စစ်ကိုင်းတိုင်းက မြို့နယ်တွေ စစ်ကောင်စီရဲ့ စစ်ကြောင်းဝင်လာပြီး ဒေသခံတွေ ထွက်ပြေးနေရ
မြန်မာနွေဦး ခရိုနီကယ် - ဖေဖော်ဝါရီ ၂၆ မြင်ကွင်း
(မိုးမခ) ဖေဖော်ဝါရီ ၂၇၊ ၂၀၂၃
စစ်ကိုင်းတိုင်းက မြို့နယ်တွေ စစ်ကောင်စီရဲ့ စစ်ကြောင်းဝင်လာပြီး ဒေသခံတွေ ထွက်ပြေးနေရ
ခုရက်ပိုင်းတွေမှာ စစ်ကိုင်းတိုင်း ခင်ဦး၊ တန့်ဆည်၊ မြင်းမူမြို့နယ်တွေက ကျေးရွာတွေ အများအပြားကို စစ်ကောင်စီရဲ့ စစ်ကြောင်းဝင်ရောက်နေတာကြောင့် ဒေသခံ ထောင်သောင်းချီပြီး နေအိမ်တွေကို စွန့်ခွာထွက်ပြေးနေကြရတဲ့ သတင်းတွေ ဖေါ်ပြနေကြတာ ဖြစ်ပါတယ်။
ခင်ဦးမြို့နယ်မှာ ကျေးရွာ ၈ ရွာက ဒေသခံ သောင်းဂဏန်း၊ တန့်ဆည်မြို့နယ်မှာလည်း ကျေးရွာ ၁၉ ရွာက ဒေသခံ တသောင်းကျော် နေအိမ်တွေကို စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေရသလို မြင်းမူမြို့နယ်နဲ့ အရာတော်မြို့နယ်မှာလည်း ကျေးရွာတွေကို ဝင်ရောက်ပြီး ဆေးရုံ၊ စာသင်ကျောင်းတွေကို မီးရှို့ဖျက်ဆီးခဲ့တယ် ဆိုတဲ့ သတင်းတွေ ဖေါ်ပြထားကြတာ တွေ့ရပါတယ်။
ဖေဖော်ဝါရီလဆန်း စစ်ကောင်စီ သက်တမ်း ၆ လ တိုးအပြီး စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပြီးနောက် စစ်ကောင်စီဘက်က စစ်ကိုင်းတိုင်းထဲက PDF တွေ အခြေစိုက်တယ်လို့ ယူဆတဲ့ ကျေးရွာတွေကို စစ်ကြောင်းဝင်တာ၊ နေအိမ်၊ ဘုန်းကြီးကျောင်း စတာတွေကို မီးရှို့ဖျက်ဆီးတာ ဆက်တိုက်ဆိုသလို ဖြစ်ပွားလာနေတာ သတိပြုမိပါတယ်။
စစ်ကောင်စီအနေနဲ့ စစ်ကိုင်းတိုင်းမှာရှိတဲ့ PDF အဖွဲ့တွေ ဝင်ရောက်နေထိုင်ကြတဲ့ အခြေစိုက်ကြတဲ့ သတင်းမျိုးကြားသိရတာနဲ့ အဲဒီလို ကျေးရွာတွေကို ဝင်ရောက်ကာ အဆောက်အဦတွေ မီးရှို့ဖျက်ဆီးတာ ၊ သံသယရှိသူတွေကို ဖမ်းဆီးကာ နှိပ်စက်ညှဉ်းပန်းတာ ၊ သတ်ဖြတ်တာတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တနှစ်ခွဲကျော်ကာလအတွင်း စစ်ကောင်စီအနေနဲ့ စစ်ကိုင်းတိုင်းအတွင်းမှာ ရာဂဏန်း သို့မဟုတ် ထောင်ဂဏန်းအထိ ရှိတဲ့ သတ်ဖြတ်မှုတွေ၊ ထောင်သောင်းချီတဲ့ နေအိမ် တွေမီးတင်ရှို့ဖျက်ဆီးမှုတွေ၊ ရာနဲ့ချီတဲ့ နှိပ်စက်ညှင်းပန်းမှုတွေ ကျူးလွန်ခဲ့တာတွေ့ရပါတယ်။ စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင် အသက်မွေးကြတဲ့ စစ်ကိုင်းတိုင်း တခုလုံးက ကျေးရွာတွေက ကျေးရွာသူ/ သားတွေ အနေနဲ့ ဖြစ်ပေါ်နေတဲ့ အခြေအနေအောက်မှာ ဆက်လက်အသက်ရှင် ကျန်ရစ်ဖို့ တစတစ ပိုခက်ခဲလာတဲ့ အခြေအနေမျိုး ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။ အသက်ဘေးအန္တရာယ်အတွက် နေအိမ်ကို စွန့်ခွာထွက်ပြေးချိန်မှာ နေအိမ်တွေကို မီးတိုက်လိုက်တာမျိုးလည်း ကြုံတွေ့ နေကြရတာ ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ နေထိုင်လာတဲ့ အိမ်ကို မီးတင်ရှို့တဲ့အခါ နေအိမ်တင်မကပဲ စိုက်ပျိုးရိတ်သိမ်းပြီး ဝမ်းစာအတွက်ချန်ထားတဲ့ စပါးတွေကိုပါ မီးထဲပါသွားလေ့ရှိလို့ ဒီဒေသက ဒေသခံတွေအဖို့ ဘဝမှာ အဆိုးဆုံး အခြေအနေ အတွေ့အကြုံတွေကို တွေ့ကြုံနေကြရတာ ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းက အရပ်သား သတ်ဖြတ်ခံရမှုသတင်းတွေ၊ နေအိမ်ဖျက်ဆီးခံရတဲ့သတင်းတွေက ရိုးနေတဲ့ သတင်းတွေလို ဖြစ်လာနေပေမယ့် နေ့စဥ် နဲ့အမျှ ဖြစ်ပွားနေဆဲ အဖြစ်အပျက်တွေ ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းက မြို့နယ်တွေမှာရှိတဲ့ ကျေးရွာတွေ မြို့တွေမှာ နေထိုင်ကြတဲ့ ဒေသခံတွေကို စစ်ကောင်စီတပ်က PDF တွေကို ထောက်ခံမှုနဲ့ တန်ဖိုးကြီးကြီး ပေးဆပ်ခိုင်းနေပြီး စစ်ကောင်စီရဲ့ ဒီနည်းပရိယာယ်က ၄င်းတို့အတွက် အောင်မြင်မှုမရှိတဲ့ အဖြစ်၊ နာကျည်းစရာပိုမို အရှိန်မြင့်လာပြီး ခုခံစစ်ထဲ နွေဦးတော်လှန်ရေးထဲ ပိုမိုပါဝင်လာတာ ပိုင်းဖြတ်မှုနဲ့ ပိုပြီးပါဝင်လာတဲ့ ရလဒ်လည်း ထွက်ပေါ်နိုင်တာကို စစ်ကောင်စီဘက်က သတိမပြုမိတဲ့ သဘောလည်း ဖြစ်နေတာ ဖြစ်ပါတယ်။
မတရားမှု မသက်ဆိုင်တဲ့ သူတွေ၊ အရပ်သားတွေ အပြစ်မဲ့သူတွေကို ဝိုင်းကြီးချုပ်သဖွယ် ဒဏ်ခတ်ခြင်း စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းက စစ်ကောင်စီအဖို့ အရှုံးအတွက် အလောင်းအစားရလဒ် ထွက်စေမှာလည်း ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar