Breaking News

မာမာအေး - ‘ဓနရှင်’ နဲ့ ‘အာဏာရှင်’


မာမာအေး - ‘ဓနရှင်’ နဲ့ ‘အာဏာရှင်’

ဇန်နဝါရီ ၁၈၊ ၂၀ဝ၉
BBC - ပြောပြစရာတွေလည်း တပုံကြီးရှိသေးတယ် (၂၆၀)
(အန်တီဒေါ်မာမာအေး၏ ၇၇ နှစ်မြောက်မွေးနေ့ အမှတ်တရ ပြန်လည်ဆန်းသစ်ခြင်း)
(မိုးမခ) ဇူလိုင် ၂၆၊ ၂၀၁၉

သောတရှင်များ ကျန်းမာတော်မူကြပါစရှင်။ မာအေးချစ်တဲ့သောတရှင်တွေ ဂီတဝါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ၊ ရှေ့ အစီအစဉ်တွေမှာ ကိုယ်နိုင်သလောက် စွမ်းအားနဲ့ ကိုယ်ထားနိုင်သမျှ ထားခဲ့ချင်တဲ့ ဂီတရေး၊ စာပေယဉ်ကျေး အမျိုးသားရေးတွေကို ဆောင်ရွက်ဖို့ ရည်ရွယ်တဲ့အကြောင်း ပြောမိတာ ကြားလိုက်ကြမှာပေါ့နော်။

ကိုယ့်မင်းကိုယ့်ချင်း ကိုယ့်မှန်ကင်းနဲ့ ရပ်တည်လာခဲ့တဲ့ ကိုယ့်နိုင်ငံကို တိုင်းတပါးက စီးပွားရေးကိစ္စ ခုတုံးလုပ် ဗန်းပြပြီး သူ့ကျွန်ဘဝ ခါးမလှ ဝမ်းမဝဖြစ်အောင် တွန်းပို့ထားကြတဲ့ အချိန်တုန်းက ဂီတစာဆို ပြဇာတ် ဝိဇ္ဇာ ဒါရိုက်တာကြီး ဒဂုန်ဆရာတင်ဟာ ပြည်သူတို့ နားဝင်အောင် သတိပြုမိနိုင်အောင် ‘ဓနရှင်’ ဆိုတဲ့ ခေါင်းစဉ်နဲ့ တင်ပြ ရေးသားတဲ့ သီချင်းတပုဒ် ထားခဲ့ကြောင်း ပြောပါ့မယ်ရှင်။

xxx ပြည်ပိုင်မင်း … ဥပဒေတွေနဲ့ညှင်း၊ သြော် … ဓနရှင်ကိုတော့ ပင်း၊ အရင်းခံအကြောင်းရယ်၊ အတွင်းဉာဏ် မကောင်းတယ်၊ ကုန်ရောင်းလာကြ၊ လောဘဇောတွေအသွယ်သွယ်၊ အဆီကိုစား အသားကို မြိုကြတယ်၊ အကျန်တွေ အရိုးတွေကို ဝေတယ်၊ မသေရုံ မငတ်ရုံ ကျုပ်တို့တတွေမှာ ဟတ်ရလေပေါ့ကွယ်၊ မညှာပေ ကြာလေ ဖိလေတယ် (ဒါကြောင့်မို့) သပိတ်တွေကို လက်ကိုင်ပြုရမယ်။ xxx (အေဝမ်းတင်တင်လှ၏ ဓနရှင်)

နယ်ချဲ့ခေတ်က အုပ်ချုပ်သူ နယ်ချဲ့မင်းဟာ နယ်ချဲ့လာခဲ့ကြတဲ့ သူတို့လူမျိုး ဓနရှင်တွေကို ပင်းခဲ့တယ်၊ ဘက်လိုက်တယ် တဲ့။ ကြာလေ ဖိလေ ဖြစ်လာတော့ သပိတ်မှောက်ကြတာပေါ့ လို့ ရေးထားတဲ့စာ၊ ရှင်းရှင်းလေးပါ။ ကျွန်အပြု ခံရတာကို နာရကောင်းမှန်းသိအောင် ခပ်ဖိဖိလေး ဒဂုန်ဆရာတင်ကြီးက ထပ်ရေးခဲ့ရှာသေးတယ် ရှင့်။

xxx ရွှေကိုယူသည်၊ ငွေကိုယူသည်၊ ပြီးတော့ လူကိုပါယူသည်၊ အမျိုးပျောက်မှာ စိုးကြောက်ပါတော့သည်၊ ကြာလျှင် နစ်မွန်းမည်၊ ဗမာဘုရင် အာဏာရှင် မရှိလေပြီ၊ ငါတို့ဋ္ဌာနီ စားခွက်လုကြသည် xxx (အာဏာရှင်မှ)

ဒီသီချင်းပုဒ်ကတော့ ‘အာဏာရှင်’ သီချင်းထဲကပါပဲ။ လူကြီးသူမတွေဆီက ကြားဖူးခဲ့တဲ့ ရှေးဟောင်းနှောင်းဖြစ်တွေနဲ့ ပေါင်းပြီး တွေးကြည့်တဲ့အခါမှာ နယ်ချဲ့တို့ရဲ့ အစိုးရဟာ ကိုယ့်လူမျိုးတွေအပေါ် စီးပွားရေးနဲ့ သတ်ဖို့ကြံတော့ ကိုယ့်ပြည်တွင်းကလူတွေကို ကျော်ပြီး ချစ်တီးငွေရှင်တွေကို ပြည်တွင်းမှာ သွင်းလာခဲ့တယ်၊ ငွေချေးလုပ်ငန်းတွေ လုပ်ကိုင်စေတယ် တဲ့။ မပြေလည်ရှာတဲ့ ကျေးလက်နေ ဗမာအများစုဟာ ကိုယ့်ရှိတဲ့ရွှေငွေ လယ်ယာ ကျွဲနွားတွေပါ ရောင်းဟာ ပေါင်ဟာ ဖြစ်လာပြီး အတိုးက ပိ ပိ လာတော့ကာ အရင်းဗလာဖြစ်ရုံမက နှမ သမီး ကြွေးသီးနောက်ပါ ဖြစ်ခဲ့ကြရရှာသတဲ့။ အဲဒါဟာ တို့ဘုရင် အာဏာမရှိလို့ လူမျိုးခြားက လာဖိတာကို ခံရတာ။ ကိုယ့်အချင်းချင်းကျတော့ စားခွက်လုကြတာလို့ ဒဲ့ဒိုးကြီး တီးထည့်လိုက်တာ မြိန်စရာကြီးရှင်။ ဒဂုံဆရာတင်ကြီးနဲ့ တွေ့ရဆုံရတုန်းက ဒီအကြောင်းတွေ မာအေး မသိသေးလို့ ဂုဏ်မြောက်ဝမ်းသာရှိအောင် မချီးမွမ်းခဲ့ရတာ နာလိုက်တာနော်။

သြော် … ဒါထက် မှတ်ကြသားကြတတ်တဲ့သူတွေအတွက် ပြောရဦးမယ်၊ ‘ဓနရှင်’ နဲ့ ‘အာဏာရှင်’ဆိုတဲ့ သီချင်းဟာ အသံတူ စာကွဲ သီချင်း၂ပုဒ် ဖြစ်နေတယ် ဆိုတာပါပဲ။ တို့ဗမာအစည်းအရုံးဝင် ရှေးက သခင် သခင်မကြီးတွေ စုံကြတုန်းက အမှတ်တရ ကက်ဆက်ခွေ တခွေ ထုတ်ဝေဖြစ်ခဲ့ပါတယ်။ အဲဒီမှာ ‘ဓနရှင်’ သီချင်းကို ညီမတော် အေဝမ်းတင်တင်လှက ဆိုတယ်၊ မာအေးက ‘အာဏာရှင်’သီချင်းကို ဆိုပေးခဲ့ပါတယ်။

ဒါတွေကို မာအေးက ဘာလို့ပြောနေမိသလဲ ဆိုတော့ ဟိုးအရင်က ကိုယ့်ရဲ့ နိုင်ငံ နယ်ချဲ့လက်အောက် ရောက်နေရတာကြောင့် ကြောက်စိတ်ဝင်ပြီး မျိုးချစ်စိတ် ပျောက်မှာစိုးလို့ ဂီတနဲ့ ချူဆီထည့်ပြီး ပြန်ရုန်းခဲ့ရ ကြုံးခဲ့ရတာတွေကို အခု လူငယ်ထု သိစေချင်လို့ပါပဲ။ အဲဒီခေတ်က နယ်ချဲ့တို့ဟာ သူတို့လူကိုယ်တိုင် ကိုယ့်နိုင်ငံထဲ ဝင်နေတာ ရောက်နေတာမို့လို့ ကိုယ့်လူမျိုးတွေဘက်က ကိုယ်တိုင်ကိုယ်ကျ မြင်နိုင်တယ်၊ ကြားနိုင်တယ်။ ဒီလို ခံစား ထိရှ နိုးကြွနိုင်ခဲ့ကြလို့လည်း ဗိုလ်ချုပ်အောင်ဆန်း အမှူးရှိတဲ့ တိုင်းပြည်ခေါင်းဆောင်များနဲ့ အတူ တော်လှန်ရေးမှာလည်း အောင်မြင်တယ်၊ လွတ်လပ်ရေးလည်း ရခဲ့ပါတယ်။

xxx မြန်မာဂုဏ်ရည်၊ ဘုန်းကံရှင်များ ထင်ရှားခဲ့ပြီ၊ ကုန်းဘောင်နွယ်ရိုး သခင်မျိုးဖြစ်သည်၊ ခေတ်သစ်ထူထောင်မည်၊ အရေးတော်ပုံ အောင်ပါစေ၊ နောင်လာနောက်သား ကောင်းစားကြစေမည်၊ xxx ဗုဒ္ဓဘာသာ အစဉ်မညှိုးပါသဖြင့် သခင့်ရိုးရာစစ် တထစ်ချယုံကြည်၊ နေတနှုန်းပမာ ဘုန်းသမ္ဘာ ကြီးမြတ်ကြတော့သည်၊ ဇာတိသွေးကို မွေးကာ အားပေးကြသင့်ပြီ၊ ဗမာ့သတ္တိ သိကြပါလိမ့်မည် မကြောက်တတ်ပါသည်၊ မရွံ့တတ်ပါသည် … … xxx (မကြည်အောင်၏ ဗမာ့သွေး)

အခု နယ်ချဲ့ ဆိုတာက ဟိုတုန်းကလို လူမြင်သူမြင် သူတို့ကိုယ်တိုင် အထင်ကရ ရှိမနေတော့ပါဘူး။ သူတို့သီချင်း၊ သူတို့အသံ၊ သူတို့အရုပ်တွေ၊ သူတို့ရဲ့ လော်လီတဲ့ ဝတ်စားပြင်ဆင်မှုတွေ၊ အတွေးအခေါ်တွေကအစ တစိမ့်စိမ့် တဖြည်းဖြည်း ဝင်လာ ဖြန့်ကျက် လွှမ်းမိုးစေတဲ့ အနုနည်းနဲ့ ယဉ်ကျေးမှု ကျော်လွန် ထိုးဖောက်ခံရပြီး နယ်ချဲ့ချဲ့လာနေတာမျိုးကို ခံစားကြည့်မှ သိမှာပါရှင်။ မာအေးတို့တတွေဟာ နယ်ချဲ့မယ့်သူကို နေရာပေးမှန်းမသိ ပေးနေမိတာ ရှိရင် ရပ်ကြစို့။

နိုင်ငံတကာမှာ ကောင်းတာတွေ အများကြီးပါ။ ရွေးယူကြတာပေါ့နော်။ ။

[ မူရင်း - ဘီဘီစီအသံလွှင့်ဌာန၊ မြန်မာပိုင်း ]