Breaking News

စစ်ပွဲရှောင်တိမ်းရတဲ့ ပြည်သူတွေရဲ့ ဒုက္ခ

မြန်မာနွေဦး ခရိုနီကယ် - ဖေဖော်ဝါရီ ၆ မြင်ကွင်း

(မိုးမခ) ဖေဖော်ဝါရီ ၇၊ ၂၀၂၃


စစ်ပွဲရှောင်တိမ်းရတဲ့ ပြည်သူတွေရဲ့ ဒုက္ခ

စစ်ဘေးရှောင် ဒုက္ခသည်လို့လည်း ခေါ်ဝေါ်ကြသလို၊ စစ်ပွဲကြောင့် ပြည်တွင်းမှာ တိမ်းရှောင်ကြရသူ IDP လို့ အရပ်ဘက်အဖွဲ့အစည်းတွေ ကူညီရေးအဖွဲ့တွေက ခေါ်ဆိုကြတဲ့ စစ်ဘေးဒုက္ခသည်တွေ အရေအတွက် ကိန်းဂဏန်းတွေက နေ့စဥ် သတင်းတွေထဲ အရေအတွက် တစတစတိုးမြင့်လာနေပြီး  ပြီးခဲ့တဲ့ ၂ နှစ်တာကို ပြန်ကြည့်လိုက်ရင် တနိုင်ငံလုံးအနေနဲ့ စစ်အာဏာသိမ်းပြီး စစ်ဘေးရှောင် တသန်းကျော် ထပ်တိုးလာခဲ့တာ ဖြစ်ပါတယ်။ 

စစ်အာဏာမသိမ်းမီကတည်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည် အရေအတွက်မပါပဲနဲ့  မြန်မာနိုင်ငံမှာ စစ်ဘေးဒုက္ခသည် ၄သိန်းကျော် ၅ သိန်းနီးပါး ရှိခဲ့တာဖြစ်ပါတယ်။ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းမြောက်နဲ့ ကရင်ပြည်နယ်တို့မှာ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတွေ အများအပြားရှိနှင့်ကြပြီး စစ်အာဏာသိမ်းပြီးနောက် တနှစ်ကျော်အကြာမှာ စစ်ဘေး ဒုက္ခသည်အရေအတွက်က နောက်ထပ် ၁ သန်းကျော်လာခဲ့ပြီဖြစ်ပါတယ်။ စစ်အာဏာ မသိမ်းမီကတည်းက ရခိုင်ပြည်နယ်မှာ AA နဲ့ စစ်တပ် ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ကျောက်တော်၊ မြောက်ဦး ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသတွေမှာ စစ်ဘေးရှောင်ကြရတဲ့ သတင်းတွေ နားထောင်ရ ကြားသိကြရသလို၊ ရှမ်းပြည်တောင်ပိုင်း၊ မြောက်ပိုင်းတို့မှာ TNLA ၊ SSPP၊ RCSS နဲ့ စစ်တပ် စတဲ့ လက်နက်ကိုင် အဖွဲ့တွေအကြား ဖြစ်ပွားတဲ့တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်ရသူတွေ ကျောက်မဲ၊ သီပေါ၊ လားရှိုးအစရှိတဲ့ ဒေသတွေမှာ သီတင်းပတ်နဲ့ သို့မဟုတ် လနဲ့ချီ စစ်ဘေးရှောင်ကြရတဲ့ သတင်းတွေ ကြားသိကြပြီး ဖြစ်ပါတယ်။ ကချင်ပြည်နယ်မှာလည်း ၂၀၁၁ ခုနှစ် ဇွန်လ နောက်ပိုင်း ပြန်လည်ဖြစ်ပွားလာတဲ့ တိုက်ပွဲတွေကြောင့် မြစ်ကြီးနား၊ ဗန်းမော်၊ မံစီ၊ နမ့်ခမ်း တို့မှာ စစ်ဘေးရှောင်ဒုက္ခသည်တွေ သောင်းနဲ့ချီပြီး နှစ်ရှည်လများ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြရတာ ဖြစ်ပါတယ်။ စစ်ဘေးရှောင် ဒုက္ခသည်ပြဿနာဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်ပွဲနဲ့ ယှဥ်တွဲပြီး ထွက်ပေါ်လာတဲ့ ပြဿနာတရပ်ဖြစ်ပြီး လူထုတွေအဖို့ ခေတ်အဆက်ဆက် ပုံစံအမျိုးမျိုး အသွင်အမျိုးမျိုးနဲ့ တိမ်းရှောင်နေထိုင် အသက်ဆက်ရှင်သန်ဖို့ကြိုးစားကြရတာ ဖြစ်ပါတယ်။ 

၂၀၁၇ ခုနှစ်မှာဖြစ်ပွားတဲ့ ရခိုင်မြောက်ပိုင်း ရိုဟင်ဂျာ လူမျိုးစုတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရ၊ ကျေးရွာတွေမီးရှို့ခံရတဲ့နောက် ဒုက္ခသည် ၁ သန်းနီးပါး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို တိမ်းရှောင်သွားခဲ့ကြရပြီး အခုထက်တိုင် မဖြေရှင်းနိုင်သေးတဲ့ ပြဿနာတရပ် အဖြစ် ရှိနေဆဲဖြစ်ပါတယ်။ မြန်မာနိုင်ငံက စစ်တပ်ဟာ အရပ်သားတွေကို အကြောင်းမဲ့ သတ်ဖြတ်မှု၊ လက်နက်ကိုင် သူပုန်အဖွဲ့တွေကို ထောက်ခံ အားပေးတယ်ဆိုတဲ့ သံသယ၊ စွပ်စွဲချက်နဲ့ သတ်ဖြတ်မှုတွေ အပြင် ရိုဟင်ဂျာအရေးမှာတော့ အမုန်းတရားအခြေခံတဲ့ သတ်ဖြတ်မှု၊ ဒီနယ်မြေတွေမှာ ပြန်မနေထိုင်နိုင်တော့အောင် မနေထိုင်ဖြစ်အောင် ရည်ရွယ်ကာ ကျေးရွာတွေ ဖျက်ဆီးမှုတွေအထိ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ 

ဒီလို စစ်ဘေးရှောင် ဒုက္ခသည်တွေအကြောင်း သတင်းတွေထဲ နားထောင်ရ၊ ဖတ်ရှုရ ၊ ရုပ်သံသတင်းတွေ ကြည့်ရှုရုံမျှနဲ့ စစ်ဘေးရှောင်သူတွေရဲ့ ဒုက္ခဘယ်လောက်ကြီးသလဲ ဆိုတာ ကိုယ်ချင်းစာ နားလည်နိုင်ပါတယ်။ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲ၊ စစ်တပ်က PDF ရှင်းလင်းရေး ဆိုတဲ့ စစ်ကြောင်းထိုးတာ ကျေးရွာတွေ ဝင်ရောက်ပြီး ပိုင်ဆိုင်မှုတွေ ရိက္ခာတွေ ယူဆောင်တာ၊ ဖျက်ဆီးတာ၊ စစ်တပ်ဝင်ရောက်လာချိန် ပစ္စည်းသံယောဇဥ်ကြောင့် မပြေးပဲ ကျန်ရစ်သူတွေ၊ အသက်အရွယ်ကြီးရင့် ကျန်းမာရေးမကောင်းလို့ မပြေးနိုင်ဘဲ ကျန်ရစ်တဲ့ သူတွေကို ဖမ်းဆီးနှိပ်စက်တာ တချို့သော ဖြစ်ရပ်တွေမှာ နေအိမ်တွေ မီးတင်ရှို့ချိန်မှာ မီးထဲလောင်ကျွမ်းခံရ အသက်ဆုံးရှုံးကြရတဲ့ အဖြစ်အပျက်တွေက နားထောင်ရုံနဲ့တင် မခံစားနိုင်လောက်အောင် နာကျင်ခံစားကြရတဲ့ ဖြစ်ရပ်တွေ ဖြစ်ပါတယ်။

ဒီဒေသတွေမှာ စစ်တပ်က တကြိမ်မက ဝင်လာလိုက် ထွက်သွားလိုက် မီးရှို့ဖျက်ဆီးလိုက် လုပ်တာကို ခံစားကြရတဲ့ ဒေသခံတွေရဲ့ အဖြစ်ဟာလည်း တွေးကြည့်ရုံနဲ့တင် ကြေကွဲစရာ နာကြည်းစရာကောင်းတဲ့ အဖြစ်အပျက်တွေ ဖြစ်ပါတယ်။ 

ရန်သူနယ်မြေ၊ ရန်သူကို ထောက်ခံတဲ့ ကျေးရွာ၊ နေအိမ်၊ ရန်သူအတွက် အထောက်အပံ့ဖြစ်မယ့် ပစ္စည်း ရိက္ခာဆိုတဲ့ ခေါင်းစဥ်တပ်ပြီး ကျေးရွာတွေမှာတွေ့တဲ့ ရိက္ခာ၊ တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို ယူဆောင်ကြ၊ မယူနိုင်တာတွေ ဖျက်ဆီးကြတာမျိုးလို့ ယူဆရပါတယ်။ ဒီလို ညွှန်ကြားခွင့်ပြုထားတဲ့ စစ်ကောင်စီတပ်ရဲ့ လုပ်ဆောင်မှုတွေက ဒေသခံတွေကို ပိုမိုနာကြည်းစေ၊ စစ်ကောင်စီဆန့်ကျင်တိုက်ခိုက်နေတဲ့ PDF တွေကို ပိုပြီးထောက်ခံအားပေးမှု ဖြစ်စေမှာ ဖြစ်ပါတယ်။ 

အညာဒေသက လူထုတွေအဖို့ စောင်၊ အဝတ်အထည်၊ စားစရာနဲ့ အဖိုးတန်ပစ္စည်း ရှိစုမဲ့စုကို အစဥ်အမြဲ ထုပ်ပိုးထားပြီး ဆိုင်ကယ်၊ လှည်း နဲ့ တင်ကာ စစ်ကောင်စီတပ်နဲ့ လွတ်ရာရှောင်တိမ်းကြရတာ နေ့စဥ်ဘဝလို ဖြစ်နေတာ နှစ်ချီလာပြီဖြစ်ပါတယ်။ အသက်မွေးဝမ်းကျောင်း စိုက်ပျိုးရေးလည်း ကောင်းကောင်းမလုပ်နိုင်ဘဲ နေအိမ်တွေ ဆုံးရှုံး၊ ပိုင်ဆိုင်တဲ့ ရိက္ခာနဲ့ ပစ္စည်းပစ္စယတွေ ဆုံးရှုံးရသလို ချစ်ခင်တန်ဖိုးထားရသူ မိသားစုဝင်တွေ အသက်ဆုံးရှုံးကြရတဲ့ အဖြစ်အပျက်တွေနဲ့ နေ့စဥ် ရင်ဆိုင်နေကြရတဲ့ စစ်ဘေးဒုက္ခသည်တွေ ရဲ့ အဖြစ်က လူတရာ နှစ်ရာကြုံတွေ့နေကြရတဲ့ အဖြစ်အပျက်တွေ မဟုတ်ဘဲ လူသိန်းနဲ့ ချီသန်းနဲ့ချီ ကြုံတွေ့နေကြရတဲ့ အဖြစ်အပျက်တွေဖြစ်ပြီး ဒီအခြေအနေကို တားဆီးနိုင်ဖို့ လျှော့ချနိုင်ဖို့ လူထုကို အကာအကွယ်ပေးနိုင်ဖို့ အရေးတကြီး လိုအပ်နေတာ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar