Breaking News

ဒီ ၄ လ အတွင်း ဘာထူးလဲ (နိုင်ငံတကာ သာဂိ)



ဒီ ၄ လ အတွင်း ဘာထူးလဲ (နိုင်ငံတကာ သာဂိ)

(မိုးမခ) ဖေဖော်ဝါရီ ၇၊ ၂၀၂၃

New York Times သတင်းစာဆရာ David Leohardt က စာအုပ်မိတ်ဆက်ခရီးစဥ် ၄ လ ထွက်နေလို့ သတင်းတွေရေးဖို့ အဆက်ပြတ်နေတယ်။ အခု သူ သတင်းစာမှာ ပြန်ရေးတော့မှာမို့သည် ၄ အတွင်း ဘာတွေ ထူးခြားလဲလို့ ပြန်ပြောင်းကြည့်ပြီး စာရင်းထုတ်ပြတယ်။ ဒါကိုဖတ်ပြီး မိမိအထင်အမြင်တွေ ဖြည့်ရေးလိုက်တယ်။

(၁) AI ရောက်လာပြီ - ဉာဏ်ရည်တု လို့ မြန်မာတွေ ဘာသာပြန်လေ့ရှိတဲ့ Artificial Intelligence ကို ပရိသတ်တွေ မြည်းစမ်းခွင့်ရကြပြီ။ OpenAI ကထုတ်တဲ့လChatGPT ကို အင်တာနက်မှာ သုံးလို့ရပြီ။ ဝက်ဆိုက်ကနေ သင်မေးတဲ့ ကိစ္စကို ChatGPT က စီကာပတ်ကုံး ပြောပြနိုင်တဲ့ စနစ်ပါ။ အေအိုင်ကနေ အက်ဆေးတွေရေးမယ် ပန်းချီတွေ ဆွဲမယ် သီချင်းတွေ ဆိုတော့မယ်အထိ လူတွေက ချဲ့ကားပြောနေကြတော့တာပဲ။

(၂) ကိုဗစ်ဆောင်းရာသီ သိပ်မဆိုး - ကိုဗစ်ပိုးက ဗီဇပြောင်းရင်းကပဲ လူတွေလဲ ခံနိုင်ရည် တက်လာတယ်။ ကူးလဲ သိပ်မသေကြတော့ဘူး။ တရုတ်ပြည်လည်း Zero Covid ကနေ ဖြေလျော့လိုက်တယ်။ တရုတ်ပြည်ကြီးသားတွေက ကိုဗစ်ပိုး မထိဘူးကြတော့ ခံနိုင်ရည်ရှိပါ့မလား စိုးရိမ်ကြပါတယ်။ လူတွေကလည်း ကိုဗစ်ကာကွယ်ဆေး သိပ်မထိုးကြတော့ဘူး။ အခု ကြောက်ကြတာက Flu - သာမန်ထက်ပြင်းထန်တဲ့ တုတ်ကွေး ဖြစ်ပါတယ်။ အတော်ပြင်းတယ် ဆို၏။

(၃) ကုန်စျေးနှုန်း သိပ် ဖောင်းပွတာ မတွေ့ရ - Inflation လို့ခေါ်တဲ့ ငွေကြေးဖောင်းပွမှု လက္ခဏာအဖြစ် ကုန်စျေးနှုန်းတွေ အဆမတန်တက်တာ အခုလပိုင်းမှာ နှေးကွေးသွားပါတယ်။ အမေရိကန် ဗဟိုဘဏ်က သူတို့ငွေချေးနှုန်းကို တိုးပြီး ထိန်းထားနိုင်တယ် ဆိုကြတယ်။ အတိုးတွေ တက်လာတော့ လူတွေ သိပ်မသုံးကြတော့ဘူး။ သည်တော့ စျေးမရောင်းရတော့ စျေးကျလာတယ်ပေါ့။ ကြက်ဥကတော့ ကြက်တုတ်ကွေးကြောင့် စျေးတွေ ခုန်တက်တာက တပိုင်းပေါ့။

(၄) တရုတ်ကြီး ပြန်ကျပြီလား - Peak China? လို့ ဘိုလိုရေးထားတာ။ သူတို့လူဦးရေ အမြင့်ဆုံးရောက်ပြီတဲ့။ ဒါဆိုရင် သူတို့လူဦးရေဟာ ပြန်ကျဆင်းတော့မယ်။ အိုမယ် နာမယ် သေမယ် အနားယူမယ့် လူကြီးတွေ များလာတော့မယ်။ ငယ်ရွယ် နုပြို ခွန်အားသန်သော လူငယ်မျိုးဆက်တွေအပေါ် ဝန်ပိုပိလာတော့မယ်ပေါ့။ တရုတ်ကြီး ကျချိန်၊ အိုချိန်ဆိုရင် သူတို့ ခေါင်းဆောင်ကြီး ဇီကျင့်ပင်းလည်း ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်လား မဖြစ်လား မကြာမီ တွေ့ကြရတော့မှာ ဖြစ်ပါတယ်။

(၅) ရုရှားနဲ့ တွက်ကိန်းအမှား - ယူကရိန်း စစ် ၁ နှစ်ပြည့်ပြီ။ အခု ရုရှားက ယူကရိန်း၏ အရှေ့နဲ့ တောင်ပိုင်း အရေးမပါတဲ့ မြို့လေးတွေ သိမ်းထားနိုင်တာပဲ ရှိပါတယ်။ မကြာခင် ခံစစ်ကြောင်း ပြိုမယ်လို့ ပြောကြတယ်။ ရုရှားအတွက်မှားသလိုပဲ မဟာမိတ်တွေလည်း အတွက်မှားခဲ့ကြလို့ မျက်ဖြူဆိုက်ကြရပါတယ်။ ပထဝီနိုင်ငံရေး အရေးပါတယ်ဆိုတာ ဂျပန်ကစလို့ အနောက်ဥရောပကိုယ်တိုင် သိသွားကြတယ်။ သူတို့အခု အမေရိကန်ကို အားကိုးနေရပြီ။ သည်တော့ သူတို့ကိုယ်တိုင် လက်နက်နိုင်ငံအဖြစ် တိုးချဲ့ တတ်ဆင်ဖို့ ဟန်ပြင်နေကြပြီပေါ့။ သည်အချိန်မှာ အမေရိကန်က စစ်လက်နက်တွေ ထုတ်ရောင်း ထောက်ပို့နေရင်းကနေ သည်ထက်မြင့်တဲ့ အနာဂတ်နည်းပညာတွေ လက်နက်တွေ ဆက်သုတေသန လုပ် မြုတ်နှံဖို့ အသာရသွားတာပေါ့။

(၆) ဒီမိုကရေစီ က နိုင်တယ် - ၂၀၂၂ ကြားဖြတ် အမေရိကန်ရွေးကောက်ပွဲမှာ အစွန်းရောက်တွေ ရှေးရိုးစွဲတွေ ရှုံးတယ်။ ထရန့်လူတွေ ရှုံးတယ်။ ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်သူတွေ ရှုံးတယ်။ ပြောချင်တာက ဒီမိုကရေစီဆိုတာ အာဏာရှိသူတွေကိုယ်တိုင်က အလွဲသုံးစားလုပ် အဓမ္မကျင့်ဖို့ ကြိုးစားကြသော်လည်း လူထုက လက်မခံရင် သွားတာပဲ။ ရွေးကောက်ပွဲမှာ အများစုမဲနဲ့ အနိုင်ရသူကိုယ်တိုင်က အစိုးရလုပ်ခွင့်မရတော့ဘူးဆိုရင် တိုင်းပြည်ဟာ ဒီမိုကရေစီမဟုတ်တော့ဘူး။ ဥပမာ - မြန်မာပြည်က မအလကိုကြည့်။ သူလဲ သွားမှာပါပဲ။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar