Breaking News

စစ်တပ်အုပ်ချုပ်ခွင့် နောက်ထပ် ၆ လ သက်တမ်းတိုးလိုက်တဲ့ စစ်ကောင်စီ


မြန်မာနွေဦး ခရိုနီကယ် - ဖေဖော်ဝါရီ ၁ မြင်ကွင်း

(မိုးမခ) ဖေဖော်ဝါရီ ၂၊  ၂၀၂၃


စစ်တပ်အုပ်ချုပ်ခွင့် နောက်ထပ် ၆ လ သက်တမ်းတိုးလိုက်တဲ့ စစ်ကောင်စီ 

၂၀၂၃ ခုနှစ် ဖေဖေါ်ဝါရီ ၁ ရက်နေ့ မှာ စစ်တပ်အာဏာသိမ်းတာ ၂ နှစ်တင်းတင်းပြည့်တဲ့ နေ့ဖြစ်ပြီး စစ်ကောင်စီက ဆက်လက်ကိုင်စွဲထားဆဲလို့ ဆိုတဲ့ ၂၀၀၈ အခြေခံဥပဒေကို ကိုးကားပြီး စစ်ကောင်စီအနေနဲ့ နိုင်ငံအာဏာရယူထားခွင့်ကို နောက်ထပ် ၆ လ သက်တမ်းတိုးကြောင်း ၁ ရက်နေ့ညဦးပိုင်းမှာ သတင်းထုတ်ပြန်လိုက်ပါတယ်။ 

၁ ရက်နေ့မတိုင်ခင် ဇန်နဝါရီ ၃၁ ရက်နေ့မှာ ကာလုံလို့ခေါ်တဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးကို ခေါ်ပြီး မြန်မာနိုင်ငံရဲ့အခြေအနေဟာ သာမန်မဟုတ်တဲ့အခြေအနေလို့ ကနဦးပြောဆိုခဲ့ပြီးနောက်တရက်မှာ အခုလို သာမန်မဟုတ်တဲ့အခြေအနေကြောင့် ရွေးကောက်ပွဲ ကျင်းပဖို့ အခြေအနေမပေးသေးတဲ့ သဘောအကြောင်းပြပြီး စစ်ကောင်စီ အုပ်ချုပ်မှုကို နောက်ထပ် ၆လ သက်တမ်းတိုးလိုက်တာပါ။ 

ဒီတကြိမ်သက်တမ်းတိုးပြီးနောက်ထပ်မတိုးတော့ဘူးလားလို့လည်း တရားသေ မပြောနိုင်သေးတဲ့ အခြေအနေလည်းဖြစ်ပြီး စစ်ကောင်စီအနေနဲ့ ကာလုံ၊ ယာယီသမ္မတ ဆိုတဲ့ အမည်ခံ သြဇာခံတဲ့သူတွေကို ခေါင်းဆောင်နေရာယူထားတဲ့ မင်းအောင်လှိုင်က ညွှန်ကြားနေတာမျိုးသာ ဖြစ်တယ်လို့ အများစုက ယူဆထားကြတာပါ။ 

အခုလို သက်တမ်း ၆ လတိုးတာ မတိုင်ခင် သီတင်းပတ် အနည်းငယ်ကတည်းက စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ၂၀၂၃ ခုနှစ်ထဲမှာ ရွေးကောက်ပွဲ ဖြစ်မယ်လို့ သေချာပေါက် မပြောနိုင်ကြောင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ မင်းအောင်လှိုင်က စစ်ကောင်စီ အစည်းအဝေးတွေမှာ ရွေးကောက်ပွဲ အကြားအလပ်မရှိ ကျင်းပမယ် လုပ်ဆောင်နေတယ်လို့ ဆိုချိန်မှာ တဖက်က ၂၀၂၃ ထဲမှာ ရွေးကောက်ပွဲက ကျိန်းသေပေါက်ကျင်းပမယ်လို့ မပြောနိုင်ကြောင်း ပြောခဲ့တာဖြစ်ပါတယ်။ ဒီအချက်ကိုကြည့်ရင် လွန်ခဲ့တဲ့လတွေကတည်းက ဒီဆုံးဖြတ်ချက်က ချမှတ်ပြီးသားဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပြီး အရေးပေါ် အုပ်ချုပ်ရေးကို ဆက်လက် အချိန်ဆွဲတိုးမြှင့်ဖို့ ဆုံးဖြတ်ပြီးသား သဘောဖြစ်ပါတယ်။ 

စစ်ကောင်စီ ဆန့်ကျင်ရေး အင်အားစုတွေ အနေနဲ့တော့ လက်နက်ကိုင် တိုက်ပွဲက အဓိကလမ်းစဥ်အဖြစ်သတ်မှတ်ထားကြတာမို့ အခု စစ်ကောင်စီရဲ့ ဆုံးဖြတ်ချက်က အရေးတကြီး တုံ့ပြန်စရာမလိုတဲ့ သဘောဖြစ်ပါတယ်။ NUG ၊ EAO လို့ခေါ်တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့  ရွေးကောက်ပွဲ လမ်းကြောင်းကိုလည်း လက်ခံတာ အားပြုတာမဟုတ်တာကြောင့် စစ်ကောင်စီရဲ့ သက်တမ်း ၆ လ တိုးခြင်း၊ ရွေးကောက်ပွဲ နောက်ကျခြင်းတွေက အလေးထားစရာ အကြောင်းအချက်တွေ မဟုတ်ဘူးလို့ဆိုရမှာပါ။ 

ဖေဖေါ်ဝါရီ ၁ ရက်နေ့ အထူးဖိတ်ကြားတဲ့သူတွေပါတက်ရောက်တယ်ဆိုတဲ့ စစ်ကောင်စီရဲ့ ကာလုံအစည်းအဝေးမှာ မင်းအောင်လှိုင်က စာမျက်နှာ ၃၀ နီးပါးရှိတဲ့ အစီရင်ခံစာ သဖွယ် တင်ပြဆွေးနွေးမှုတွေကို ထုတ်ပြန်ခဲ့တာတွေ့ရပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲရဲ့ မဲစာရင်း မှားယွင်းမှုရှိတာတွေကို ထောက်ပြပြီး မဲသမာမှုလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေ၊ ထိုစဥ်က စစ်တပ်က မေးမြန်းမှုကို ရွေးကောက်ပွဲ ကော်မရှင်က တုံ့ပြန်ဖြေရှင်းမှုမပြု တာဝန်ခံဖြေရှင်းမှု မပြုခဲ့ဘူးဆိုတဲ့ စွပ်စွဲချက်တွေနဲ့ စစ်အာဏာသိမ်းတာကို ဆင်ခြေပေးတဲ့ လျှောက်လှဲချက်တွေကို ပထမဆုံးအကြိမ်အဖြစ် ရှည်လျားစွာ ပြောဆိုခဲ့တာတွေ့ရပါတယ်။ အဲဒီအစီရင်ခံချက်ထဲမှာ NLD၊ CRPH၊ NUG၊ PDF တို့ရဲ့ အကြမ်းဖက်မှုဆိုတဲ့ ကိန်းဂဏန်းတွေ၊ လတ်တလော မြေပြင် လူစာရင်းကောက်ယူတာတွေ အပေါ် PDF တွေရဲ့ တိုက်ခိုက်မှုတွေ အပေါ် အပြစ်ဖို့တာတွေ နဲ့ နောက်ဆုံးမှာတော့ သာမန်အခြေအနေ မရောက်သေးတာကြောင့် သက်တမ်းတိုးဖို့ ကိုရည်ရွယ်ပြောဆိုပြီး စစ်ကောင်စီက ချန်ထားခဲ့တဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌဖြစ်သူ ဦးတီခွန်မြတ်က အခြေခံဥပဒေထဲက ပုဒ်မ ၄၂၅ ကို အဓိပ္ပါယ်ဖွင့်ရာမှာ အခြေခံဥပဒေ ခုံရုံးကို မေးသင့်တယ်လို့ ဆိုလိုက်ပါတယ်။ သို့ပေမယ့် စစ်ကောင်စီဘက်က အခြေခံဥပဒေခုံရုံးဆိုတာလည်း စစ်ကောင်စီကပဲ စစ်အာဏာသိမ်းပြီးနောက် ခန့်ထားတဲ့ ခုံရုံးဖြစ်လို့ မေးထားပြီးဖြစ်ကြောင်း နဲ့ သာမန်အားဖြင့် ဆိုတဲ့ စကားလုံးကို မင်းအောင်လှိုင်တို့ လိုချင်တဲ့ အဓိပ္ပါယ်အတိုင်း ဖွင့်ဆိုထားပေးပြီးဖြစ်တာတွေ့ရတာ ဖြစ်ပါတယ်။ ဒါကြောင့် မင်းအောင်လှိုင်က ခေါ်ခိုင်းတဲ့ ကာလုံလို့ဆိုတဲ့ အစည်းအဝေးကလည်း မင်းအောင်လှိုင်တို့ စစ်တပ်က လိုလားတဲ့ နောက်ထပ် သက်တမ်း ၆ လတိုးဖို့ကို အတည်ပြုပေးခဲ့တာ ဖြစ်ပါတယ်။ 

ဒီအနေအထားကိုကြည့်ရင် စစ်တပ်ဟာ ၂၀၀၈ ကို ရှိသေးသယောင် ရုပ်ပြသဘောထားပြီး စစ်တပ်ရဲ့ အာဏာ ပိုမိုခိုင်မြဲအောင် တည်ဆောက်ဖို့ ကြိုးစားနေတာသာ ဖြစ်တာတွေ့ရမှာ ဖြစ်ပါတယ်။ စစ်ကောင်စီ ဥက္ကဌ တာဝန်ကိုယူထားသူ မင်းအောင်လှိုင်ရဲ့  အခုရွှေ့တဲ့အကွက်က ထူးခြားဆန်းပြားတဲ့ အကွက်မဟုတ်ပဲ စစ်အာဏာသိမ်းတဲ့ သူတွေ လုပ်နေကျ အကွက်မျိုးတွေထဲက တကွက်သာဖြစ်တယ်လို့သာ ဆိုရမှာ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar