပ်မတော်ဆိုတာပစ်ရင် မိုးပေါ်ထောင်မပစ်ဘူး
ပါတီညီလာခံထောက်ခံကြိုဆိုပွဲတဲ့
အဖြူအမည်း၊ အမှားအမှန် မဲပုံးတွေထဲ
ကြက်ဆူပင်တွေစိုက်ကြရသေး
ထမင်းတစ်နပ်လျော့အစားခိုင်း သူကခိုင်း
တတိုင်းပြည်လုံး လှည့်ပါးရိုက်သူကလည်းရိုက်
ဘာတဲ့ အပစ်အခတ်တွေ ရပ်စဲထားပြန်သတဲ့
တော်....တန်.....တိတ်
စစ်ကျွန်စော်နံတယ်ဟေ့။

မင်းကိုမသတ်ချင်ဘူး
ဒါပေမဲ့ သတ်ကိုသတ်ရတော့မယ်
ငါကမင်းကိုမသတ်ရင်
မင်းတို့က ငါတို့ကိုသတ်နေကြပြီ

မဖြတ်ချင်ဘူး 
ဒါပေမဲ့ ဖြတ်ကိုဖြတ်မှ ဖြစ်မယ်
ငါတို့ပြည်သူတွေ ငတ်ပြတ်ကုန်ပြီ
ငါတို့အငတ်မခံနိုင်ဘူး

မဖောက်ခွဲချင်ဘူး
ဒါပေမဲ့ဖောက်ခွဲမှဖြစ်မယ်
တပြည်ထောင်လုံး သောက်တလွဲတွေဖြစ်တော့မှာ
ငါတို့လက်နက်ကိုင်တာ တရားတယ်

မိုးမူရေ ဖိုးခွားရေ
အွယ်ဝီးပီရေ ပီစိုင်းရေ
နိုင်မွန်ရေ သားချေရေ
ဟိုမှာတွေ့လား 
မှိုင်းအလံ ဆန်းအလံ ဗဟိန်းအလံတွေ
ကောင်းကင်ယံမှာတဝေဝေ

အန်နာဗျက်ထားမွှေးနဲ့ ပါရ်မွှေးတို့ရေ
မယ်လုံးနဲ့ အယ်ပြုံးတို့တတွေ
သမီသျှေ ခိုင်ဇာဝေ
ဒရုံးနဲ့မောင်းပြန်တွေ
မြဲမြဲကိုင်စွဲ အောင်ပွဲတွေဆင်နေ

အနင်လာ ယောက်မလာ
အခေါင်လာ ယောက်ဖရေ
သန်းဒေါရိုနဲ့ သိုင်ထူးဆက်တို့ရေ
ကူသူကူ လှူသူလှူရင်း
ဘူးသပိတ် ဆက်လက်ဆင်နွှဲ
တော်လှန်အလံ အမြင့်ဆုံးလွှင့်
ဖတ်ဆစ်တွေအမြစ်ဖြတ်မယ်ဟေ

မပိုးအိလာ မောင်ညိုလာ
အယ်သားအိုနဲ့ မရန်ဘောက်လာ
လော့အယ်ဆိုးလည်းလာ
ဆွေတို့မျိုးတို့ အားလုံးညီကြစေ

၂၀၂၃မှာ နွေဦးအောင်ပွဲ
ပင်လုံသစ် ဒီမိုအတွက်
တသံထဲညီ တချီထဲရုန်း
သံပူခိုက်မှာ အားစိုက်နှက်မယ်‌ဟေ....

မိုးလုံးမှိုင်းတွေဝေ ချယ်ရီတွေဝေ
ရခိုင်သဇင်တွေ
ပိတောက်တွေဝေ ကံကော်တွေဝေ
ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့
တန်းတူညီမျှ ပန်းတွေ
တပြည်ထောင်လုံးဝေစေ

နှင်းဆီတွေပွင့် စံပယ်တွေပွင့်
တောင်ဇလပ်တွေပွင့် ဂေါ်သဇင်တွေပွင့်
စိန်ပန်းတွေနဲ့ခတ္တာတွေလည်းပွင့်
ဒေလီယာနဲ့ဒီမိုပန်းတွေပွင့်
ဒို့စိုက်သမျှ ဒို့ပန်ဆင်ခွင့်

တူတံစဉ်တွေ ကလောင်တွေ
ဂျက်ခုတ်သင်တိုင်းတွေ
ကျွဲချိုနဲ့ အိုးစည်တိုရှည်‌
ဗုံနဲ့မောင်းလည်းပါပစေ

၂၀၂၄ ဖက်ဒရယ်ဒမိုအောင်ပွဲ
ထောင်ကာ ကကြမယ်လေ
ကောက်သစ်စားပွဲနဲ့ တာတက်ပွဲလည်းမကျန်
ခွာဒိုပွဲဆင်နွှဲ ဒုံးယိမ်းတွေကကြမယ်လေ
ဝါးညှပ်ကလို့ ပြုံးပျော်စို့
ခေါင်ရည်သောက်လို့ကကြစို့

ခုတော့
ဒို့ညီအကိုမောင်နှမတွေ
တသံထဲညီ တချီထဲရုန်းစို့
လက်ကိုခိုင်ခိုင်တွဲ ပင်လုံသစ်နဲ့ဒီမိုအတွက်
တသံထဲညီ တချီထဲ ရုန်းစို့ ဟေ့....။   ။

စကောလယ်တော

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar