ကိုအောင်မှိုင်း - နွေဦး ရနံ့
ကိုအောင်မှိုင်း - နွေဦး ရနံ့
(မိုးမခ) ဖေဖော်ဝါရီ ၂၇၊ ၂၀၂၃
ပန်းတပွင့်နဲ့
ပန်းရနံ့ကြား
ကူလူးဆက်ဆံမှုဟာ
သိမ်မွေ့တဲ့ အိပ်မက်တွေ ကိုယ်စီနဲ့။
အနာဂတ်နဲ့
ပစ္စုပ္ပန်ကြား
ပေါင်းစည်းဆက်သွယ်မှုဟာ
မိန်းမချောတယောက်ရဲ့ အလှနဲ့တူရဲ့။
မိုးခြိမ်းသံကို
ကြောက်တတ်တဲ့
အရူးတယောက်က
သူ့ခေတ်ကြီးကို တိုင်းတာကြည့်နေခဲ့။
တချို့က
သူပုန်ထ
တချို့က
လက်နက်ချ
အားလုံးကတော့
သူရဲကောင်းတွေလို့ ပြောကြ။
နေဝင်တာနဲ့
နေထွက်တာကြား
ကွာခြားသလို
အားလုံးကတော့
သူရဲကောင်းမဖြစ်နိုင်
ဂီတသံစဥ်တွေဟာ မြစ်တစင်းဘဲ။
သားချော့တေး
ဆိုနေတဲ့အမေ
လက်တဖက်ကဓား
မုန်တိုင်းတွေကြား
ထိုးခွဲမဲ့ဓားဆိုတာ ယုံကြည်ချက်။
ညအမှောင်မှာ
ခွန်အားနဲ့သတ္တိရှိပြီး
အလင်းရောင်ဟာ
သစ္စာဖြစ်တဲ့အခါ
နှင်းတွေ ရည်ပျော်ကြ
ငှက်တွေ တေးဆိုကြ
အိပ်မက်ဆိုးတွေ လွင့်စဉ်
မိုးကောင်းကင်ဟာ ကြည်လင်ခဲ့။
နွေဦးအလှဟာ ဂန္တဝင်ဆန်တယ်
နွေဦးအသံဟာ အလွမ်းဆန်တယ်
နွေဦးရနံ့ဟာ တောတောင်ဆန်တယ်။
ကြေကွဲမှု
နာကျည်းမှု
ဆုံးရှုံးမှုတွေဟာ
လွမ်းဆွတ်စရာတွေ
ကြွေနေပေမဲ့ ဝေနေကြတယ်
ဝေနေပေမဲ့ တမ်းတမ်းတတ
နွေးဦးရနံ့က မာန်ဟုန်ထ။